Starlink ဈေးနှုန်းနဲ့ အသုံးပြုပုံပြောင်းလာပေမယ့် မြစ်ကြီးနားမှာ ဆက်လက်အားထားနေရ
မြစ်ကြီးနားမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပုံမှန်မရသေးတာကြောင့် Starlink ကို အားထားအသုံးပြုနေကြရပြီး လက်ရှိမှာတော့ အချိန်အလိုက် ငွေပေးသုံးရတဲ့ပုံစံကနေ ဒေတာအလိုက် ဝယ်သုံးရတဲ့ပုံစံ ပြောင်းလာပါတယ်။
အရင်က တစ်နာရီအလိုက် ငွေပေးပြီး အသုံးပြုနိုင်ပေမယ့် အခုနောက်ပိုင်းမှာတော့ 1 GB ကို ၁,၀၀၀ ကျပ်၊ 2 GB ကို ၂,၀၀၀ ကျပ်နဲ့ 5 GB ကို ၅,၀၀၀ ကျပ်အထိ ပေးပြီး အသုံးပြုနေရတယ်လို့ မြစ်ကြီးနားမြို့က Starlink ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်ရှင်တွေက ပြောပါတယ်။
“ဈေးနှုန်းတွေက နှစ်ပတ်လောက်ပဲရှိသေးတယ် ပြောင်းကုန်တာ။ ဆိုင်မှာ 1 GB ကို ၁,၀၀၀ ပေးရတယ်။ 2 GB ကိုကျတော့ ၂,၀၀၀ ပေးရတယ်။ 5 GB ကတော့ ၅,၀၀၀ ပေါ့” လို့ Starlink ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
အသုံးပြုခပုံစံ ပြောင်းလာတာကြောင့် ဒေသခံတွေဟာ အရင်လို အင်တာနက်ကို အချိန်ပြည့်အသုံးပြုတာထက် လိုအပ်တဲ့အချိန်မှာသာ ဒေတာဝယ်ယူပြီး သုံးလာကြတယ်လို့ ဆိုပါတယ်။
အရင်က တစ်နာရီကို ကျပ် ၁၅,၀၀၀ ဝန်းကျင်အထိ ပေးပြီး အသုံးပြုသူတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒေတာကုန်ကျစရိတ်ကို ထိန်းချုပ်ဖို့ ဗီဒီယိုကြည့်တာနဲ့ လူမှုကွန်ရက်တွေမှာ ရုပ်သံကြည့်တာလို အင်တာနက်ဒေတာ အများကြီးသုံးရတဲ့ လုပ်ဆောင်မှုတွေကို လျှော့လာကြပြီး မိသားစုနဲ့ ဆက်သွယ်တာ၊ သတင်းအချက်အလက် ရှာဖွေတာလို လိုအပ်တဲ့ကိစ္စတွေအတွက် ပိုဦးစားပေးအသုံးပြုလာကြတယ်လို့ Starlink အသုံးပြုသူတွေက ပြောပါတယ်။
“ရောင်းကြေးကတော့ ကျမသွားဘူး။ အရင်က တစ်နာရီကို ၁ သောင်းခွဲလောက်တောင် သုံးကြတော့ သုံးတဲ့သူတွေကတော့ သုံးကြတာပေါ့။ ဈေးတက်တယ်ပြောပေမယ့်လည်း သုံးရတာပဲ။ အဲ့တစ်နည်းပဲရှိတာကို အဆက်အသွယ်လုပ်ရတာ။ ဖုန်းလိုင်းတွေမှ မကောင်းတာ” လို့ Starlink ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ Starlink ကို အသုံးပြုရာမှာ ဒေတာအသုံးပြုမှုပမာဏအပေါ်မူတည်ပြီး သုံးစွဲမှုကို ထိန်းချုပ်လာကြတာကြောင့် အရင်ကလို ဗီဒီယိုနဲ့ စကားပြောတာ၊ လူမှုကွန်ရက်မှာ ရုပ်သံတွေ အချိန်ပြည့်ကြည့်တာမျိုး လျော့နည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Starlink အသုံးပြုသူတစ်ဦးကတော့ လက်ရှိအသုံးပြုမှုပုံစံဟာ ဆင်းကတ်ကနေ အင်တာနက်ဒေတာဝယ်ပြီး အသုံးပြုသလို ဖြစ်လာတာကြောင့် သုံးစွဲမှုကို လိုအပ်သလောက်သာ ထိန်းသုံးနေရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် Starlink အသုံးပြုရာမှာ ဒေတာပမာဏအပေါ် မူတည်ပြီး Plan