ဗလမင်းထင်တံတားဂိတ်ကန့်သတ်မှုနဲ့လမ်းပိုင်းပိတ်ဆို့မှုကြား မြစ်ကြီးနားကုန်ဈေးနှုန်းမြင့်တက်
အောက်ပိုင်းဒေသတွေက ကုန်စည်ဝင်ရောက်မှု ခက်ခဲနေတဲ့ မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက် နေပြီး ဒေသထွက်ကုန်တချို့အစား တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အားထားအသုံးပြုနေရတယ်လို့ ဈေးသည် တွေက ပြောပါတယ်။
မြစ်ကြီးနားမြို့ကို အောက်ပိုင်းဒေသတွေကနေ ကုန်စည်တွေ ပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိတဲ့အပြင် တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ဝိုင်းမော်မြို့ဘက်ကနေ မြစ်ကြီးနားမြို့အတွင်း သယ်ယူရာမှာလည်း ဗလမင်းထင်တံတားဂိတ်က ဖြတ်သန်း ခွင့်ကန့်သတ်မှုတွေရှိနေတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျနေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ကုန်စည်လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေတဲ့ ဈေးသည်တစ်ဦးက ကုန်ပစ္စည်းတွေကို ကားနဲ့ သယ်ယူဖြတ်သန်းခွင့်မရတဲ့အခါ ဆိုင်ကယ်ကယ်ရီတွေနဲ့ တစ်ဖာချင်း သယ်ယူနေရပြီး ကြက်ဥတစ်ဖာကို ကယ်ရီခ ၅,၀၀၀ ကျပ်အထိ ပေးနေရတယ်လို့ ပြောပါတယ်။
“ဝိုင်းမော်မှာကတော့ ဈေးနှုန်းက သက်သာတယ်။ အဲ့တာက ဗလမင်းထင်တံတားက တန်ဆာခကြောင့် ကုန်ဈေးနှုန်းတက်တာ။ တချို့တွေက ကုန်တွေပေးမဖြတ်ဘူးဆိုရင် ဆိုင်ကယ်နဲ့ ကယ်ရီနဲ့သယ်ကြတာ ကြက်ဥတစ်ဖာကို ၅,၀၀၀ ပေးရတယ်တဲ့ ဆိုင်ကယ်ကယ်ရီသမားတွေကို”လို့ သူက ပြောပါတယ်။
တစ်ခါတစ်ရံ ကိုယ်ပိုင်ကားနဲ့ သယ်ယူခွင့်ရတဲ့အခါ ကုန်ပစ္စည်းဈေးနှုန်း သက်သာနိုင်ပေမဲ့ ဂိတ်က ဖြတ်သန်းခွင့်မပြုတဲ့အခါ ကုန်ပစ္စည်းအနည်းငယ်ကို ဆိုင်ကယ်ကယ်ရီတွေနဲ့ သယ်ယူနေရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အောက်ပိုင်းဒေသတွေကနေ ကားငယ်တွေနဲ့ ကုန်ပစ္စည်းသယ်ယူမယ်ဆိုရင်လည်း တစ်ပိဿာကို သယ်ယူပို့ဆောင်ရေးစရိတ် ၃,၀၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်အထိ ရှိနေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ တန်ဆာခမြင့်တက်မှုတွေကြောင့် ကုန်ဈေးနှုန်း တွေ ပိုမိုမြင့်တက်လာတာလို့ ဈေးသည်က ဆိုပါတယ်။
အဲ့ဒီအပြင် မြစ်ကြီးနားဈေးကွက်မှာ အောက်ပိုင်းဒေသထွက် ခရမ်းချဉ်သီးတွေဝင်ရောက်မှုမရှိတော့တာကြောင့် တရုတ်ခရမ်းချဉ် သီးကိုသာ အသုံးပြုနေရပြီး တစ်ပိဿာကို ၈,၀၀၀ ကျပ်အထိ ရောင်းချနေရပါတယ်။
လက်ရှိ မြစ်ကြီးနားမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေမှာ ကြက်သွန်နီတစ်ပိဿာကို ၂၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို လက်လီ ၁၁,၀၀၀ ကျပ်နဲ့ လက်ကား ၁၀,၀၀၀ ကျပ်ရှိနေပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက တင်သွင်းတဲ့ ဆီ ၃ ပိဿာပါ တစ်ဖာကို ၁၆၅,၀၀၀ ကျပ်၊ တရုတ်ကြက်ဥတစ်လုံးကို ၅၈၃ ကျပ်နဲ့ မြစ်ကြီးနားထွက် ကြက်ဥတစ်လုံးကို ၁,၀၀၀ ကျပ်အထိ ရှိနေတယ်လို့ သိရပါတယ်။
