ခေါင်လန်ဖူးစစ်ရှောင်များ ထင်းမီးနဲ့ သောက်သုံးရေ အရေးပေါ်လိုအပ်နေ

ခေါင်လန်ဖူးဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ၁,၀၀၀ ကျော် ပူတာအိုမြို့ပေါ် ရောက်ရှိနေပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အများအပြားပါဝင်တာကြောင့် နေထိုင်စားသောက်ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာ အဓိကအခက်အခဲက ထမင်းဟင်းချက်ဖို့ ထင်းနဲ့ သောက်သုံးရေ၊ ရေချိုးဖို့နေရာ၊ အစားအသောက်နဲ့ အဝတ်အစားတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ထင်းတော့ အရမ်းခက်နေတယ်၊ ထမင်းဟင်းချက်စားဖို့ ထင်းမီးနဲ့ပဲ ချက်စားတာဆိုတော့ ထင်းက အရေးပေါ်လိုအပ်နေတယ်။ ပြီးရင် သောက်ရေ၊ ရေချိုးဖို့နေရာတွေလည်း တော်တော်လိုအပ်တယ် လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်ကစပြီး ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်နဲ့ အမှတ်ပေါ်ကျေးရွာဘက်မှာ KIA ပူးပေါင်းတပ်ဖွဲ့နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် တပ်ပေါင်းစုတို့ကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အမှတ်ပေါ်ကျေးရွာအပါအဝင် ကျေးရွာ ၃၀ ခန့်က ဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ ခေါင်လန်ဖူးရှိန်းခေါင်နယ်စပ်ဘက်က ဒေသခံတချို့အပြင် အမှတ်ပေါ်ကျေးရွာက အိမ်ခြေ ၁၀၀ ကျော်ဟာ ပူတာအိုမြို့ပေါ် မနောကွင်းနဲ့ နေရာတချို့မှာ ရောက်ရှိခိုလှုံနေကြတာ တစ်လခန့်ရှိလာပြီလို့ သိရပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ အမျိုးသမီး၊ မိန်းကလေးငယ်၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အများအပြားပါဝင်နေပြီး အိမ်ကနေ အရေးပေါ်ထွက်ပြေးလာရတာကြောင့် အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ မယူလာနိုင်သူတွေလည်း ရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တချို့ဆို ဘာမှ အဝတ်အစားထုတ်တောင် မယူလာနိုင်တဲ့သူတွေပါတယ်။ တိုက်ပွဲဖြစ်လာတော့ ဒီအတိုင်း ကိုယ်လွတ်ထွက်ပြေးလာတာပေါ့။ အခုလည်း စစ်ရှောင်တွေက ဒီဘက်ကို ပိုပိုပြီး ရောက်လာတယ် ဟု စစ်ဘေးရှောင်ကူညီနေသူက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ကလေးတွေထဲမှာ ကျောင်းတက်နေဆဲကလေးတွေ အများအပြားပါဝင်တာကြောင့် စာသင်ကြားနိုင်ဖို့ ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံနဲ့ အခြားစာရေးကိရိယာတွေ လိုအပ်နေပါတယ်။

လက်ရှိ စစ်ရှောင်နေရာတွေမှာ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားတာတွေ ရှိနေပြီး ဆေးဝါးနဲ့ ကျန်းမာရေးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မိန်းကလေးတွေအတွက် တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပူတာအိုမြို့ပေါ် ရောက်ရှိနေတဲ့ ခေါင်လန်ဖူးစစ်ဘေးရှောင်ဦးရေဟာ ခန့်မှန်းခြေ ၁,၀၀၀ ကျော်ရှိပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာရင် စစ်ဘေးရှောင်တွေ ထပ်မံတိုးလာနိုင်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒါကြောင့် စစ်ရှောင်တွေ နေထိုင်ဖို့နေရာ၊ ထင်း၊ သောက်သုံးရေ၊ အစားအသောက်နဲ့ အဝတ်အစားအပြင် ကလေးတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ဆက်လက်လိုအပ်နေပါတယ်။ 

လက်ရှိမှာတော့ တစ်ဦးချင်းနဲ့ အသင်းတော်အဖွဲ့အစည်းတချို့က လှူဒါန်းပေးတဲ့ အကူအညီတွေနဲ့ နေထိုင်ဖြတ်သန်းနေကြရတယ်လို့ သိရပါတယ်။

ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်နယ်စပ်တစ်လျှောက်က ပြည်သူ့စစ်တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် KIA နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့တို့ကြား စစ်ရေးတင်းမာလာတာကြောင့် တိုက်ပွဲတွေ ခေါင်လန်ဖူးမြို့အထိ ရောက်လာနိုင်တဲ့အခြေအနေရှိတယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။ 

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button