မူးယစ်ဆေးရောင်းတဲ့ အိမ်တန်းလျားတွေကိုဖယ်ရှားပေးဖို့ တောင်းဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ထဲက မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တန်းလျားတွေကို ဖယ်ရှားပေးဖို့ ရပ်ကွက်နေပြည်သူတွေ တောင်းဆိုနေပါတယ်။
လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ (၂၁ )အလယ် အိမ်တန်းလျားနှစ်ခုမှာ မူးယစ်ဆေးဝါး အဓိကရောင်းနေကြတယ်လို့ သိရပါတယ်။
“အဓိကတော့ အုပ်ချုပ်ရေးမှူးတွေ ရဲတွေက သိသိကြီးနဲ့ လွတ်ထားကြတာလေ။ ခုဟာက ရက်တစ်ရာစီမံကိန်းပြီးနောက် အရင်လိုပြန် ရောင်းဝယ်နေကြတာ တစ်နေကုန် လမ်းဆုံ၊လမ်းခွတွေမှာ လူမြင်ကွင်းတွေမှာ ပုံမှန်ရောင်းဝယ်နေကြပြန်ပြီ”ရမ်ပူရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲတဲ့ ဧပြီလ ၂၀ ရက်နေ့ကနေ ရက်ပေါင်း ၁၀၀ စီမံကိန်းကို ကြေညာခဲ့ပြီး မြစ်ကြီးနားမြို့တွင်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကိုဖမ်းဆီးတာတွေလုပ်ခဲ့ပမေယ့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ မြစ်ကြီးနားမြို့ပြ ည်သူတွေ ထောက်ပြနေကြပါတယ်။
ဒါကြောင့် လတ်တလော ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလက်လီလက်ကား ရောင်းသူအားလုံးပေါင်းရင် အယောက် ၃၀ ဝန်းကျင်ထိရှိလာနေတယ်လို့လည်း သိရပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကြောင့် ရပ်ကွက်နေပြည်သူတွေ ပိုမိုထိခိုက်ပျက်စီးလာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေဟာ အသက် ၁၂ အရွယ်ကနေ ၁၇ နှစ်အရွယ်ထိ အသက်မပြည့်သေးတဲ့သူတွေလည်းပါဝင်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပါတယ်။
“ခုနောက်ပိုင်းက အသက်မပြည့်တဲ့ကလေးတွေကို အသုံးချပြီး ရောင်းခိုင်းနေကြတာဟုတ်တယ်။ အခြေနေတော့တော်တော်ဆိုးနေပြီ” လို့ နောက်ထပ်ရပ်ကွက်နေပြည်သူတစ်ဦး ထပ်ပြောပါတယ်။
ရမ်ပူရပ်ကွက်တာဝန်ကျ ဒုရဲအုပ်နဲ့ ရပ်ကွက်တာဝန်ရှိသူတွေက မူးယစ်ဆေးရောင်းဝယ်သူတွေကို အရေးမယူဘဲ လွှတ်ပေးထားသလို ရဲတပ်ဖွဲ့ဝင်တချို့ကလည်း ဆက်ကြေးကောက်ယူပြီး ရောင်းဝယ်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တစ်ဖက်မှာလည်း ခုလိုအခြေအနေတွေကြောင့် ရပ်ကွက်အတွင်း လုံခြုံရေးကျဆင်းလာပြီး ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်နေသလို မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးသူလည်း ပျမ်းမျှ တစ်လလျှင် တစ်ဦးခန့်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရမ်ပူရပ်ကွက်ဟာ အရင်က သာမန်ငြိမ်းချမ်းတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ခိုးဆိုးလုနှိုက်လဲမရှိသလို ရပ်ကွက်နေပြည်သူတွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ သွားလာလို့ ရနေတာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းလာသူများပြားလာသလို မူးယစ်ဆေးဝါးပြဿနာလည်း ပိုဆိုးလာပြီး ရမ်ပူရပ်ကွက်မှာ တခြားဒေသက လာရောက်နေထိုင်သူတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – Hope




