မိုးမိတ်မြို့ပြင်မှာ စစ်တပ် နဲ့ KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပြင်မှာ စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ မနေ့က မွန်းလွဲပိုင်း ၂ နာရီကစတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြု ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက မြေပြင်မှာ ၁ နာရီခွဲလောက် ပစ်ခတ်ကြပြီးနောက် ဟက်စကီးနဲ့ပြန်လာပစ်တယ်။ ပြီးတော့ Y 12 နဲ့ ရော လာပစ်တယ်။ စစ်ကောင်စီတပ် ဘက်က ထိုးလာတာကြောင့် တိုက်ပွဲဖြစ်လာတာ ဟုတ်တယ်”လို့ မိုးမိတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာက မိုးမိတ်မြို့အနီး မြို့အထွက် အထက်ရောင်နီနဲ့ အောက်ရောင်နီ ကြားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အင်အား ၁၅၀ လောက်နဲ့ မြစ်ဆုံ–မဘိမ်းမြို့နယ်ဖက်ကို ဦးတည် ထိုးစစ်ဆင်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ကြားဖြတ်တိုက်ခိုက်နေတာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း မိုးမိတ်မြို့အခြေစိုက်တပ်ရင်း ခမရ ၃၄၈ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး ၊ တပ်သား ၂ ဦး လမ်းထက်ဝက် ကြားမှာ ပိတ်မိသွားတာကြောင့် အဲဒီထဲက တပ်သားတစ်ဦး သေဆုံးမှုရှိတယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခြေအနေ အသေးစိတ်ကို ဆက်လက်စုံးစမ်းနေဆဲလို့ သူက ဆိုပါတယ်။

ဩဂုတ် ၁၁ ရက် မနေ့က ညနေမိုးချုပ်တဲ့အထိ ဗုံးသံတွေ ဆက်လက်ကြားခဲ့ရပြီး ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ လက်နက်သံတွေ ပြန်တိတ်နေပေမယ့် နှစ်ဖက်အခြေအနေ စောင့်ကြည့်နေဆဲဖြစ်ကာ စစ်ရေးဆက်လက်တင်းမာနေ တယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က ဟက်စကီးလေယာဉ်နဲ့ Y12 ဂျက်ဖိုက်တာ အသုံးပြုကာ မိုးမိတ်မြို့အနီးတဝိုက်ကို ဗုံးကြဲမှု ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ည မိုးချုပ်ခါစထိ ဗုံးသံ လက်နက်သံတွေ ကြားရတယ်။ မနေ့ညကနေ ဒီမနက်ပိုင်းထိတော့ တိတ်နေတုန်း။ စစ်တပ်တွေ မြစ်ဆုံတော့ မရောက်သေးဘူး။ မိုးမိတ်ကနေ အထွက်လောက်မှာ ကြားဖြတ်တိုက်ခိုက်ခံနေရတယ်”ဟု မိုးမိတ်ဒေသခံက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ညကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့ဆေးရုံကို လေယာဉ်နဲ့ ဗုံး ၂ ကြိမ် လာကြဲချသွားတာကြောင့် ဆေးရုံထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။
ရှမ်းမြောက် မိုးမိတ်မြို့ကို TNLA တပ်ဖွဲ့က စစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ရွှေလီမြစ်ဝှမ်းတစ်ကြော မြစ်ဆုံကျေးရွာ–မဘိမ်းမြို့တွေကို ထပ်မံရယူနိုင်ဖို့ ပြန်လည် ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး မိုးမိတ်မြို့ကို စစ်ကောင်စီတပ် အပြည့်အ၀ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ၂၀၂၆ နှစ်ဆန်းပိုင်းကပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃၄ နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက မိုးမိတ်မြို့ပြင်ကနေ နေရာယူကာ စစ်တပ်ကို ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်တပ်ဖက်က စစ်ကြောင်းများ လှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပွားလာတာ ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



