စစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူမှုမရှိခြင်းကြောင့် ရာဇဝတ်မှုတွေဆက်လက်ကျူးလွန်နေလို့ KHRWပြော

ကချင်ဒေသမှာ စစ်တပ်အနေနဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်နေတာဟာ နိုင်ငံတကာအဖွဲ့အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတကာ ဥပဒေကိုတွေ ကာကွယ်ဖို့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်လို့ KHRWရဲ့ ၂၀၂၆ ဇူလှိုင် ၁၃ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုတွေကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ မတရားသတ်ဖြတ်ခြင်း တွေကျူးလွန်နေတဲ့

စစ်တပ်ကို လေယာဉ်ဆီတွေနဲ့ စစ်လက်နက်တွေကို ဆက်လက်ပြီးပံ့ပိုးကူညီမယ်ဆိုပါက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမို များပြားလာနိုင်တယ်လို့ Kachin Human Rights Watchအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကို Jacobက ခုလိုပြောပါတယ်။

မြေပြင်မှာ စစ်တပ်ကနေ ပြည်သူလူထုတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာ အစိုးရတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပိုမို သိရှိဖို့ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက ခုလိုချိုးဖောက်မှုတွေ ပြုလုပ်နေတဲ့ စစ်တပ်ကို အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ရာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ သူတွေအတွက် အမှန်တရား ရရှိဖို့ရန် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၃၀ကျော်သေဆုံးခဲ့ပြီး အဲဒီသေဆုံးသူတွေထဲမှာ ကလေးသူငယ်၇ဦးလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ အရပ်သားနေရာတွေ ဖြစ်တဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ထက် ပိုများတဲ့ လူဦးရေ ၂၅၀,၀၀၀ ဟာဆိုရင်လည်း စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါတင်မက စစ်တပ်ဟာ မြေပြင်မှာ အမှန်တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးတဲ့အခါ ဟန့်ထားပိတ်ပင်တာမျိုးတွေလည်း ဆက်လက်လုပ်ဆောင်နေသလို အရေးပေါ်ဆေးဝါးတွေကိုလည်း တော်လှန်ရေးနယ်မြေထဲက ပြည်သူတွေ မရရှိအောင် ထိန်းချုပ်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းတွေဆီကို သတင်းအချက်အလက်တွေ မရောက်ရှိစေဖို့အတွက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်တာတွေအပြင် ငလျင်အပြီး ယာယီအပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာတောင် စစ်တပ်ကနေပြီးတော့ တိုက်ခိုက်မှု အကြိမ် ၅၅၀ထိ ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ပင်ရေးကို ချမှတ်ရမှာ ဖြစ်ပြီး လေယာဉ်ဆီတင်ပို့မှုအပေါ် ပိတ်ဆို့မှုတွေလည်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် တိုက်ခိုက်မှုတွေကို အမိန့်ပေးတဲ့သူတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေအရ အပြစ်ပေးအရေးယူနိုင်မှသာ မြန်မာနိုင်ငံသားတွေအတွက် အမှန်တကယ် လုံခြုံမှုနဲ့ လွတ်လပ်မှုကို အာမခံပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

By – Hope

Show More

Leave a Reply

Back to top button