တိုက်ပွဲငြိမ်နေလို့ မန္တလေး–မြစ်ကြီးနားလမ်းကို ခရီးသွားတွေ ပြန်သုံးလာ
မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ရက်ပိုင်းကြာပိတ်မိနေခဲ့တဲ့ ကားတန်းတချို့ကို အခုရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လွှတ်ပေးလာနေပြီး ခရီးသွားတချို့လည်း ဒီလမ်းပိုင်းကို ပြန်အသုံးပြုလာနေကြတယ်လို့ ကားသမားတွေက ပြောပါတယ်။
ဒါပေမယ့် လမ်းတစ်လျှောက် တိုက်ပွဲအခြေအနေ လုံးဝငြိမ်သက်သွားတာမျိုး မဟုတ်သေးဘဲ လုံခြုံရေးအခြေအနေကတော့ စိုးရိမ်စရာ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မေလ ၂၉ ရက် ဒီနေ့အထိလည်း လမ်းပိုင်းမှာ ကားတွေ ဆက်လက်သွားလာနေကြပြီး လက်ရှိအခြေအနေက တိုက်ပွဲတွေ ခေတ္တငြိမ်နေတဲ့ အနေအထားသာ ဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနား ခရီးစဉ်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။
“သိတာတစ်ခုကတော့ တိုက်ပွဲငြိမ်နေတယ်။ ဒီကလွှတ်တဲ့ကားတွေ လမ်းကြောင်းမှာတော့ ရောက်သွားကြတယ်။ လမ်းမှာ မရပ်ရဘူးပေါ့။ အဲ့လောက်ပဲ သိရသေးတယ်။ လောလောဆယ်တော့ ငြိမ်နေတာပဲ ရှိသေးတာပါ။ မဖြစ်မနေ သွားရမယ့်သူတွေကတော့ သွားလို့ရပါတယ်”
ဒါပေမယ့် အပန်းဖြေခရီးသွားတာမျိုးတော့ ဒီလမ်းကို မသုံးသင့်သေးဘူး။ အခုလည်း မသွားသင့်သေးပါဘူး။ အလုပ်ကိစ္စ၊ ကျောင်းကိစ္စလို မဖြစ်မနေကိစ္စတွေလောက်ပဲ သွားတာ အဆင်ပြေပါတယ်” လို့ သူက ပြောပါတယ်။
ကားသမားတွေရဲ့ ပြောဆိုချက်အရ လက်ရှိမှာ ယာဉ်တွေကို ဆက်တိုက်ရပ်နားစရာမလိုဘဲ ဖြတ်သန်းခွင့်ပြုနေပြီး တိုက်ပွဲအခြေအနေပေါ် မူတည်ကာ သွားလာခွင့်အပြောင်းအလဲတွေ ဆက်ရှိနိုင်သေးတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နောက်ပိုင်းကစပြီး ကသာ၊ အင်းတော်၊ မော်လူး၊ မော်ဟန်နဲ့ နန့်စီးအောင်တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာကြောင့် မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို ဦးတည်လာတဲ့ ခရီးသည်တင်
ယာဉ်တွေနဲ့ ကုန်တင်ယာဉ် ရာနဲ့ချီဟာ ထီးချိုင့်–ကသာလမ်းပိုင်းနဲ့ ကသာမြို့တစ်ဝိုက်မှာ ရက်အတန်ကြာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် မေလ ၂၇ ရက်နေ့ကစပြီး လမ်းပိုင်းတချို့မှာ တိုက်ပွဲအခြေအနေ ယာယီငြိမ်သက်လာတာကြောင့် ပိတ်မိနေတဲ့ ယာဉ်တွေကို ၁၀ စီးစီ အုပ်စုလိုက် တဖြည်းဖြည်း ဖြတ်သန်းခွင့်ပေးလာခဲ့တာပါ။
လက်ရှိ မန္တလေး–မြစ်ကြီးနားလမ်းပိုင်း အခြေအနေနဲ့ပတ်သက်ပြီး KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ လုံခြုံရေးအရ သွားလာခွင့် ကန့်သတ်တာတွေ ရှိနိုင်ပေမယ့် ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တာမျိုး မရှိဘူးလို့ ပြောပါတယ်။
“တိုက်ပွဲဖြစ်ရင်တော့ သိတဲ့အတိုင်း လုံခြုံရေးဘက်က ကြည့်ပြီး မဖြတ်ခိုင်းတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း တိုက်ပွဲရှိရင် နားလည်ပေးဖို့ အရေးကြီးပါတယ်။ တိုက်ပွဲရှိရင် သွားရေးလာရေး အဆင်မပြေဘူးလေနော်။ ကျနော်တို့က ပြည်သူလူထုကို ပိတ်ဆို့တာမျိုး မရှိပါဘူး။ အဲ့ဒါကိုတော့ နားလည်ပေးဖို့ ပြောလိုပါတယ်” လို့ ဆိုပါတယ်။
မန္တလေး–မြစ်ကြီးနားလမ်းဟာ ကချင်ပြည်နယ်ကို မြန်မာပြည်အလယ်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ အဓိကကုန်းလမ်းကြောင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုနဲ့ လူအင်အားသွားလာရေးအတွက် အရေးပါတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။
စစ်တပ်ဘက်ကတော့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို စစ်အင်အားတွေ ဆက်တိုက် ဖြည့်တင်းလာခဲ့ရာကနေ ဧပြီလနဲ့ မေလအတွင်း အင်းတော်နဲ့ မော်လူးမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာလည်း လမ်းပိုင်းတစ်လျှောက်နဲ့ မြို့ပတ်ဝန်းကျင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောဆိုနေကြပါတယ်။
By – အမိုး




