KTV နှင့် လောင်းကစားရုံတိုးလာတဲ့တွက် လူငယ်တွေ ပိုပျက်စီးလာဟု ဒေသခံဆို

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အတွင်း KTV ဆိုင်တွေ၊ လောင်းကစားရုံတွေနဲ့ အပျော်အပါးဆိုင်တွေ တိုးချဲ့ဖွင့်လှစ်လာတာကြောင့် လူငယ်တွေကြား အကျင့်စရိုက်ပျက်စီးမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့တွေက ရံပုံငွေရှာဖွေရေးအတွက်ဆိုပြီး တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေကို နေရာချပေးပြီး မြို့တွင်း KTV ဆိုင်တွေ၊ အပျော်အပါးဆိုင်တွေနဲ့ လောင်းကစားရုံတွေကို တိုးချဲ့ဖွင့်လှစ်နေသလို ယခင်က မရှိခဲ့ဖူးတဲ့ ကျေးရွာတွေမှာလည်း ဖွင့်လှစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“MNDAA တွေက ဒေသခံတွေကို အလေးအနက်ထား ဂရုစိုက်တာမျိုး မရှိဘူးလို့ ခံစားရတယ်။ သူတို့လုပ်ချင်တာကို သူတို့သဘောနဲ့ လုပ်နေကြတယ်။ မြို့ပေါ်မှာသာမက ကျေးရွာတွေထဲအထိ လောင်းကစားရုံတွေ ဖွင့်လာတယ်။ ဒီမှာ ကျမတို့ တစ်သက်လုံးနေခဲ့တာ၊ နှစ် ၃၀၊ ၄၀ အတွင်း ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ အခုတော့ ရွာလမ်းမကြီးဘေးမှာတင် လောင်းကစားရုံတွေ ပေါ်ပေါ်တင်တင် ဖွင့်ထားကြတယ်။ ကလေးတွေ ပျက်စီးတာလည်း ပိုများလာတယ်။ ပြီးတော့ မူးယစ်ဆေးဝါးတွေလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဝင်လာတယ်။ မိသားစုတိုင်းက ဒီကိစ္စတွေအတွက် စိတ်ပျက်၊ စိတ်ညစ်နေကြတာပါ လို့ နမ့်အွမ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မူဆယ်ကွတ်ခိုင်ကြားရှိ နမ့်အွမ်ကျေးရွာမှာ ယခင်က ဂိမ်းဆိုင်နဲ့ အပျော်အပါးဆိုင်တွေ မရှိခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးအပြီး ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း MNDAA က ကျေးရွာလမ်းမကြီးအပါအဝင် နေရာသုံးခုခန့်မှာ လောင်းကစားရုံ သုံးရုံ ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဆိုင်တွေကို ကျားဖြန့်လုပ်ငန်းတွေလိုပဲ အပြင်ဘက်က မမြင်နိုင်အောင် အကာအရံမြင့်မြင့်တွေနဲ့ ကာရံဆောက်လုပ်ထားပြီး အတွင်းမှာ လောင်းကစားရုံတွေနဲ့ ဂိမ်းဆိုင်ကြီးတွေ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ကိုးကန့် MNDAA ဟာ ဒေသအတွင်း ဆောင်ရွက်မယ့် စီမံကိန်းတွေ၊ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ကြိုတင်ညှိနှိုင်းတာ၊ အသိပေးတာမျိုး မရှိဘဲ ဆောင်ရွက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဖွင့်လှစ်နေတဲ့ KTV ဆိုင်တွေ၊ အပျော်အပါးဆိုင်တွေနဲ့ လောင်းကစားရုံတွေကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ရှမ်းမြောက်ဒေသခံ လုပ်ငန်းရှင်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ကိုးကန့်ဝင်ရောက်ထိန်းချုပ်တဲ့ နေရာတိုင်းမှာ ဒီအပျော်အပါးလုပ်ငန်းတွေက ပုံမှန်လိုက်ပါလာတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်နေတယ်။ တစ်ခါတစ်လေ ပြည်သူတွေနဲ့ တွေ့ဆုံစည်းဝေးတဲ့အချိန်မှာတောင် KTV တွေ ဘယ်လိုဖွင့်မယ်၊ ဝင်ငွေစီးဆင်းအောင် ဘယ်လိုလုပ်မယ်ဆိုတာကို ပြောကြတယ်။ သူတို့အတွက်တော့ တရားဝင် ကြေညာပြီး လုပ်နေသလိုပဲ။ KTV တွေ၊ လောင်းကစားရုံတွေက သူတို့ ထိန်းချုပ်တဲ့နေရာတိုင်းမှာ အတူတကွ ပါလာတဲ့လုပ်ငန်းမျိုး ဖြစ်နေတယ်။ ကွတ်ခိုင်မှာလည်း အရင်က ရှိခဲ့ပေမယ့် MNDAA ဝင်ရောက်လာပြီးနောက် ပိုမိုများပြားလာတာ ဖြစ်တယ်လို့ ကွတ်ခိုင်ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့အတွင်း KTV ဆိုင်ပေါင်း ၁၀ ဆိုင်ကနေ ၂၀ ဆိုင်ကြားအထိ ရှိနေတယ်လို့ သိရပါတယ်။

