ပူတာအိုမြို့လယ်က နာမ့်ထွမ်ချောင်းမှာ ရွှေခိုးတူးနေဟုဆို
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်ကို ဖြတ်သန်းစီးဆင်းနေတဲ့ နာမ့်ထွမ်ချောင်းမှာ လုပ်ငန်းရှင်တချို့က ညဘက်တွေမှာ ရွှေခိုးတူးဖော်နေကြတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။
ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နဲ့ လုံးစွတ်ရပ်ကွက်ကြားက နာမ့်ထွမ်ချောင်းအထက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကစပြီး ရွှေတူးဖော်နေကြတာလို့ အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ဒီအပတ်နဲ့ဆို ၂ ပတ်ရှိပြီ။ နာမ့်ထွမ်ချောင်းအထက်ဘက်မှာ တူးနေတာ။ နေ့ခင်းတော့ မတူးဘူး။ လူတွေသိမှာစိုးလို့ထင်တယ်၊ ညဘက်ခိုးတူးတာ။ ရေတွေလည်း အရမ်းနောက်တယ်။ စက်သံတော့ မကြားရဘူး။ ချောင်းအထက်မှာ ဘတ်ဖိုး ၃ စီးနဲ့ တူးနေတယ်။ အထက်မှာ ထပ်ရှိရင်လည်း ရှိဦးမယ်”လို့ သူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ လက်ရှိမှာ ဘတ်ဖိုးစက် ၃ စီးထက်မနည်းနဲ့ ပါအင်ကျေးရွာအထက်ဘက်မှာ ရွှေတူးဖော်နေကြပြီး အဲဒီနေရာဟာ ပူတာအိုမြို့အခြေစိုက် ခလရ ၄၆ တပ်နဲ့လည်း နီးတယ်လို့ သိရပါတယ်။
နာမ့်ထွမ်ချောင်းဟာ လုံးစွတ်၊ ကောင်ကထောင်၊ လေယာဉ်ကွင်းနဲ့ မြို့မရပ်ကွက်တွေက ပြည်သူတွေ ရေချိုး၊ အဝတ်လျှော်နဲ့ သုံးရေအဖြစ် အသုံးပြုနေတဲ့ ချောင်းဖြစ်ပါတယ်။
လက်ရှိ ရွှေတူးဖော်မှုကြောင့် ချောင်းရေတွေ နောက်ကျိနေပြီး မနက်ပိုင်းမှာ သုံးရေအဖြစ် အသုံးပြုဖို့ အခက်အခဲရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“နာမ့်ထွမ်ချောင်းက ကျွန်တော်တို့ ရေချိုး၊ အဝတ်လျှော်ဖို့ အဓိကသုံးတဲ့ချောင်းပါ။ ဒီကာလက ရေခမ်းတော့ အဲဒီချောင်းမှာပဲ ရေချိုးကြတာများတယ်။ အခု အထက်မှာ ရွှေတူးနေတော့ သုံးလို့မရဘူး။ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်အထိ ရေက ကော်ဖီရောင်လို နောက်ကျိနေတယ်။ နေ့လယ် ၁ နာရီနောက်ပိုင်းမှ ရေကြည်လာတယ်။ တစ်ညလုံး ရွှေတူးတော့ မနက်ပိုင်းဆို ရေက နောက်ကျိနေတာပဲ” လို့ အခြားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နာမ့်ထွမ်ချောင်းဟာ ပူတာအိုမြို့နယ်တစ်ခုလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံရဲ့ ရေကာတာ တည်ဆောက်ထားတဲ့ ချောင်းလည်း ဖြစ်ပါတယ်။
ရွှေတူးဖော်နေတဲ့ နေရာအောက်ဘက်မှာ လုံးစွတ်၊ ကောင်ကထောင်၊ ပန်းလှိုင်၊ အောက်ချိုင့်နဲ့ မြို့မရပ်ကွက်တွေအပြင် ဆန်ခေါင်၊ အောက်ပါအင်အပါအဝင် ကျေးရွာ ၅ ရွာက စပါးစိုက်ခင်း ဧကထောင်ချီရှိတာကြောင့် ချောင်းရေညစ်ညမ်းလာရင် လာမယ့်နှစ် စိုက်ပျိုးရေးအတွက်ပါ ထိခိုက်လာနိုင်တယ်လို့ ဒေသခံံံတွေက စိုးရိမ်နေကြပါတယ်။
“သက်ဆိုင်ရာက အမြန်ဆုံး စိစစ်ပြီး ရပ်ခိုင်းသင့်တယ်။ မဟုတ်ရင် အောက်ဘက်က လယ်ကွင်းတွေအတွက် လာမယ့်နှစ် မလွယ်ဘူး။ အောက်ဘက်မှာ လယ်ဧက ထောင်ချီရှိတယ်။ နာမ့်ထွမ်ချောင်းရေကိုပဲ သုံးပြီး စိုက်ပျိုးစားသောက်ကြတာ။ မနှစ်ကလည်း အဲဒီမှာ တူးလို့ နားခိုင်းခဲ့ရတယ်။ အခု ထပ်တူးပြန်ပြီ” လို့ ဒေသခံအမျိုသားတစ်ဦးက ပြောပါတယ်။
ပူတာအိုဒေသမှာ ၂၀၂၃ ခုနှစ်လောက်ကစပြီး စက်ယန္တရားအသေးစားတွေနဲ့ ရွှေတူးဖော်မှုတွေ ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာတော့ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ရပ်ကွက်၊ ကျေးရွာ၊ လယ်ယာမြေနဲ့ မြစ်ချောင်းတွေမှာပါ တူးဖော်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ပူတာအိုအပြင် တနိုင်း၊ မြစ်ကြီးနား၊ မိုးညှင်း၊ ရွှေကူနဲ့ မံစီမြို့နယ်တွေမှာလည်း ရွှေတူးဖော်မှုတွေ ပိုများလာတယ်လို့ သိရပါတယ်။
အထူးသဖြင့် ပူတာအိုဒေသမှာ လယ်ယာမြေတွေနဲ့ မြစ်ချောင်းတွေ ထိခိုက်ပျက်စီးတဲ့အထိ ရွှေတူးဖော်မှုတွေ ရှိလာတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် လက်ရှိ နမ်ထွမ်ချောင်းရွှေတူးဖော်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပူတာအိုဒေသအုပ်ချုပ်ရေးအဖွဲ့ဆီကို KNG က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဖုန်း၊အင်တာနက်လိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့မရသေးတာလည်းဖြစ်ပါတယ်။
By – Zaw Zaw