ပြောင်းလဲရတဲ့အခြေအနေတွေလည်း ရှိလာပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Plan အရ တစ်လအတွင်း 5 TB ကျော်အသုံးပြုတဲ့ စက်တွေဟာ အဲဒီ Plan နဲ့ ဆက်သုံးလို့မရတော့ဘဲ Plan ပြောင်းရမှာဖြစ်ပြီး 4 TB ဝန်းကျင်အထိ အသုံးပြုတဲ့ စက်တွေက ပိုအဆင်ပြေတယ်လို့ ဝန်ဆောင်မှုပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင်လအစောပိုင်းကစပြီး မြန်မာနိုင်ငံအတွင်း Starlink အသုံးပြုသူတချို့ထံ ကုမ္ပဏီဘက်က အသုံးပြုခွင့်ကန့်သတ်ထားတဲ့ နေရာတွေမှာ အသုံးပြုနေတဲ့အတွက် ဝန်ဆောင်မှုပိတ်နိုင်ကြောင်း အသိပေးစာတွေ ပေးပို့ခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံအတွင်း Starlink စက်တချို့ အသုံးပြုလို့မရတော့တဲ့ ဖြစ်စဉ်တွေလည်း ရှိလာခဲ့ပါတယ်။
Starlink ဟာ မြန်မာနိုင်ငံမှာ တရားဝင်ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခု မဟုတ်ပေမယ့် တိုက်ပွဲနဲ့ ဆက်သွယ်ရေးဖြတ်တောက်မှုတွေ ရှိနေတဲ့ ဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို အစားထိုးအသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် ဒေသခံတွေက အားထားအသုံးပြုလာကြတာပါ။
အထူးသဖြင့် ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အများအပြားဟာ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၁ ရက်ကတည်းက ဆက်သွယ်ရေးကန့်သတ်မှုတွေကို ရင်ဆိုင်နေရတာကြောင့် Starlink အသုံးပြုမှုက ပိုအရေးပါလာခဲ့ပါတယ်။
ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မရတဲ့အချိန်မှာ ငွေလွှဲပြောင်းတာ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်တာ၊ ခရီးသွားလာရေးအတွက် လမ်းကြောင်းအခြေအနေ သိရှိတာနဲ့ သတင်းအချက်အလက် ရယူတာတွေအတွက် Starlink ကို အသုံးပြုနေရတာ ဖြစ်ပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ KHRW ကလည်း ကချင်ပြည်နယ်အတွင်း ဆက်သွယ်ရေးဖြတ်တောက်ထားမှုကြောင့် ဒေသခံတွေဟာ သတင်းအချက်အလက် ရရှိပိုင်ခွင့်အပါအဝင် အခြေခံအခွင့်အရေးတွေ ထိခိုက်ဆုံးရှုံးနေရတယ်လို့ ထောက်ပြထားပါတယ်။
လက်ရှိမှာ မြစ်ကြီးနားမြို့အတွင်း MPT၊ Ooredoo၊ Atom နဲ့ Mytel ဖုန်းလိုင်းတွေထဲက တချို့နေရာတွေမှာ ဆက်သွယ်အသုံးပြုနိုင်လာတာတွေ ရှိပေမယ့် တည်ငြိမ်ပြီး ပုံမှန်အသုံးပြုနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် Starlink အသုံးပြုခနဲ့ Plan တွေ ပြောင်းလာပြီး ဒေတာအသုံးပြုမှုကို အရင်ထက် ပိုထိန်းချုပ်လာရပေမယ့် ဖုန်းနဲ့ အင်တာနက်အတွက် အခြားရွေးချယ်စရာတွေ မပြည့်စုံသေးတဲ့ မြစ်ကြီးနားမြို့မှာတော့ ဒေသခံတွေဟာ Starlink ကို ဆက်လက်အားထားအသုံးပြုနေရဆဲ ဖြစ်ပါတယ်။
By – အမိုး




