လက်လွှတ်နယ်မြေပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေတယ်လို့ဆို

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ဝေလုံ၊ ချောင်းဝနဲ့ ညောင်ပင်ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ဇူလိုင် ၂ ရက်ကစတင်ကာ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဓိကတော့ အင်းတော်ကြီးဝှေခါ လမ်းပိုင်းကို ပြန်ထိန်းချုပ်ချင်ပုံရတယ်။ အဲဒီလမ်းပိုင်းက အင်းတော်ကြီးဒေသတစ်ခုလုံးအတွက် အရေးကြီးတဲ့လမ်းကြောင်းပါ။ အဲဒါကြောင့် အခု KIA ဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာပဲလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်၊ SNA နဲ့ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးဒေသ လုံးတုံ၊ မိုင်းနောင်အနောက်ဘက်ခြမ်းရှိ KIA တပ်ရင်း (၂၆) ဘက်ကို ဇူလိုင် ၂ ရက် မနက်ပိုင်းကတည်းက ထိုးစစ်ဆင်လာခဲ့ပြီး မနေ့ကအထိ နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မိုင်းနောင်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

စစချင်း စစ်ကြောင်းထိုးတာက SNA ဘက်က စထိုးတာပါ။ ဇူလိုင် ၃ ရက် မနက်ပိုင်းကတည်းက တိုက်ပွဲစဖြစ်တာ။ အခုတော့ တုံးလုံ၊ မိုင်းနောင်၊ မမုံကိုင်ကြားမှာ ဖြစ်နေတာ။ မနေ့ကအထိတော့ အရမ်းပြင်းထန်တာမျိုး မဟုတ်ဘူး။ ဖြစ်လိုက်၊ နားလိုက်၊ ခဏကြာရင် ပြန်ဖြစ်လိုက်နဲ့ပဲလို့ သူက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လုံးတုံ၊ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ လုံးတုံကျေးရွာဘက်ကနေ ထွက်ခွာလာပြီး KIA တပ်ရင်း (၂၆) ဘက်ကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

PSA

လက်ရှိမှာ နှစ်ဖက်စလုံးက အပြန်အလှန် ထိုးစစ်ဆင်နေကြတာကြောင့် မိုင်းနောင်၊ လုံးတုံနဲ့ မမုံကိုင်ကျေးရွာအနောက်ဘက် တောထဲမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ လေးရက်ခန့် ရှိလာပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ မြေပြင်ထိုးစစ်အပြင် လုံးတုံအထိုင်တပ်ကနေ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာနိုင်တဲ့ ကုန်းမန၊ နန့်မီးလောင်နဲ့ နန့်ပတဲ ကျေးရွာဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသကို ဖြတ်သန်းထားတဲ့ မိုးညှင်းအင်းတော်ကြီးဝှေခါ ကားလမ်းဟာ ဖားကန့်ဒေသကို ဝင်ရောက်နိုင်တဲ့ ဒုတိယလမ်းကြောင်းဖြစ်သလို အင်းတော်ကြီးဒေသရဲ့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းလည်း ဖြစ်ပါတယ်။

မိုးညှင်းအင်းတော်ကြီးဝှေခါ လမ်းပိုင်းကို ၂၀၂၄ ခုနှစ် မတိုင်မီအထိ စစ်ကောင်စီတပ်က ထိန်းချုပ်ထားခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လမှာ KIA ပူးပေါင်းတပ်တွေက အင်းတော်ကြီးနဲ့ ဝှေခါကြား လမ်းပိုင်းကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေက အင်းတော်ကြီးဝှေခါ လမ်းပိုင်းအပြင် ညောင်ပင်၊ ချောင်းဝနဲ့ ဝေလုံဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်ကတည်း အင်းတော်ကြီးဒေသအတွင်း KIA၊ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် လုံးတုံ၊ မိုင်းနောင်၊ မမုံကိုင်၊ နန့်မွန်းအပါအဝင် ကျေးရွာအများအပြားက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button