NSCN-K နှစ်ဖွဲ့ပူးပေါင်းရေး ကမ်းလှမ်းလာခြင်းမရှိဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လှုပ်ရှားနေတဲ့  NSCN-K (အန်းမိုင်းနှင့် NSCN-K (ယုန်းအောင်အဖွဲ့တို့ ပြန်လည်ပေါင်းစည်းရန် ကမ်းလှမ်းလာခြင်းမျိုး မရှိသေးကြောင်း NSCN-K (ယုန်းအောင်ဘက်က ပြောပါတယ်။

NSCN-K (ယုန်းအောင်အဖွဲ့မှ ခွဲထွက်ပြီး သီးခြားလက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်နေတဲ့ NSCN-K (အန်းမိုင်းအဖွဲ့က မိခင်အဖွဲ့အစည်းဖြစ်တဲ့ NSCN-K (ယုန်းအောင်နှင့် ပြန်လည်ပေါင်းစည်းဖို့ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားကြောင်း ပြည်တွင်းသတင်းဌာနတစ်ချို့မှာ ဖော်ပြနေကြပါတယ်။

သို့သော် ယနေ့အချိန်အထိ NSCN-K (အန်းမိုင်းဘက်မှ တရားဝင်ပူးပေါင်းရန် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း NSCN-K (ယုန်းအောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

သူတို့က မီဒီယာမှာ ဝါဒဖြန့်နေတာပါ။ အခုချိန်ထိ တွေ့ဆုံဆွေးနွေးဖို့ တရားဝင်ကမ်းလှမ်းလာတာ မရှိသေးဘူး လို့ သူက ပြောပါတယ်။

လက်ရှိ ပြည်တွင်းသတင်းဌာနတစ်ချို့မှာ ပျံ့နှံ့နေတဲ့သတင်းအရ “NSCN-K (အန်းမိုင်းအဖွဲ့က NSCN-K (ယုန်းအောင်အဖွဲ့နှင့် ပူးပေါင်းလိုကြောင်း တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားကြောင်း ” ဖော်ပြချက်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း NSCN-K (ယုန်းအောင်ဘက်က ဆိုထားပါတယ်။

NSCN-K (အန်းမိုင်းအဖွဲ့ဘက်မှ ယခုလို ဖော်ပြနေခြင်း ရည်ရွယ်ချက်ကိုလည်း အဆိုပါတာဝန်ရှိသူက ယခုလို သုံးသပ်ပါတယ်။

အဓိကကတော့ လူထုနဲ့ စစ်ကောင်စီဆီက ယုံကြည်မှုရချင်တာပါ။ စစ်ကောင်စီဘက်ကလည်း ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ်ဆိုရင် NSCN-K ပါမှလို့ ပြောထားတာရှိတယ်။ ဦးအန်းမိုင်းတို့က NSCN-K ရဲ့ ခွဲထွက်အဖွဲ့ ဖြစ်နေလို့ပါလို့ သူက ပြောပါတယ်။

NSCN-K အဖွဲ့နှစ်ဖွဲ့စလုံးဟာ စစ်ကောင်စီနှင့် NCA အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့များ ဖြစ်ပါတယ်။

ဒါကြောင့် NSCN-K (အန်းမိုင်းအဖွဲ့ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ၂၀၂၄ ခုနှစ်ကတည်းက ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ စစ်ကောင်စီနှင့် နားလည်မှုယူထားတဲ့ အခြေအနေဖြင့်သာ ဆက်လက်သွားနေကြောင်း သိရပါတယ်။

NSCN-K (အန်းမိုင်းအဖွဲ့ဘက်သို့ NSCN-K (ယုန်းအောင်အဖွဲ့နှင့် ပူးပေါင်းရန် တရားဝင်ကမ်းလှမ်းထားခြင်း ရှိ၊ မရှိ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ အဆိုပါ NSCN-K နှစ်ဖွဲ့ကြား နာဂဒေသအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

NSCN-K (အန်းမိုင်းအဖွဲ့ဟာ လဟယ်၊ လေရှီးဒေသတွေမှာ အဓိကလှုပ်ရှားနေပြီး NSCN-K (ယုန်းအောင်အဖွဲ့ကတော့ လေရှီး၊ လဟယ်အပြင် နန်းယွန်း၊ ပန်ဆောင် စသည့် နာဂဒေသတစ်ခုလုံးတွင် လှုပ်ရှားသွားလာနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

NSCN-K ကို နာဂခေါင်းဆောင် ဦးခပ္ပလန်က တည်ထောင်ခဲ့ပြီး အိန္ဒိယမြန်မာ နယ်စပ် နာဂဒေသများအတွင်း အဓိက လှုပ်ရှားခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်ပါတယ်။ 

သို့သော် ဦးခပ္ပလန် ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီးနောက် NSCN-K အတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပါတယ်။

ထို့နောက် NSCN-K ဥက္ကဋ္ဌအဖြစ် ဒုတိယခေါင်းဆောင် ဦးခမ်းငေါ်ကို တင်မြှောက်ခဲ့သော်လည်း မကြာခင် ဖြုတ်ချခံလိုက်ရပြီး ဦးယုန်းအောင်က ဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်။ 

ယင်းနောက် NSCN-K ဒုဗိုလ်ချုပ်ဖြစ်တဲ့ အန်းမိုင်းက ၂၀၂၃ ခုနှစ် ဇွန်လမှာ ဦးယုန်းအောင် ဦးဆောင်တဲ့ အဖွဲ့မှ ခွဲထွက်ကာ သီးခြားအဖွဲ့အဖြစ် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button