စစ်သင်္ဘောအုပ်စု ရွှေကူရောက်ရှိ၊ ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုများတစ်ပြိုင်တည်းရှိနေ
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအုပ်စုဟာ ဒီနေ့ မနက်ပိုင်းမှာ ရွှေကူမြို့ ဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပြီး စစ်တပ်က ဗန်းမော်ကို ဦးတည်တဲ့ ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုတွေ တစ်ပြိုင်တည်းရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
“အခုလောလောဆယ်တော့ သင်္ဘောတွေ အကုန်လုံး ရောက်လာပြီ။ အခုမှဝင်လာတာ ကျန်တဲ့ဟာတွေက”လို့ ရွှေကူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ပြောပါတယ်။
အဲ့ဒီ သင်္ဘောအုပ်စုဟာ ဩဂုတ်လ ၂၁ ရက် မနက်ပိုင်းက မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီးနဲ့ တွဲတွန်းသင်္ဘော ၈ စီးအပါအဝင် စုစုပေါင်း ရေယာဉ် ၁၅ စီးခန့် ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သင်္ဘောအုပ်စုဟာ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့တွေကို ဖြတ်သန်းပြီး ဩဂုတ်လ ၂၅ ရက်မှာ ကသာမြို့အထိ ရောက်ရှိခဲ့ကာ ၂၆ ရက်နေ့အထိ ကသာမှာရပ်နားပြီးတဲ့နောက် ၂၇ ရက်နေ့ မနေ့က မနက်ပိုင်းမှာ ကသာကနေ ရွှေကူဘက်ကို ပြန်လည်ဆန်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကသာကနေ ရွှေကူဘက်ကို ဆန်တက်လာချိန်မှာ စစ်သင်္ဘောအုပ်စုဟာ ဧရာဝတီမြစ်ရေကျနေတာကြောင့် မင်းလဲကျေးရွာ အထက် ဝဲကြီးကျေးရွာအနီးမှာ သောင်တင်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့်စစ်သင်္ဘောအုပ်စုဟာ ဒီကနေ့မနက်ပိုင်းမှ ရွှေကူမြို့ကိုရောက်ရှိလာပြီး တချို့ရေယာဉ်တွေဆို ရွှေကူမြို့နား ကျွန်းတော်ရွာ အနီးမှာ ညအိပ်ရပ်နားခဲ့ရသေးတယ်လို့ ရွှေကူမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ရွှေကူကိုတော့ ကျွန်းတော်နားလေးမှာ ညအိပ်ပြီးတော့ ရွှေကူကို ဒီမနက်ဝင်သွားတယ်။ ဘိုကုန်းရွာနားမှာ သောင်တင်နေတဲ့ သင်္ဘောကတော့ ဒီမနက် အထက်ကို ဆက်ဆန်သွားတယ်။ မနေ့ကတော့ သာယာကုန်းနားမှာ နှစ်စီး မီးလောင်သွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး”လို့ သူက ပြောပါတယ်။
စစ်သင်္ဘောအုပ်စု ဆန်တက်လာတဲ့ ရက်ပိုင်းအတွင်း ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာတွေမှာလည်း တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက် ညပိုင်းကလည်း ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာရာကနေ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
အဆိုပါ သေဆုံးမှုကိုတော့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီလို မြစ်ကမ်းနဘေးမှာ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေချိန်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ ရွှေကူမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှ တွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ တစ်လကျော်ကတည်းက မဘိမ်းဘက်ကနေ ရွှေကူ–ဗန်းမော် လမ်းကြောင်း အတိုင်း မြေပြင်စစ်ကြောင်းတွေ ထိုးနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မဘိမ်း–ငအိုးဘက်ကနေ ရွှေကူမြို့အထိနဲ့ ရွှေကူမြို့ကနေ ပလောင်တောင်ဘက်ကို ဆက်သွယ်တဲ့ လမ်းကြောင်းတစ်လျှောက်မှာ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေတယ်လို့ သိရပါတယ်။
ကသာဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ငအိုးဘက်ကနေ ရွှေကူမြို့အထိနဲ့ ရွှေကူကနေ ပလောင်တောင်ဘက်ကို ဆက်သွယ်တဲ့ လမ်းကြောင်းတွေဟာ ဗန်းမော်ကို ဦးတည်တဲ့ စစ်မျက်နှာဖြစ်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ပြောပါတယ်။
“စစ်မျက်နှာကတော့ ငအိုးဘက်ကနေ တက်လာတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ ရွှေကူမြို့ကို ဟိုဘက်ကနေ ပြန်ထွက်တဲ့ ပလောင်တောင်ဘက်ကြောပေါ့နော်။ ဗန်းမော်ကို ဦးတည်တဲ့ လမ်းကြောင်းပါပဲ။ အဲ့ဒီမှာတွေတော့ တောက်လျှောက် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်တွေလည်း အဆက်မပြတ်ကြဲနေတယ်”လို့ သူက ပြောပါတယ်။
အခုလို ကုန်းကြောင်းကနေ စစ်ကြောင်းတွေ ထိုးနေသလို ရေကြောင်းကနေ စစ်သင်္ဘောအုပ်စု ဆန်တက်လာပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေတာကြောင့် ဗန်းမော်ဘက်ကို ဦးတည်တဲ့ စစ်ရေးလှုပ်ရှားမှုဟာ ကြည်း၊ ရေ၊ လေ သုံးမျိုးစလုံးနဲ့ ဆက်လက်လှုပ်ရှားနေတဲ့ အခြေအနေဖြစ်တယ်လို့ ဗန်းမော်ဘက်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။
“သူတို့ပုံစံက ကြည်းရေလေ စစ်ကြောင်းပုံစံမျိုး ဖြစ်သွားလောက်တယ်။ သင်္ဘောကတော့ မတက်စရာအကြောင်းမရှိဘူး။ ဖြည်းဖြည်းချင်း ကာဗာယူပြီးတော့ တက်လာနိုင်တဲ့အနေအထားဗျ။ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် စစ်ကြောင်းက ကသာဘက်က တစ်ခု ဖြစ်လိမ့်မယ်၊ မဘိမ်းကတစ်ခု၊ ရွှေကူကတစ်ခုရယ်။ ဒီသုံးခုပေါင်းသွားရင် သူတို့အတွက် အခြေအနေ ပိုကောင်းတာပေါ့။ ဒီ supplies တွေအကုန်လုံးသာ ဗန်းမော်ကို ရောက်သွားလို့ရှိရင် သူတို့အတွက်ကတော့ လုံးဝသာသွားပြီဆိုတဲ့ အနေအထားကို ရောက်သွားပြီလို့ ပြောလို့ရတယ်”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ ဗန်းမော်မြို့ အထိ ရောက်ရှိခဲ့ပါတယ်။
အဲဒီအချိန်က မြစ်ကြောင်းတစ်လျှောက်နဲ့ ဗန်းမော်အနီးဝန်းကျင်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေ ပိုများခဲ့ တာကြောင့် စစ်သင်္ဘောတွေ ဆန်တက်လာရာ လမ်းကြောင်းမှာ တိုက်ခိုက်မှုနဲ့ နှောင့်ယှက်မှုတွေ ရှိခဲ့တယ်လို့ ဗန်းမော်ဘက်က စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနှစ်မှာတော့ မန္တလေး–ဗန်းမော် လမ်းကြောင်းတစ်လျှောက်က တကောင်း၊ ထီးချိုင့်၊ ကသာအပါအဝင် နေရာတချို့နဲ့ ရွှေကူအထိ စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်ထားပြီး မဘိမ်းဘက်ကနေ ရွှေကူ–ဗန်းမော် လမ်းကြောင်းအတိုင်းလည်း မြေပြင် စစ်ကြောင်းတွေ ဆက်လက်လှုပ်ရှားနေပါတယ်။
ဒါကြောင့် လက်ရှိ ဗန်းမော်ဘက်ကို ဦးတည်နေတဲ့ စစ်ရေးလှုပ်ရှားမှုမှာ ကုန်းကြောင်းကနေ စစ်ကြောင်းထိုးမှု၊ ဧရာဝတီမြစ် ကြောင်းကနေ သင်္ဘောအုပ်စု ဆန်တက်လာမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေတစ်ပြိုင်နက်တည်းရှိနေတဲ့ အခြေအနေဖြစ် ပါတယ်။
လက်ရှိမှာတော့ စစ်သင်္ဘောအုပ်စုရဲ့ အများစုဟာ ရွှေကူမြို့ကို ရောက်ရှိနေပြီဖြစ်ပြီး ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်မယ့် အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။
By – အမိုး




