ဇက်ဆိပ်တွေ တစ်ပတ်ကျော်ကြာပိတ်ထားလို့ ခရီးသွားသည်နဲ့ကားသမားတွေအခက်ကြုံ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်တွေ တစ်ပတ်ကျော်ကြာပိတ်ထားတဲ့အတွက် ခရီးသည်၊ ကားသမားတွေအပြင် နေ့စဉ်ဇက်ကူးသွားလာနေတဲ့ ဒေသခံတွေပါ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနားမန္တလေးလမ်းတစ်လျှောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကသာနဘားလမ်းပိုင်းအပါအဝင် နေရာအများအပြားမှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီ ပိတ်မိနေပါတယ်။

အရင်က မန္တလေးမြစ်ကြီးနားလမ်းမှာ တိုက်ပွဲတွေ ပြင်းထန်လာချိန်တိုင်း ကားသမားတချို့ဟာ ဇက်ကူးလမ်းကြောင်းတွေကို အသုံးပြုပြီး ခရီးဆက်ခဲ့ကြတာဖြစ်ပေမဲ့ အခုတစ်ကြိမ်မှာတော့ လမ်းပိုင်းတွေအပြင် ဇက်ဆိပ်တွေပါ ပိတ်ထားတာကြောင့် သွားလာဖို့ ရွေးချယ်စရာနည်းလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇက်ဆိပ်တွေက စစ်တပ်ကလာပိတ်သွားတာ။ အကြောင်းပြချက်ကတော့ ဘာလဲမသိဘူး။ ဇက်ဆိပ်တွေပိတ်နေတာ ဒီနေ့ဆို တစ်ပတ်ကျော်ရှိပြီ။ ဘာကြောင့်ပိတ်မှန်းလည်း မသိဘူး။ သေနတ်နဲ့ ၁၀ ချက်လောက်တော့ ပစ်တယ်။ အဲ့ဆိပ်ကမ်းမှာပေါ့။ ဇက်ဆိပ်တွေ တစ်စီးမှမထွက်နဲ့ပေါ့ အဲ့လိုမှာသွားတာလို့ ကသာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

လတ်တလော ကသာမြို့နယ်အတွင်း ကားသမားတွေ အဓိကအသုံးပြုတဲ့ ကလုံနဲ့ သာဂေရ ဇက်ဆိပ်နှစ်ခုစလုံး ပိတ်ထားတာ တစ်ပတ်ကျော်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဇက်ဆိပ်တွေ ပိတ်လိုက်တာနဲ့အတူ မြစ်ကမ်းနှစ်ဖက်မှာ ခရီးသည်တွေ၊ ကုန်တင်ကားတွေနဲ့ ကိုယ်ပိုင်ကားတွေပါ ပိတ်မိနေကြတာဖြစ်ပါတယ်။

တချို့ကားသမားတွေဆို ရက်ပေါင်းများစွာ လမ်းဘေးမှာပဲ စောင့်ဆိုင်းနေကြရပြီး စားသောက်ရေးအတွက် ဒေသခံတွေရဲ့ အကူအညီကို အားထားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

ကလုံနဲ့ သာဂေရဇက်ဆိပ်တွေဟာ မြစ်ကြီးနားမန္တလေးလမ်းကို အသုံးပြုတဲ့ ကားသမားတွေအတွက် အရေးပါတဲ့ မြစ်ကူးလမ်းကြောင်းတွေ ဖြစ်ပါတယ်။

ဒီဘက်မှာက ကားသမားတွေအားကိုးရတဲ့ ဇက်ဆိပ်က နှစ်ခုရှိတယ်။ ကလုံနဲ့ သာဂေရ။ ကလုံကတော့ မြစ်ကြီးနားနဲ့ တစ်ရိုးတည်း။ အင်းရွာကတော့ အရှေ့ဘက်ခြမ်း ဗန်းမော်နဲ့ တစ်ရိုးတည်း။ မြစ်ကြီးနားကားတွေဆို အင်းရွာကနေ ကလုံကိုကူး၊ ပြီးရင် ကသာထိပ်ကိုသွားလိုက်ရင် မြစ်ကြီးနားကိုသွားတဲ့လမ်းပဲလို့ အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

အရင်ရက်ပိုင်းတွေကလည်း ကသာမြို့နဲ့ လမ်းတစ်လျှောက်က ဒေသခံတွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့အစည်း တွေက ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ ကားသမားတွေကို နေ့စဉ် ထမင်းချက်ကျွေးတာ၊ သောက်ရေဝေတာတွေ လုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမန္တလေးလမ်းပိုင်းဟာ ကချင်ပြည်နယ်နဲ့ အထက်မြန်မာဒေသကို ဆက်သွယ်ထားတဲ့ အဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပါတယ်။ 

ဒါပေမယ့် လက်ရှိ နဘားကသာလမ်းပိုင်းတစ်လျှောက် စစ်ရေးတင်းမာမှုတွေကြောင့် ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီ လမ်းမှာပိတ်မိနေသလို၊ ဧရာဝတီမြစ်ကူး ဇက်ဆိပ်တွေပါ ပိတ်ထားတာကြောင့် ခရီးသွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ ပိုမိုနှောင့်နှေးလာပြီး ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button