ဈေးနှုန်းစာရင်း

မှတ်ချက် – ဈေးနှုန်းများသည် မြစ်ကြီးနားမြို့ရှိ ဈေးသည်များ၏ ပြောကြားချက်အရ ဖော်ပြထားခြင်းဖြစ်သည်။
ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုဟာ မြစ်ကြီးနားမြို့တစ်ခုတည်းမှာ ဖြစ်ပေါ်နေတာမဟုတ်ဘဲ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာပါ ဈေးနှုန်းမြင့်တက်နေပြီး ဒီနှစ်အတွင်း ရေကြီးမှုတွေကြောင့် စိုက်ပျိုးထုတ်လုပ်မှု ပုံမှန်မရှိတာကလည်း ဈေးနှုန်းအပေါ် သက်ရောက်မှုရှိတယ်လို့ ဈေးသည်က ပြောပါတယ်။
“ကြက်သွန်နီဈေးနှုန်းကတော့ အောက်ဘက်ပိုင်းတွေမှာပါ ဈေးတက်တယ်တဲ့လေ။ မြန်မာပြည်အောက်ပိုင်းတွေမှာပါ ဈေးတက်တော့ ပြီးတော့ သိပ်လည်းမစိုက်ပျိုးနိုင်ဘူးထင်တယ်။ ဒီနှစ်က ရေကြီးတာနဲ့ဘာနဲ့ဆိုတော့ ပုံမှန်လိုမစိုက်ပျိုးနိုင်တော့ ဈေးတွေတက်တာတဲ့။ ကျမတို့တော့ တစ်ပိဿာကို ၂ သောင်းရောင်းတယ်”လို့ သူက ပြောပါတယ်။
အခုလို အောက်ပိုင်းဒေသတွေက ကုန်စည်ဝင်ရောက်မှုခက်ခဲနေချိန်မှာ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့နေမှုကလည်း ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုအပေါ် ထပ်မံသက်ရောက်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ မန္တလေးဘက်ကနေ ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ စစ်တပ်ယာဉ်တန်းတွေ ဖြတ်သန်းလာပြီးနောက် လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို လမ်းပိုင်းတစ်လျှောက် ခရီးသည်တင်ကား တွေနဲ့ ကုန်တင်ကားတွေ သွားလာနိုင်ခြင်းမရှိဘဲ ပိတ်မိနေခဲ့ပါတယ်။
လက်ရှိမှာ မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကိုတက်လာတဲ့ ကားတွေကို ကသာမြို့မှာ ရပ်နားထားရပြီး မြစ်ကြီးနားဘက်က နေ ဆင်းလာတဲ့ ကားတွေကလည်း နန့်စီးအောင်နဲ့ ပေကောင်ကျေးရွာတွေဘက်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
လမ်းမကြီးအပြင် အရှေ့ဘက်နဲ့ အနောက်ဘက်ကို ဆက်သွယ်ထားတဲ့ လမ်းခွဲတွေမှာပါ သွားလာရေးအခက်အခဲတွေရှိ နေတာ ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်လုနီးပါးဖြစ်နေပြီး ခရီးဆက်လိုသူတွေဟာ ကသာမြို့ကနေ ဆိုင်ကယ်ကယ်ရီ တွေကို အသုံးပြုကာ တောလမ်းတွေကနေ သွားလာနေရပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေမှုဟာ ဝင်ငွေနည်းပါးတဲ့ လက်လုပ်လက်စားပြည်သူတွေအတွက် ပိုမိုကျပ်တည်း စေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
By – အမိုး




