မန္တလေး–မြစ်ကြီးနားပြန်ပိတ်လို့ အင်းတော်ကွင်းလမ်း ပြန်သုံးနေရ၊ လချီပိတ်မိတဲ့ကုန်ကားတွေလည်းရှိနေ
မန္တလေး–မြစ်ကြီးနား အဓိကကုန်စည်လမ်းကြောင်းမှာ စစ်ရေးပြန်တင်းမာလာပြီးနောက် ကားသမားတွေ အင်းတော်ကွင်းလမ်းကို ပြန်သုံးနေရသလို၊ ဇူလိုင်လအစပိုင်းက ထွက်ခွာလာတဲ့ ကုန်တင်ယာဉ်တချို့လည်း လချီပိတ်မိနေတယ်လို့ ကားသမားတွေနဲ့ ခရီးသွားတွေဆီကပြောပါတယ်။
မန္တလေး–မြစ်ကြီးနားခရီးအတွက် မန္တလေး–ထီးချိုင့်–ကသာ–အင်းတော်အရှေ့လမ်းပိုင်းနဲ့ မန္တလေး–ရွှေဘို–အင်းတော် လမ်းကြောင်းဆိုပြီး အဓိကသွားလာတဲ့ လမ်းနှစ်ခုရှိတာဖြစ်ပါတယ်။
စစ်တပ်ဟာ အင်းတော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ မန္တလေး–မြစ်ကြီးနား အရှေ့လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက် ယာဉ်တွေဟာ ထီးချိုင့်–ကသာ–အင်းတော်ဘက် အရှေ့လမ်းပိုင်းကို ပြန်လည်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့ ဇူလိုင်လ ဒုတိယအပတ်အတွင်း အင်းတော်မြို့နယ် စီပိန်းကျေးရွာတစ်ဝိုက်မှာ စစ်ရေးပြန်လည်တင်းမာလာပြီးနောက် စစ်တပ်ဖွင့်လှစ်ခဲ့တဲ့အဲ့ဒီလမ်းပိုင်းကို ကားသမားတွေထပ်မံအသုံးပြုလို့ မရတော့ဘဲ ယာဉ်တွေဟာ မန္တလေး–ရွှေဘို–မြစ်ကြီးနား လမ်းကြောင်းကို ပြန်လည် အသုံးပြုနေရတယ်လို့သိရပါတယ်။
အင်းတော်မြို့နယ်အရောက်မှာလည်း စီပိန်းကျေးရွာတစ်ဝိုက် ပင်မလမ်းကို ဖြတ်သန်းလို့ မရတာကြောင့် နန့်သဲ၊ မဲဇာ၊ စံပါယ်နံ့သာ ဘက်က ကွင်းလမ်းတွေကို လှည့်ပတ်သွားလာနေရတယ်လို့ သိရပါတယ်။
ကားသမားတွေရဲ့ အဆိုအရ စီပိန်းကျေးရွာတစ်ဝိုက် ပင်မလမ်းပိုင်းကို ဇူလိုင်လအတွင်း KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ရေးအခြေအနေကြောင့် ပိတ်ထားပြီး၊ KNG အနေနဲ့ အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

နောက်ထပ် ကားသမားတစ်ဦးကတော့ အခုလို လမ်းကြောင်းအပြောင်းအလဲတွေနဲ့ စစ်ရေးအခြေအနေတွေကြောင့် ဇူလိုင်လ အစပိုင်းက ထွက်ခွာလာတဲ့ ယာဉ်တချို့ဟာ အခုအချိန်ထိ ခရီးမပြီးဆုံးသေးဘဲ လမ်းခရီးမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
