မီတာယူနစ်အဆမတန်တက်နေတဲ့အတွက် အဆင်မပြေမှုတွေကြုံတွေ့နေရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီတာယူနစ်တွေ အဆမတန် မြင့်တက်လာတာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့လက မီတာဆောင်ခဲ့သူတွေရဲ့ ပြောပြချက်အရ မီတာယူနစ်တွေ အရမ်းတက်လာတာကြောင့် ပေးဆောင်ရတဲ့ မီတာကြေးတွေဟာ အရင်လတွေထက် တစ်သောင်းဝန်းကျင်ကနေ ၈သောင်းဝန်းကျင်အထိ မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မီတာယူနစ်တက်လာတာနဲ့ ပတ်သက်ပြီး မီတာဖတ်တဲ့သူတွေဘက်ကတော့ ရှေ့လတွေတုန်းက မီတာဖတ်တဲ့အချိန် အိမ်ရှင်မရှိတဲ့အတွက် နှစ်လစာ မီတာယူနစ်တွေကို ပေါင်းတွက်ပေးလိုက်တာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အိမ်ရှင်တွေဘက်ကတော့ အိမ်မှာ လူအမြဲရှိသလို လျှပ်စစ်မီးလာချိန်ကလည်း တစ်နေ့ကို လေးငါးနာရီသာရှိတာကြောင့် လျှပ်စစ်မီးသုံးစွဲမှုလည်း နည်းတယ်လို့ အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

ကျွန်မလည်း ပြန်ပြောတာပေါ့။ ၈သောင်းက အရမ်းများတယ်၊ မီတာလည်း လတိုင်းဖတ်နေတယ်လို့ ပြောပြီး ဒီလက ဘာလို့ ဒီလောက်ထိ များနေလဲ၊ ပြန်ပြင်ပေးဖို့ ပြောတာပေါ့။ သူတို့ဘက်ကတော့ အခု ၂၅ ရက်လည်း ကျော်သွားပြီဖြစ်တဲ့အတွက် ပြင်လို့မရတော့ဘူး၊ ဒီလတော့ ဆောင်လိုက်တော့လို့ ပြန်ပြောလာတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တချို့နေအိမ်တွေကလည်း လတိုင်း ၂သောင်းကျော်သာဆောင်ရပေမယ့် အရင်လမှာတော့  ၅သိန်းအထိ မြင့်တက်သွားတာကြုံတွေ့နေရတယ်လို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာတွေကိုလည်း တွေ့ရပါတယ်။

လက်ရှိ မီတာခနှုန်းထားမှာ  ယူနစ်ကနေ ၅၀ ယူနစ်အထိကို ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိကို ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိကို ၁၅၀ ကျပ်နဲ့ ၂၀၁ ယူနစ်အထက်ကိုတော့ တစ်ယူနစ်လျှင် ၃၀၀ ကျပ်နှုန်းနဲ့ တွက်ချက်ပေးနေတာ ဖြစ်ပါတယ်။

ဥပမာ ဒီလအတွက် လျှပ်စစ်မီးသုံးစွဲမှု ၂၀၄ ယူနစ်ရှိခဲ့တယ်ဆိုရင် ၂၀၁ ယူနစ်ကျော်သွားတဲ့အတွက် တစ်ယူနစ် ၃၀၀ ကျပ်နှုန်းနဲ့ ၂၀၄ ယူနစ်လုံးကို တွက်ချက်ကာ ၆၁,၂၀၀ ကျပ် ပေးဆောင်ရတာမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် သာမန်လက်လုပ်လက်စားတွေ အနေနဲ့ တစ်လကို ကျပ် ၂သိန်း၊ ၃သိန်းဝန်းကျင်သာ ဝင်ငွေရှိတဲ့အတွက် ဒီလောက်များတဲ့ မီတာကြေးကို ပေးဆောင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အခုလို မီတာယူနစ်တွေ အဆမတန် တက်လာတဲ့အခြေအနေနဲ့ ပတ်သက်ပြီး လျှပ်စစ်မီးပြုပြင်ရေးလုပ်ငန်းမှာ လုပ်သက် ၁၅ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ဦးကလည်း အခုလို သုံးသပ်ပါတယ်။

မီးက လာလိုက်မလာလိုက်ဆိုရင် မီးလာတဲ့အချိန် အားလုံးဝိုင်းသုံးကြတော့ မီတာက ပိုအလုပ်လုပ်တယ်။ မီးပုံမှန်လာနေရင်တော့ မီးကို ပုံမှန်သုံးကြတာဆိုတော့ မီတာအဲလောက် မတက်ဘူးလို့ ဆိုပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့မှာလည်း လျှပ်စစ်မီးက တစ်နေ့ကို  နာရီဝန်းကျင်သာလာပြီး မီးအားနည်းတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလအတွင်း ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံရှိ ဓာတ်အားပေးစက်တွေကို ပြုပြင်

ထိန်းသိမ်းဖို့အတွက်ဆိုပြီး ဧပြီ ၁၈ ရက်ကစတင်ကာ နှစ်ပတ်ဝန်းကျင် လျှပ်စစ်မီးပြတ်တောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တချို့အိမ်တွေမှာတော့ မီတာယူနစ်တွေ အဆမတန်တက်ပြီး မီတာကြေးအများအပြား ပေးဆောင်နေရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် မြစ်ကြီးနားမြို့ခံပြည်သူတွေက ဘူးဂါးလျှပ်စစ်ရုံး တာဝန်ရှိသူတွေကို မီတာယူနစ်တွေကို မှန်မှန်ကန်ကန် ဖတ်ရှုပြီး သေချာဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားကြပါတယ်။

By – Hope

Show More

Leave a Reply

Back to top button