တွဲတွန်းသင်္ဘောတစ်စီး KIA သိမ်းပိုက်ပြီးနောက် ရွှေကူမှာလေကြောင်းတိုက်ခိုက်မှု ပြင်းထန်လာ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲမှာပါဝင်တဲ့ တွဲတွန်း သင်္ဘောတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ရွှေကူမြို့နဲ့ အနီးတစ်ဝိုက် မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
သိမ်းပိုက်ခံရတဲ့ တွဲတွန်းသင်္ဘောဟာ ဩဂုတ်လ ၂၈ ရက်က ကသာမြို့ကနေ ရွှေကူဘက်ကို ဆန်တက်လာချိန် KIA နဲ့ ပူးပေါင်း တပ်တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးသွားပြီး ဘိုကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အစောင့်တွေနဲ့ ချန်ထားခဲ့တဲ့ သင်္ဘောဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောထားပါတယ်။
အဲဒီတွဲတွန်းသင်္ဘောဟာ ကသာကနေ ရွှေကူဘက်ကို တက်လာတဲ့နေ့မှာ ဒရုန်းနဲ့ ပစ်ခတ်ခံရပြီး ဝမ်းဗိုက်ပိုင်း ပွင့်သွားတာကြောင့် ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီတပ်ဘက်က အစောင့်တွေနဲ့ ချန်ထားခဲ့ရတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။
“တွဲတွန်းသင်္ဘောပေါ့လေ သူက။ အဲ့ကောင်က ကသာကနေတက်တဲ့နေ့တုန်းက ပစ်တော့ ဝမ်းဗိုက်ပွင့်သွားတာ။ အဲ့မှာ ကျန်ခဲ့တာ အစောင့်တွေနဲ့ထားခဲ့တာပေါ့။ အဲ့တာကို မနေ့က PDF တွေက သွားပြီးတော့ ပစ်ပြီးသိမ်းခဲ့တာပေါ့”လို့ ပြောပါတယ်။
အဲဒီတွဲတွန်းသင်္ဘောကို စစ်ကောင်စီတပ်က အခြားသင်္ဘောတွေနဲ့ ဆွဲတင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်တာကြောင့် ဘိုကုန်းကျေးရွာအနီးမှာ ချန်ထားခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက သွားရောက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။
အရင်ရက်တွေက ရရှိထားတဲ့ ဒေသခံသတင်းအချက်အလက်တွေအရ အဆိုပါ စစ်သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ အခြားရေယာဉ် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီးနဲ့ ကုန်တင်၊ တွဲတွန်းသင်္ဘော ၈ စီးအပါအဝင် ရေယာဉ် ၁၅ စီးခန့် ပါဝင်ပါတယ်။

ရွှေကူမြို့ထဲကို ရောက်ရှိလာပြီးနောက် စစ်သင်္ဘောအုပ်စုထဲက ရေယာဉ်တွေကို မြို့အတွင်းရှိ သင်္ဘောဆိပ်နဲ့ ဘလက်ဆိပ်မှာ ရပ်နားထားပြီး သင်္ဘောပေါ်ပါလာတဲ့ ကုန်ပစ္စည်းတွေကို ကုန်ချဖို့ ပြင်ဆင်ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
အဲဒီအချိန်မှာ ကုန်တင်ကားတွေနဲ့ ချောဆွဲကားတွေကိုလည်း မြို့တွင်းကနေ စာရင်းကောက်ယူခေါ်ထားတယ်လို့ သိရပါတယ်။
စစ်သင်္ဘောအုပ်စု ရွှေကူမှာ ရပ်နားနေတဲ့အချိန်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုတွေ ရှိခဲ့ပြီး အဲဒီနောက် စစ်ကောင်စီတပ်က ရွှေကူမြို့နဲ့ အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံက ပြောပါတယ်။
“ပြီးတော့ ရွှေကူမှာရပ်ထားတာ သင်္ဘောက ၃ ညရှိပြီ။ ဒီအတွင်းမှာ သုံးကြိမ် ရှော့တိုက်ဒုန်းထိတာတွေရော။ suicide drone ဝင်တာတွေရောနဲ့ဆို စစ်သားတွေတော်တော်လေးအထိနာနေတယ်ပေါ့နော်။ အဲ့ခါကျတော့ ဒီနေ့ဆိုရင် စစ်တပ်က ဂျက်ဖိုက်တာ ရော၊ Y-12 တွေရော လာကြဲတဲ့အကြိမ်ရေက ဒီနေ့တစ်ရက်တည်းကို အလုံး ၆၀၊ ၇၀ ဝန်းကျင်လောက်ရှိပြီကျဲတာ”လို့ ရွှေကူမြို့ခံက ဆက်ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ရွှေကူမြို့မှာ စစ်သင်္ဘောအုပ်စု ရပ်နားနေစဉ်အတွင်း ရှော့တိုက်ဒုံးနဲ့ အသေခံဒရုန်းတွေ အသုံးပြုပြီး သုံးကြိမ်ခန့် တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီနေ့တစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှု ၆၀ မှ ၇၀ ခန့် ပြုလုပ်ခဲ့တယ်ဆိုတဲ့ အရေအတွက်နဲ့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်တွေကိုတော့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး ရွှေကူမြို့နဲ့ အနီးတစ်ဝိုက်ကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။
ရွှေကူမြို့နဲ့ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်မှာတော့ ကျွန်းတော်၊ ဘိုကုန်း၊ သာယာကုန်း၊ ရေလဲ၊ ဆင်တပ်နဲ့ အခြားကျေးရွာတွေ တည်ရှိပြီး စစ်သင်္ဘောအုပ်စု ဆန်တက်လာတဲ့ ရက်ပိုင်းအတွင်း အဲဒီဒေသတဝိုက်မှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အထူးသဖြင့် စစ်သင်္ဘောအုပ်စု ကသာကနေ ရွှေကူဘက်ကို ဆန်တက်လာချိန်မှာ တွဲတွန်းသင်္ဘောတစ်စီး ဘိုကုန်းကျေးရွာအနီးမှာ ပျက်စီးပြီး ကျန်ခဲ့တာဖြစ်သလို ကျွန်းတော်နဲ့ သာယာကုန်းအနီးမှာလည်း စစ်သင်္ဘောအုပ်စုနဲ့ ပတ်သက်တဲ့ စစ်ရေးဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ရွှေကူမြို့နဲ့ မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေချိန်မှာပဲ စစ်သင်္ဘောအုပ်စုရဲ့ ကျန်ရှိနေတဲ့ ရေယာဉ်တွေဟာ ရွှေကူမြို့အတွင်းမှာ ရပ်နားနေပြီး ကုန်ပစ္စည်းတွေ ကုန်ချဖို့ ပြင်ဆင်နေတဲ့ အခြေအနေရှိနေပါတယ်။
By – အမိုး



