ကချင်စစ်ရှောင်များ ကိုယ်တိုင်ရပ်တည်နိုင်ဖို့ အခွင့်အလမ်းလိုအပ်

ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အလှူရှင်အကူအညီများအပေါ်သာ မှီခိုနေရတာမျိုးမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများနှင့်အတူ ရေရှည်ရပ်တည်နိုင်ရန်အတွက် ထိရောက်တဲ့ မူဝါဒများ ချမှတ်ဆောင်ရွက်ရန် လိုအပ်တယ်လို့ ကချင်တက်ကြွလှုပ်ရှားသူများက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတကာအကူအညီများ လျော့နည်းလာတာနဲ့အမျှ စစ်ရှောင်ပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲနဲ့ အလုပ်အကိုင်ရှားပါးမှုတွေ ပိုမိုကြုံတွေ့လာနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ရှောင်ပြည်သူများရဲ့ လုံခြုံရေးနဲ့ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် လူမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနဲ့ တာဝန်ရှိသူများ ပူးပေါင်းပြီး စနစ်တကျ စီမံချက်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Environmental and Human Rights Defender ဖြစ်သူ ဆရာပေါက ပြောပါတယ်။

စစ်ရှောင်တွေကို လုံခြုံရေးပေးဖို့၊ ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ဖို့၊ နိုင်ငံတကာအကူအညီကိုပဲ မှီခိုနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ဘက်က ဘယ်လိုကူညီမလဲဆိုတဲ့ မူဝါဒတွေ ရှိလာဖို့လိုပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝ ပြန်ကောင်းလာအောင် နေရာချထားတာတွေကို ဘာသာရေးအဖွဲ့အစည်းတွေသာမက ရပ်မိရပ်ဖတွေကလည်း ဦးဆောင်လုပ်ဆောင်ဖို့ လိုပါတယ် လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် နေအိမ်၊ ပိုင်ဆိုင်မှုတွေအပြင် မူလလုပ်ကိုင်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေကိုပါ စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဖားကန့်ဒေသကနေ မြစ်ကြီးနားမြို့ကို တိမ်းရှောင်လာတဲ့ အမျိုးသမီးတစ်ဦးကတော့ မူလလုပ်ကိုင်ခဲ့တဲ့ ကျောက်လုပ်ငန်းနဲ့ မတူတဲ့ အလုပ်အကိုင်အသစ်တွေ ရှာဖွေရတာ ခက်ခဲနေတယ်လို့ ပြောပါတယ်။

ဖားကန့်ကဆိုတော့ ကျောက်လုပ်ငန်းပဲ လုပ်လာကြတာပါ။ မြစ်ကြီးနားရောက်လာတော့ တခြားအလုပ်ကို ပြောင်းလုပ်ဖို့ အခွင့်အလမ်းရှာရတာ ခက်ပါတယ်။ အားရှိတဲ့သူတွေကတော့ နေ့စားသွားလုပ်နိုင်ပေမယ့် အသက်ကြီးတဲ့သူတွေ၊ ကလေးများတဲ့ မိသားစုတွေကတော့ အလုပ်ရှိမှ ဝင်ငွေရပြီး အလုပ်မရှိရင် အခက်အခဲဖြစ်ပါတယ်လို့ ပြောပါတယ်။

လက်ရှိ ဖားကန့်ကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင်အိမ်ထောင်စု ၃၀၀ ကျော်ဟာ မြစ်ကြီးနားမြို့ စီတာပူ၊ မန်ခိန်နဲ့ တပ်ကုန်းရပ်ကွက်တွေမှာ နေထိုင်နေကြပြီး စားနပ်ရိက္ခာ အကူအညီတွေ အဓိကလိုအပ်နေတယ်လို့ သိရပါတယ်။

အလားတူ ဝိုင်းမော်မြို့ နောင်ချိန်းနဲ့ အင်ဂန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာလည်း စစ်ရှောင်စခန်း ၂၀ ကျော်ရှိပြီး လူဦးရေထောင်နဲ့ချီ နေထိုင်နေကာ အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေး ပိုမိုခက်ခဲလာနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

နောင်ချိန်းစစ်ရှောင် အမျိုးသားတစ်ဦးကနေ့စားရှိရင် သွားလုပ်တယ်။ အခုက စပါးစိုက်တဲ့အချိန်ဆိုတော့ သူများဆီမှာ စပါးစိုက်ကူ၊ မြက်ရိတ်ကူလုပ်တယ်။ ခေါ်ရင်သွားလုပ်တယ်၊ မခေါ်ရင် အိမ်မှာနေရတာများတယ်။ ဝင်ငွေမရှိတော့ စားသောက်တာကို လျှော့နေရပါတယ်လို့ ပြောပါတယ်။

ဒါကြောင့် စစ်ရှောင်ပြည်သူများ ရေရှည်ရပ်တည်နိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အသက်မွေးဝမ်းကြောင်းသင်တန်းတွေကတစ်ဆင့် အခွင့်အလမ်းဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံတကာအကူအညီတွေ မြန်မာနိုင်ငံကို ရောက်ရှိနေသော်လည်း လိုအပ်နေတဲ့ ဒေသတွေထံ တိုက်ရိုက်ရောက်ရှိဖို့ အခက်အခဲရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Kachin Women’s Association Thailand (KWAT) ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ်က ပြောပါတယ်။

နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မူဝါဒတွေအရ ကူညီပေးဖို့ လိုပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ကနေတစ်ဆင့် အကူအညီပေးရင် တကယ်လိုအပ်တဲ့ နေရာတွေကို မရောက်နိုင်တဲ့အခြေအနေတွေ ရှိပါတယ်။ ဒါကြောင့် နယ်စပ်ဖြတ်ကျော်အကူအညီ (Cross-border Aid) တွေက အရေးကြီးပါတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်ရှောင်ပြည်သူတွေဟာ ၂၀၁၁ ခုနှစ် ဇွန်လက ပြန်လည်စတင်ခဲ့တဲ့ ကေအိုင်အေ (KIA) နဲ့ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရသူများနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တိမ်းရှောင်ခဲ့ရသူများဆိုပြီး အဓိကအားဖြင့် အုပ်စုနှစ်စုရှိပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဇွန်လ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ခဲ့ရသူ ၆၈,၄၀၀ ဦးရှိပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ဘေးတိမ်းရှောင်ခဲ့ရသူ ၁၇၆,၁၀၀ ဦး ရှိတယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button