ခုလို KTV ဆိုင်တွေ၊ အပျော်အပါးရုံတွေနဲ့ လောင်းကစားရုံတွေ တိုးများလာတာနဲ့အတူ မူးယစ်ဆေးဝါးအမျိုးမျိုးနဲ့ ဆက်စပ်ပစ္စည်းတွေပါ ပိုမိုပျံ့နှံ့လာပြီး သုံးစွဲသူအရေအတွက်လည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် လူငယ်တွေအပြင် အသက်မပြည့်သေးတဲ့ ကလေးတွေပါ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်ကတည်းက မူးယစ်ဆေးဝါး စတင်သုံးစွဲလာတာ၊ အပျော်အပါးလိုက်စားလာတာတွေ ပိုမိုများပြားလာနေတာကို တွေ့မြင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ရှမ်းမြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ ၁၀၅ မိုင်တစ်လျှောက်မှာ MNDAA ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံဘက်က လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာပြီး ဒေသတွင်းမှာ နေရာယူကာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေကြတာ များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မူဆယ်မြို့အနီး ၁၀၅ မိုင်ဒေသရှိ KTV လုပ်ငန်းတွေမှာ ကချင်လူငယ် အများအပြားကို တွေ့မြင်ရပြီး လူငယ်အမျိုးသမီးတချို့မှာ အကျင့်စရိုက်ပျက်စီးလာတာ၊ တချို့မှာ လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရှမ်မြောက် သိန္နီမူဆယ် စတဲ့ဒေသတွေမှာ အရင်ဒေသခံတွေ လုပ်နေတဲ့ စျေးဆိုင်များ၊ ဆိုင်ခန်းတွေကို တရုတ်နိုင်ငံဘက်မှ စီးပွားရေးသမားတွေက ငှားရမ်းလိုက်တာ ဒါမှမဟုတ် ဝယ်ယူလိုက်တာတွေအပြင် တရုတ်နိုင်ငံသားတွေဘက်မှ လာရောက်မြေဝယ်သူတွေ များပြားလာတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေပါတယ်။

 လက်ရှိ မူဆယ်မြို့အနီး နမ့်တောင်းကျေးရွာက ဒေသခံအိမ်ခြေ ၆ အိမ်ရဲ့ စိုက်ပျိုးမြေ ဧက တစ်ထောင်ကျော်ကို ကိုးကန့် MNDAA ခွင့်ပြုချက်အာဏာနဲ့ တရုတ်လုပ်ငန်းရှင်တစ်ဦးက အတင်းအဓမ္မသိမ်းယူလိုက်တဲ့ ဖြစ်စဉ်လည်း ရှိနေတာ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button