ဆားမှော်ကျေးရွာက ဖမ်းဆီးခံရသူတွေအားလုံး ပြန်လည် လွတ်မြောက်လာ
ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော် ကျေးရွာက ဖမ်းဆီးခံရတဲ့ ပြည်သူတွေအားလုံး ပြန်လည် လွတ်မြောက်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင်လ ၈ရက် ည ၈ခွဲအချိန် ကလေးသူငယ်နဲ့ ကျောင်းသား ၈ဦး၊ ၉ရက်နေ့ ၆ဦး၊ ဒီကနေ့ ၁၀ရက်နေ့ ၃နာရီခွဲအချိန် ၆ဦး နဲ့ ၆နာရီခွဲအချိန်မှာတော့ သင်းအုပ်ဆရာတွေ အပါအဝင် အားလုံးကို ပြန်လည် လွတ်ပေးခဲ့တယ်လို့ ဆားမှော်ဒေသခံ တစ်ဦးက ခုလိုပြောပြပါတယ်။
“အကုန်လုံးလွတ်လာပြီး လာခေါ်ခိုင်းတာဟုတ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)နဲ့ KBCဆရာတွေတွေညှိပေးတာ ဟုတ်တယ်။ ဟိုက တိုင်းမှူးတွေလူကြီးတွေနဲ့ ဖုန်းပြောပြီး ညှိကြတာ နေမှာ ဒီကိုလာပြီး လာညှိပေးတာတော့ မဟုတ်ဘူး”လို့ ဆိုပါတယ်။
ဇူလိုင် ၈ရက်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားတပ်မတော် (SNA)တပ်မဟာ (၅၆၅)တပ်ရင်းက ကားနှစ်စီး၊ လူအင်အား ၃၀ ဝန်းကျင် နဲ့ ဆားမှော်KBCဘုရားကျောင်းထဲကို ဝင်ရောက်လာပြီး ရိုက်နှက်ကာ ကလေးငယ်၃ဦးနဲ့ သင်းအုပ်ဆရာ၂ဦးအပါအဝင် လူ၃၀ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ၉ရက်နေ့မှာတော့ KBC ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်က တာဝန်ရှိသူတွေကတော့ ကချင်ပြည်နယ် စကစ တိုင်းမှူးနဲ့ စကစဝန်ကြီးတို့ကို တွေ့ဆုံခဲ့ပြီးနောက် အခုလို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည် လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။
ခုလို က ဖမ်းဆီးမှုနဲ့ ပက်သက်ပြီးသေချာ မသိရှိရပေမယ့်လည်း KIA ပူးပေါင်းတပ်ဘက်က ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ခေါင်းဆောင်အပါအဝင် ၄ ဦးကို ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းထွက်လာခြင်းကြောင့် SNA ရှမ်းနီအမျိုးသားများတပ်မတော်ဘက်က ဆားမှော် နှစ်ခြင်းဘုရားကျောင်းက အသင်းတော်ဆရာတွေကို ဖမ်းဆီးရတာ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒီအချက်နဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြန်ကြားရေးဌာနကို ဆက်သွယ်သော်လည်း မရရှိသေးပါ။
၂၀၂၄ မတ်လ ၃၁ရက်နေ့တုန်းကလည်း ဆားမှော် ခလရ(၁၀၅)တပ်ရင်းကနေ သင်းအုပ်ဆရာအပါအဝင် လူကြီး လူငယ် အမျိုးသမီး အားလုံးပေါင်း အယောက် ၆၀ ဝန်းကျင်ကို ဆားမှော်နယ်မြေ ၄ နဲ့ ၅ကြားက ခါနန်ဆိုတဲ့ ကချင်ရပ်ကွက်မှာ သတို့သမီးအပ်နှင်းပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ဖူးပါတယ်။
ထိုစဉ်ကလည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။
By – Hope




