ရွှေကူမှာ စစ်သင်္ဘောအုပ်စု ကုန်ချချိန် အရပ်သားကုန်ထမ်းတွေ ထိခိုက်သေဆုံးမှုရှိနေ

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ စစ်သင်္ဘောအုပ်စု ရောက်ရှိပြီး ကုန်ပစ္စည်းတွေ ကုန်ချနေတဲ့အချိန်အတွင်း ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ ဩဂုတ်လ ၂၈ ရက်က ရွှေကူမြို့ကို ရောက်ရှိလာပြီးနောက် မြို့အတွင်းရှိ သင်္ဘောဆိပ်မှာ ရပ်နားထားတာဖြစ်ပါတယ်။

စစ်သင်္ဘောအုပ်စုနဲ့အတူ ကုန်တင်နဲ့ တွဲတွန်းသင်္ဘော ၈ စီး ပါလာပြီး အဲဒီရေယာဉ်တွေကနေ ကုန်ပစ္စည်းတွေ ချဖို့အတွက် ရွှေကူမြို့ထဲက ကုန်ထမ်းလုပ်သားတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။

ကုန်ထမ်းလုပ်သားတွေထဲမှာ ရွှေကူမြို့ခံတွေအပြင် တစ်ခြားဒေသတွေက စစ်ရှောင်လာသူတွေလည်း ပါဝင်ပြီး သင်္ဘောက ကုန်ချတဲ့အချိန်မှာ လုပ်အားပေးနေရတာ၊ ချောဆွဲခံရတာတွေလည်း ရှိတယ်လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီသင်္ဘောတွေရောက်လာတော့ ကုန်ထမ်းကုန်ချတွေရှိတယ်။ တချို့ကျတော့လည်း ချောဆွဲခံရပြီး ထမ်းနေရတာရှိတယ်။ တချို့ကျတော့လည်း သူတို့အလုပ်မရှိတော့ ကုန်ထမ်းတဲ့အဖွဲ့တွေပေါ့လေ။ ကုန်ထမ်းကြတာပေါ့ဗျာ။ အဲ့မှာ အခုလို suicide drone တွေချခဲ့နေရတဲ့အချိန်မှာ နေ့တိုင်းအရပ်သားတွေထိတယ်လို့ ရွှေကူမြို့ခံက ပြောပါတယ်။

စစ်သင်္ဘောအုပ်စု ရွှေကူမြို့မှာ ရပ်နားနေတဲ့အချိန်အတွင်း အဲဒီနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်တာရှိသလို စစ်တပ်လည်း ရွှေကူမြို့နဲ့ အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတဲ့အတွက် ကုန်ထမ်းလုပ်သားတွေထဲက အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကဆိုရင် သေဆုံးသူတွေထဲမှာ ရွှေကူမြို့က ပညာရေးဝန်ထမ်းတစ်ဦးနဲ့ ဗန်းမော်ဘက်က စစ်ရှောင် လာသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီကုန်ထမ်းတဲ့အဖွဲ့တွေဆို တချို့က စစ်ရှောင်တွေ၊ မနေ့ကထိပြီး သေတာ ပညာရေးဝန်ထမ်း ရွှေကူက ဆရာမတစ်ယောက် ပါမယ်။ ဒီနေ့လည်း သေတာပါပဲ။ သေတာတော့ ကုန်ထမ်းတဲ့ ဗန်းမော်က စစ်ရှောင်လာတဲ့အထဲကပါမယ်။ ရွှေကူရပ်ကွက်ထဲက ဒီပိုက်ဆံမရှိတော့ အလုပ်ရတဲ့ဟာဆိုတော့ သွားထမ်းကြတာ အဲ့မှာထိတာတွေလည်းပါတယ်။ ပြီးရင် ချောဆွဲခံရတဲ့အနေအထားနဲ့ သေဆုံးတာတွေလည်းပါတယ်လို့ အထက်ပါ ရွှေကူမြို့ခံက ဆက်ပြောပါတယ်။

ရွှေကူမြို့မှာ စစ်သင်္ဘောအုပ်စု ရပ်နားပြီး ကုန်ချနေတဲ့ကာလအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုဟာ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ဖြစ်ပွားနေတာလို့ ဒေသခံက ပြောပါတယ်။

ဒါပေမဲ့ သေဆုံးသူတွေဟာ ဘယ်လိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်ဆိုတာကိုတော့ ဖြစ်စဉ်တစ်ခုချင်းစီအလိုက် အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

ဒါကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပစ်လို့ထိတဲ့ သေဆုံးတာတွေပေါ့လေ။ ပြီးတော့ လေယာဉ်တောက်လျှောက်ချတဲ့ အနေအထားမှာ ထိတာတွေလည်းရှိသေးတယ်ပေါ့နော်။ အဲ့တာတွေကျတော့လည်း အတိအကျမသိရဘူးဖြစ်နေတာလို့ ရွှေကူမြို့ခံက ပြောပါတယ်။

အရင်ရက်တွေက ရရှိထားတဲ့ ဒေသခံသတင်းအချက်အလက်တွေအရ စစ်သင်္ဘောအုပ်စုဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်မှာ ထွက်ခွာလာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်လာတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့တွေကို ဖြတ်သန်းခဲ့ပြီး ကသာကနေ ရွှေကူဘက်ကို ဆက်လက်ဆန်တက်လာချိန်မှာ စစ်သင်္ဘောအုပ်စုနဲ့ ပတ်သက်တဲ့ စစ်ရေးဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။

ကသာကနေ ရွှေကူဘက်ကို ဆန်တက်လာတဲ့ တွဲတွန်းသင်္ဘောတစ်စီးဟာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ပျက်စီးသွားတာကြောင့် ဘိုကုန်းကျေးရွာအနီးမှာ အစောင့်တွေနဲ့ ချန်ထားခဲ့ရပြီးနောက် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေနဲ့ ဒေသခံတွေက ပြောထားပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း ရွှေကူမြို့မှာ ရပ်နားနေတဲ့ စစ်သင်္ဘောအုပ်စုကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး စစ်ကောင်စီတပ်က လည်း ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး ရွှေကူမြို့နဲ့ အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button