“ဇူလိုင် ၂ ရက်၊ ၃ ရက်ကတည်းက ထွက်လာတဲ့ ကားတွေဆိုရင် စီပိန်းနားမှာပဲ ရှိသေးတာ။ လချီကြာသွားတာက အဲဒီအခြေနေ ကြောင့်ပါ။ အစကတော့ ရင်ခွဲတောင်နဲ့ ကသာကြား တိုက်ပွဲဖြစ်လို့ဆိုပြီး ပိတ်တယ်။ အဲဒီကနေ ငြိမ်တော့ ကသာကနေ ပြန်လွှတ်လိုက်ပေမဲ့ စီပိန်းမှာ ပြန်ပိတ်မိနေကြတယ်။ အခု စီပိန်းမှာပဲ တစ်ပတ်လောက် ကားတွေပိတ်မိနေကြတာ”လို့ ကားသမားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကွင်းလမ်းတွေကို အသုံးပြုနေရပေမယ့် အဲဒီလမ်းတွေက ကျဉ်းမြောင်းပြီး မိုးရွာရင် ရွှံ့နွံထူလာတာကြောင့် ခရီးဆက်ဖို့ ပိုမိုခက်ခဲလာနေတယ်လို့ ကားသမားတွေက ဆိုပါတယ်။
လမ်းဘေးသစ်ကိုင်းတွေနဲ့ ငြိတာကြောင့် ကားမှန်ကွဲတာ၊ ကားကိုယ်ထည် ထိခိုက်ပျက်စီးတာတွေလည်း ဖြစ်ပေါ်နေပြီး အင်းတော် ကွင်းလမ်းမှာတော့ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့ အတက်ကားနဲ့ အဆင်းကားကို တစ်ရက်စီ အလှည့်ကျသာ ဖြတ်သန်းခွင့် ပေးထားတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
လက်ရှိမှာတော့ စီပိန်းလမ်းပိုင်း မဖွင့်သေးတာကြောင့် ကသာဘက်ကနေ ထွက်လာတဲ့ ယာဉ်တွေလည်း ဆက်လက်ပိတ်မိနေ တယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
“ကသာမှာ ကားတွေကို ပြန်လွှတ်ပေးတယ်ဆိုပေမဲ့လည်း စီပိန်းက ဖွင့်မပေးတော့ အခုချိန်ထိ ကားတွေက ပင်ဝယ်နားမှာ ပိတ်မိနေတယ်။ အခုကတော့ အရင်သုံးနေကျ ရွှေဘို–မြစ်ကြီးနားလမ်းကို ပြန်သုံးနေရတာ။ မဲဇာ၊ နန့်သဲဘက်က ပြန်ပွင့်တယ်။ ဒါပေမဲ့ စီပိန်းမှာတော့ KIA ထိုင်တယ်လို့ ပြောတယ်။ သူတို့ပိတ်ထားတာလို့ သိရတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကားသမားတွေရဲ့အဆိုအရ စစ်တပ်ဖွင့်လှစ်ပေးခဲ့တဲ့ အရှေ့ဘက်လမ်းပိုင်းက ထီးချိုင့်–ရင်ကွဲတောင် လမ်းပိုင်းအချို့မှာ လမ်းတွေ ဖျက်ဆီးခံထားရတာကြောင့် ယာဉ်တွေ ဟာ ပုံမှန်လမ်းကြောင်းကို အသုံးမပြုနိုင်ဘဲ အခြားလမ်းကြောင်းတွေကို လှည့်ပတ်အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ကားသမားတွေနဲ့ ဒေသခံတွေရဲ့ အဆိုအရ ရာသီဥတုကြောင့် သွားလာရခက်တာက ကွင်းလမ်းတွေမှာသာဖြစ်ပြီး၊ ပင်မလမ်းပိုင်းကို အသုံးမပြုနိုင်တာက စီပိန်းတစ်ဝိုက် စစ်ရေးတင်းမာနေတဲ့အခြေအနေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
အခုလို စစ်ရေးတင်းမာမှုနဲ့ လမ်းပိုင်းအခက်အခဲတွေကြောင့် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းမှာ ခရီးသွားလာချိန် ကြန့်ကြာတာ၊ ကုန်တင်ယာဉ်တွေ ရက်သတ္တပတ်နဲ့ချီ စောင့်ဆိုင်းနေရတာနဲ့ ကုန်စည်စီးဆင်းမှု နှောင့်နှေးတာတွေကို ဆက်လက်ကြုံတွေ့နေရ တယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
By – အမိုး



