ကျောင်းဆောက်ဖို့ ငွေကောက်ခံမှုကြောင့် နောင်းချိန်းဒေသခံနဲ့စစ်ရှောင်များ အခက်ကြုံ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာ၊ အထက်တန်းကျောင်းမှာ ကျောင်းဆောင်သစ်ဆောက်ဖို့အတွက် ငွေကြေးကောက်ခံမှုတွေရှိနေတာကြောင့် စစ်ရှောင်ပြည်သူတွေ နဲ့ ဒေသခဲံကျောင်းသားမိဘတွေ အခက်ကြုံ နေရတယ်လို့ သိရပါတယ်။

လတ်တလော ကျောင်းဆောင်သစ်ဆောက်လုပ်ဖို့ဆိုကာ ကျောင်းသားသစ် တစ်ဦးကို ကျပ် ၄ သောင်းနဲ့ ကျောင်းသားဟောင်းဆိုရင်တော့ ကျပ် ၃ သောင်း အလှူငွေအနေနဲ့ အောက်တိုဘာလနောက်ဆုံးထားပြီး ထည့်ဝင်ခိုငးနေတယ်လို့ ဆိုပါတယ်။

မထည့်ရင်က ကလေးတွေကို မင်းတို့မိဘတွေ ပိုက်ဆံမထည့်ဘူးလို့ ပြောမှာကြောက်ရ။ ထည့်ဖို့ကျတော့လည်း မိဘတွေက ပြန်အဆင်မပြေ။ စိတ်တွေရှုပ်တော့ ဘယ်သူ့ကိုမှ မပြောပြတတ်  သူတို့ဘက်ကလည်း ဒီအကြောင်း သတင်းတွေမှာ မပြောနဲ့တဲ့။ ပိုက်ဆံကောက်တာ မဟုတ်ဘူး အလှူကောက်တာဘဲ ဟုတ်တယ်တဲ့လို့ ကျောင်းသားမိဘာတစ်ဦး ဆိုပါတယ်။

တစ်အိမ်တည်းက ကျောင်းသားလေးဦးရှိပါက သုံးဦးစာသာ ပေးဆောင်ရမှာဖြစ်ပြီး၊ ကျောင်းသားသုံးဦးရှိပါက နှစ်ဦးစာ အပြည့်နဲ့ ကျန်တစ်ဦးစာကို တစ်ဝက်သာ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောင်းဆောင်ဆောက်လုပ်ရေး ကုန်ကျစရိတ်ရဲ့ သုံးပုံနှစ်ပုံကို ဂွေထု ပြည်သူ့စစ်ခေါင်းဆောင် မဂျီနော်လီက ကျခံပေးမယ်လို့ သိရပြီး၊ ကျန်ရှိတဲ့ သိန်း ၁၀၀ ကျော်ကိုတော့ ကျောင်းသားမိဘတွေထံက ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အလုပ်အကိုင်နဲ့ ပုံမှန်ဝင်ငွေ မရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးကိုသာ အားထားလုပ်ကိုင်နေတဲ့ ဒေသခံရွာသားတွေအတွက် သတ်မှတ်ထားတဲ့ ငွေကြေးကို ထည့်ဝင်ပေးဖို့ အခက်အခဲရှိနေတယ်လို့ သူကဆက်လက်ပြောပါတယ်။

အဓိကတော့ ဝင်ငွေမရှိတာပေါ့။ ကလေးလည်း ပြန်များနေတော့ တစ်ခါတည်း သောင်းကြီး သိန်းငွေထည့်ဖို့က အဆင်မပြေဖြစ်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့ မိဘတွေက တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို ဖြစ်နေတာပေါ့လို့ နောက်ထပ်ကျေင်းသားမိဘတစ်ဦးက ပြောပါတယ်။ 

လက်ရှိ နောင်းချိန်းကျေးရွာ အထက်တန်းကျောင်းမှာ အင်ဂန်းကျေးရွာနဲ့ နောင်းချိန်းကျေးရွာက စစ်ဘေးရှောင်ကလေးတွေနဲ့ ဒေသခံကျောင်းသား၊ ကျောင်းသူတွေ စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်နေတယ်လို့သိရပါတယ်။

အဲဒီကျောင်းသား၊ ကျောင်းသူတွေထဲမှာ ထက်ဝက်ခန့်က စစ်ဘေးရှောင်ကလေးတွေဖြစ်ပြီး ကျန်ထက်ဝက်ကတော့ ဒေသခံရွာသားတွေရဲ့ ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းတာဝန်ခံတွေရဲ့ ပြောပြချက်အရ ဝိုင်းမော်မြို့နယ် မိုင်းနားဒေသရှိ နောင်ချိန်းနဲ့ အင်ဂန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ စစ်ဘေးရှောင်စခန်း ၂၀ ကျော်ရှိပြီး အိမ်ထောင်စု ,၀၀၀ ကျော် ခိုလှုံနေကြတယ်လို့ သိရပါတယ်။

လက်ရှိ နောင်ချိန်းနဲ့ အင်ဂန်းကျေးရွာတစ်လျှောက် ဒေသကို ဂွေထုပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တို့က ထိန်းချုပ်ထားတယ်လို့လည်း ဒေသခံတွေနဲ့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီက သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button