ဆားမှော်ကျေးရွာမှာ ကလေးငယ်သုံးဦး နဲ့ ဘာသာရေးဆရာတစ်ဦးအပါအဝင် လူ ၃၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ခံရ
ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာမှာ ကလေးငယ် ၃ ဦး၊ ခရစ်ယာန်ဘာသာရေး သင်းအုပ်ဆရာတစ်ဦး အပါအဝင် လူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီ လက်အောက် ပြည်သူ့စစ် တပ်ဖွဲ့က ယနေ့ ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၈ ရက်၊ ယနေ့ ညနေပိုင်း ၅နာရီဝန်းကျင်အချိန် ပြည်သူ့စစ်အဖွဲ့က ကားနှစ်စီး၊ လူအင်အား ၃၀ ဝန်းကျင် နဲ့ ဆားမှော် KBC ဘုရားကျောင်းထဲကို ဝင်ရောက်လာပြီး အရပ်သား ၃၀ ဝန်းကျင်ကို ဖမ်းဆီး ရိုက်နက် ခေါ်ဆောင်သွားတယ်လို့ ဆားမှော်ဒေသခံ တစ်ဦးက KNG ကို ပြောပြပါတယ်။
“ဘုရားကျောင်းက ဆောက်လုပ်ရေးတာဝန်ခံကို ခေါင်းတွေရိုက်ပြီး တချို့သူတွေကိုက သေနတ်နဲ့ ချိန်ထားတာတဲ့။ ပြီးတော့ အဲဘေးနားက စက်ဘီးစီးနေတဲ့ သူတွေကိုတောင် ဖမ်းသွားတာ ဆိုတော့ အကုန်ကြောက်ကုန်ကြတာပေါ့” လို့ ဆိုပါတယ်။

ဖမ်းဆီးခံ ခဲ့ရသူတွေမှာ ဆားမှော် ခရစ်ယာန်ဘုရားကျောင် သင်းအုပ်ဆရာ နဲ့ ဆောက်လုပ်ရေးတာဝန်ခံ ၊ အသက် ၅နှစ်၊ ၇နှစ်အရွယ် ကလေး ၂ ဦး၊ အစာရှောင် ဆုတောင်းနေတဲ့ အမျိုးသမီး ၆ ဦး အပါအဝင်၊ ဘုရားကျောင်းဝန်းထဲ ခြင်းလုံး ဆော့ကစားနေတဲ့ ကျောင်းသားလူငယ်တချို့ နဲ့ ပန်းရံလုပ်နေသူတွေအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဘုရားကျောင်းဝန်းထဲရှိ အရပ်သားများကို ဖမ်းဆီးရတဲ့အကြောင်းရင်းနဲ့ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင် သွားတယ်ဆိုတာ ကိုလည်း သေချာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးချုပ်ထံသို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ဆားမှော်ပြည်သူတွေဘက်ကတော့ ဖမ်းဆီးထားတဲ့သူတွေကို တာဝန်ရှိသူတွေအနေနဲ့ ပြည်လည် လွတ်မြောက်အောင် ကူညီပေးဖို့ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ ၃၁ ရက်နေ့တုန်းကလည်း ဆားမှော် ခလရ (၁၀၅) တပ်ရင်းက ခရစ်ယာန်သင်းအုပ်ဆရာအပါအဝင် လူကြီး လူငယ် အမျိုးသမီး အားလုံးပေါင်း အယောက် ၆၀ ဝန်းကျင်ကို ဆားမှော်နယ်မြေ ၄ နဲ့ ၅ကြားက ခါနန်ဆိုတဲ့ ကချင်ရပ်ကွက်မှာ သတို့သမီးအပ်နှင်းပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ဖူးပါတယ်။
အဲဒီနောက် ၂၀၂၄မတ်လ ၂ရက်နေ့ညနေပိုင်း ၃နာရီဝန်းကျင်လောက်မှာတော့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) က ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။
By – Hope




