ကားဝင်တိုက်မိပြီး ကလေးငယ်တစ်ဦးပြင်းထန်ဒဏ်ရရှိပြီး ဓါတ်တိုင်ပျက်စီး
ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ မောင်းနှင်လာတဲ့ ကားဝင်တိုက်မိပြီး ကလေးငယ်တစ်ဦး လက်ကျိုးသွားတဲ့အပြင် ဓါတ်တိုင် ၃ ချောင်းကျိုးကျသွားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်လောက်မှာ ရွာထဲ KIA တပ်သားတစ်ဦးမောင်းနှင်လာတဲ့ ကားတစ်စီးက ကွမ်းယာဆိုင်နဲ့ ဓါတ်တိုင်ဝင်တိုက်မိတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ မှော်ရှန်ကျေးရွာက အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“ကားက ကွမ်းယာဆိုင်ထဲဝင်တိုက်တော့ ကွမ်းယာရောင်းတဲ့ ကလေးမ လက်ကျိုးသွားတယ်။ ပြီးရင် ဓါတ်တိုင် ၃ ချောင်းကျိုးသွားတယ်။ နောက်ပြီး အိမ်တိုင်တစ်ချောင်းလည်းကျိုးသွားတယ်။ ကွမ်းယာခုံလည်းပြားသွားတယ်။ အချိန်က ၁ နာရီနဲ့ တစ်မိနစ်တိတိမှာ ဝင်တိုက်တာ”လို့ပြောပါတယ်။
ကားဝင်တိုက်မှုကြောင့် ရွှေပြည်တေးအမည်ရှိ ကွမ်းယာဆိုင်တစ်စစီပျက်စီးသွားပြီးတော့ ဆိုင်ရှေ့က ဓါတ်တိုင် (၃)ခု ၊ အိမ်တိုင်တစ်ခုနဲ့ ကွမ်းယာဆိုင်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးငယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ကွမ်းယာဆိုင် ဝင်တိုက်မှုဖြစ်ခဲ့တဲ့ KIA တပ်သားဟာ အင်းတော်ကြီးဘက်ကနေ ဖားကန့်ဘက်ကို ညအချိန်တက်လာပြီး ကားဝင်တိုက်မှုဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ မှော်ရှန်ကျေးရွာနေ ပြည်သူတွေပြောပါတယ်။

လက်ရှိမှာ ကားဝင်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်အမျိုးသမီးကို KIA ဘက်ကနေ ဆေးကုသမှုစရိတ်တာဝန်ယူဖို့ ညှိနှိုင်းပြောဆိုထားတယ်လို့ နောက်ထပ် ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။
“ညအချိန်ဆိုတော့ ကွမ်းယာဆိုင်တော့ ပိတ်သွားပြီ။ ဆိုင်ထဲမှာ ကွမ်းယာရောင်းတဲ့ ကလေးမက အိပ်ပျော်နေတာတဲ့ အဲ့တာကားဝင်တိုက်တော့ ဒဏ်ရာရသွားတာ။ အခုကလေးမရဲ့ လက်ကျိုးတဲ့ ဒဏ်ရာကို ပျောက်အောင်ကုသဖို့တော့ KIA ဘက်ကတာဝန်ယူပေးမယ်ဆိုပြီး ပြောထားပြီတဲ့”လို့ပြောပါတယ်။
ကားဝင်တိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကွမ်းယာဆိုင်၊ ဓါတ်တိုင် နဲ့ အိမ်တိုင်တွေကိုလည်း ပြုပြင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖားကန့် ဝှေခါ – အင်းတော်ကြီးဒေသက ဝှေလုံကျေးရွာရှိ စားသောက်ဆိုင်တစ်ခုမှာ KIA တပ်သားနှစ်ဦး သောက်စားရမ်းကားမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါ အမျိုးသမီးတစ်ဦး နှစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်ဒေသထဲက KIA ထိန်းချုပ်နယ်မြေထဲမှာ အရပ်သားပြည်သူထိခိုက်စေတဲ့ ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားနေတာကြောင့် ပြည်သူလူထုတွေကြားမှာ ဝေဖန်ပြောဆိုမှုတွေလည်း မြင့်တက်လာနေပါတယ်။
ယခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးတာဖြစ်ပါတယ်။




