တရုတ်ပညာရှင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ မြစ်ဆုံကို ကွင်းဆင်

မြစ်ကြီးနားမြို့နယ်အတွင်းက မြစ်ဆုံရေကာတာစီမံကိန်းနေရာကို တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးအပါအဝင် ကချင်ပြည်နယ် စစ်ကော်မရှင်အဖွဲ့ဝင်တချို့ ဩဂုတ်လ ၃၀ ရက် မနေ့က လာရောက်ကွင်းဆင်းလေ့လာသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်း ဖြစ်မြောက်ရေးအဖွဲ့ဝင်တချို့ဟာ တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးနဲ့အတူ ရဲနဲ့ စစ်တပ်၊ စည်ပင်အဖွဲ့ဝင်တွေ၊ Jade Land က တာဝန်ရှိသူတချို့နဲ့အတူ လူ ၁၀ ဦးခန့် လာရောက်ခဲ့တာလို့ ဆိုပါတယ်။ 

အဓိကတော့ တရုတ်က ပညာရှင်တစ်ဦးပါတယ်။ စည်ပင်အဖွဲ့နဲ့ ရဲ၊ စစ်တပ်တို့ဟုတ်တယ်။ ဝန်ကြီးချုပ်ခက်ထိန်နန်တော့ မပါဘူး။ Jade Land က တာဝန်ခံတချို့လည်းပါတယ်၊ ၁၀ ယောက်လောက် မြစ်ဆုံ တန်ဖရဲဘုရားကျောင်းဝင်းထဲ ထိုင်စကားပြောကြပြီး အားလုံးပြန်ဆင်းသွားတယ် လို့ မြစ်ဆုံဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ဩဂုတ်လ ၃၀ ရက် မနက် ၉ နာရီဝန်းကျင်မှာ တန်ဖရဲကျေးရွာရှိ ဗျူဟာမှူးနဲ့ စရဖတပ်ဖွဲ့ဝင်တွေ ထိုင်ထားတဲ့ နှစ်ခြင်းဘုရားကျောင်းဝင်းထဲ ဝင်ရောက်လာပြီး ခဏဝိုင်းဖွဲ့ထိုင်ကာ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာကို ပြထားတဲ့ မြေပုံကို ထုတ်ကြည့်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီနောက် မလိခမြစ်နဲ့ မေခမြစ် ပေါင်းဆုံရာ မြစ်ဆုံနေရာကို ဆက်လက်ထွက်ခွာသွားပြီး မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ကြပါတယ်။ ကွင်းဆင်းပြီးနောက် မနက် ၁၀ နာရီကျော်လောက်မှာ အဖွဲ့လိုက် ပြန်ဆင်းသွားတယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ဟာ ရဲကားနဲ့ လုံခြုံရေးစစ်ကားတွေအပါအဝင် ကားအစီး ၁၀ စီးနဲ့ မြစ်ဆုံကို ရောက်လာခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးနဲ့အတူ စုစုပေါင်း လူ ၁၀ ဦးခန့် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖွဲ့ မရောက်လာခင် သုံးရက်ခန့်ကတည်းက အင်အား ၂၀၀ ခန့်ရှိတဲ့ ရှေ့ပြေးစစ်သားတွေကို မြစ်ဆုံသွားလမ်းတစ်လျှောက် ဖြန့်ချထားပြီး လုံခြုံရေးယူပေးထားခဲ့တယ်လို့လည်း သိရပါတယ်။

အခုလို မြစ်ဆုံကို လာရောက်ကွင်းဆင်းတဲ့ အကြောင်းရင်းအသေးစိတ်ကိုတော့ မသိရသေးပေမယ့် အဖွဲ့ဝင်တွေဟာ ဒေသခံတွေနဲ့ ထွေထွေထူးထူး တွေ့ဆုံတာမျိုး မရှိဘဲ မြစ်ဆုံစီမံကိန်းနေရာကို လာရောက်ကြည့်ရှုလေ့လာပြီး ပြန်ဆင်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဓိကတော့ သူတို့က ဒီတိုင်းလာရောက်ပြီး ကွင်းဆင်းကြည့်ရှုတာ၊ လာလေ့လာတာလောက်ပဲ လုပ်သွားတဲ့အခြေအနေပဲ။ အခြားထွေထွေထူးထူး ဟောပြောပွဲတွေ မရှိဘူး။ အဲလိုပဲ Map လာဖွင့်ကြည့်တယ်။ နည်းနည်းပါးပါး လေ့လာကွင်းဆင်းကြည့်ရှုတာ။ ဘာမှတော့ မလုပ်သွားဘူး ဟု မြစ်ဆုံဒေသခံက ဆက်ပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့ မြစ်ဆုံကို မရောက်လာခင် ဩဂုတ်လ ၃၀ ရက် မနက် ၆ နာရီခန့်ကတည်းက ဒေသခံတွေက “NO Myitsone Dam” စာသားပါ ကတ်ပြားတွေကို မြစ်ဆုံသွားလမ်းတစ်လျှောက် မြင်သာတဲ့ လမ်းဘေးနေရာတွေမှာ လိုက်လံကပ်ထားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း မြစ်ဆုံရေကာတာစီမံကိန်း ဖြစ်မြောက်ရေးအတွက် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် ခန့်အပ်ထားတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုယ်တိုင် ဦးဆောင်ပြီး ပြည်သူတွေကို စည်းရုံးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မေခမြစ်နဲ့ မလိခမြစ် ပေါင်းဆုံစီးဆင်းရာ မြစ်ဆုံမှာ ရေကာတာစီမံကိန်းကြီး လုံးဝဆောက်လုပ်လို့ မသင့်တော်ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်တွေက ထောက်ပြသတိပေးမှုတွေ ရှိနေပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်လှုပ်ရှားတာတွေကို စစ်တပ်က ပိတ်ပင်ထားပြီး ကန့်ကွက်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားက ကချင်ပြည်သူတွေထဲက ဒေသခံတချို့ဟာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း အသံထွက်သပိတ်တွေနဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်နေကြပါတယ်။

အဲဒါအပြင် ကချင်ပြည်နယ်အတွင်းက အရပ်ဘက်အဖွဲ့အစည်းတွေကလည်း မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်တွေ ဆက်တိုက် ထုတ်ပြန်နေကြပါတယ်။

စစ်ကောင်စီနဲ့ သက်ဆိုင်ရာအဖွဲ့တွေဟာ မြစ်ဆုံရေကာတာစီမံကိန်း ဖြစ်မြောက်ဖို့ ကြိုးပမ်းနေပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုယ်တိုင် တရုတ်နိုင်ငံကို သွားရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြစ်ဆုံအရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံမှုကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မြေပြင်မှာ ရေကာတာဆောက်လုပ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သိသာထင်ရှားတဲ့ လှုပ်ရှားမှုတွေကို မတွေ့ရသေးပေမယ့် တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးအပါအဝင် သက်ဆိုင်ရာအဖွဲ့တွေ မြစ်ဆုံစီမံကိန်းနေရာကို ပထမဆုံးအကြိမ် လာရောက်ကွင်းဆင်းလေ့လာသွားတာ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button