ကားတိုက်ပြေးမှုဖြစ်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကားတိုက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
ဒီယာဉ်မတော်တဆမှုဟာ မေ ၃၀ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်လောက်က အေးစေတီရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။
ဖြစ်စဉ်မှာ ဆိုင်ကယ်နဲ့ အလုပ်ကပြန်လာတဲ့ အမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်မိပြီး ကြိတ်သွားတဲ့အထိ ဖြစ်ခဲ့တာကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့သလို ဘယ်ဘက်ခြေထောက်လည်း ဒူးအောက်ပိုင်း ပြတ်လုနီးပါးအထိ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
“သူက နှလုံးတောင် မခုန်တော့သလို ဖြစ်လာလို့ သေချာပြန်ကူညီပေးကြတော့မှ အသက်ပြန်ရှုလာတာ။ တော်တော်ဆိုးဆိုးရွားရွား ဖြစ်သွားတယ်။ ခြေထောက်က အထဲက အရိုးနုထွက်တဲ့အထိ ဖြစ်သွားတာ”လို့ သူက ဆိုပါတယ်။
တိုက်ပြေးသွားတဲ့ ကားကတော့ Crown ဒါမှမဟုတ် Mark II အမျိုးအစား ခဲရောင်ကား ဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားဟာ တခြားမြို့ကနေ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်မှာ လာရောက်နေထိုင်ရင်း စားဝတ်နေရေးအတွက် ပန်းရံအလုပ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိသားစုဝင်တွေလည်း မရှိဘဲတစ်ယောက်တည်း နေထိုင်နေရသူဖြစ်တာကြောင့် အခုလို ခြေထောက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားချိန်မှာ တိုက်ပြေးသွားသူအနေနဲ့ ဆေးကုသမှုအတွက် တာဝန်ယူပေးသင့်တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့က ကားစီးနိုင်တဲ့အထိ အဆင်ပြေနေတဲ့လူတွေ။ ဟိုဘက်ကတော့ ပန်းရံလုပ်ပြီး ရုန်းကန်နေရတဲ့လူလေ။ နည်းနည်းမှ ကိုယ်ချင်းစာစိတ် မရှိဘူးလား။ အစ်မအနေနဲ့တော့ မဖြစ်သင့်ဘူးပေါ့။ ပြန်ကြည့်စေချင်တာပါ”လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိသူကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့တုန်းကလည်း စံပြရပ်ကွက် နယူးလူကြီးမင်း ကားဝပ်ရှော့ဆိုင်ရှေ့မှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး လမ်းလျှောက်နေချိန် ဆိုင်ကယ်နဲ့ တိုက်ပြေးသွားတာကြောင့် ဦးနှောက်သွေးယိုစိမ့်ဒဏ်ရာ ရရှိခဲ့ပြီး မေ ၄ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ် ၃ ဦး ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
By – Hope




