ကသာနယ်အဝင် စစ်ကြောင်းတွေ ရောက်နေ၊ စစ်ယာဉ်တန်းလာဖို့ရှိဟုဆို
စစ်ကိုင်းတိုင်း ကသာမြို့ကကျေးရွာတချို့မှာ ခြေလျင်စစ်ကြောင်းအင်အားအများအပြားရောက်ရှိနေပြီး မန္တလေးဘက်ကနေ မြောက်ဘက်ကိုဦးတည်နေတဲ့ စစ်ယာဉ်တန်း အစီးရေ ၃၀၀ ကျော်ဟာလည်း ထီးချိုင့်မြို့မှာရောက်ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကသာမြို့အဝင်ကရွာတွေကို ခြေလျင်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကစလို့ ခြေလျင် စစ်ကြောင်းတွေ ရောက်ရှိနေတဲ့အခြေနေဖြစ်ပြီး ယာဉ်တန်းတွေဟာ ထီးချိုင့်မြို့နယ်အတွင်းနေရာယူထားတဲ့အခြေနေဖြစ်ပါတယ်။
ကသာမြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်ကြောင်းတွေဟာ အင်အား ၁,၇၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သတင်းရင်းမြစ်တချို့က ပြောဆိုပေမယ့် တခြားမြေပြင်သတင်းရင်းမြစ်တချို့ကတော့ အင်အား ၇၀၀ ကျော်သာရှိတယ်လို့ ပြောပါတယ်။ အင်အားနဲ့ ပတ်သက်ပြီး သတင်းရင်းမြစ်တွေအကြား ကွာခြားချက်တော့ရှိနေပါတယ်။
ကသာမြို့နယ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ မန္တလေးဘက်ကနေ တက်လာတဲ့ စစ်ယာဉ်တန်းဟာ ကသာကို ဦးတည်လာနေပြီး စစ်ကားအစီးရေ ၃၀၀ ခန့် တက်လာမယ်လို့ ကြားထားကြောင်း ပြောပါတယ်။
“ကျနော်သိရတာကတော့ မန္တလေးကနေ ကသာပေါ့နော် လက်ရှိဦးတည်တာကတော့။ စစ်ကား အစီး ၃၀၀ တက်ဖို့ ကျနော်တို့ ကြားထားပါတယ်။ ကသာပြီးရင် မြစ်ကြီးနားကိုပဲ ဆက်တက်မလား မော်လူး၊ မော်ဟန်တကြောကိုပဲ သွားမလား ဒါကတော့ မသိနိုင်ဘူးခင်ဗျ”လို့ သူက ပြောပါတယ်။
အဲ့ဒီယာဉ်တန်းတွေ တက်လာနိုင်ရေးအတွက် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးတဲ့ ပုံစံမျိုးနဲ့ ခြေလျင်စစ်ကြောင်းတွေ လှုပ်ရှားနေတယ်လို့လည်း အဲ့ဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ယူဆထားပါတယ်။
“အဲ့ဒီကားယာဉ်တန်းထိုးတက်ဖို့အတွက်ကို လမ်းကြောလုံခြုံရေးအတွက် ကာကင်းပုံစံမျိုးနဲ့ စစ်ကြောင်းထိုးတယ်လို့ ကျနော်ကတော့ ထင်ပါတယ်”
လို့ သူကဆိုပါတယ်။
ထီးချိုင့်မြေပြင်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ အချက်အလက်အရ ခြေလျင်စစ်ကြောင်းတချို့ဟာ ကသာမြို့နယ်အတွင်းက သံပုရာရွာဘက်မှာ ရောက်ရှိနေပြီး ယာဉ်တန်းတွေကတော့ ထီးချိုင့်မြို့နယ်အတွင်းမှာ ရှိနေသေးတယ်လို့ သိရပါတယ်။
“စစ်ကြောင်းကတော့ ကသာမြို့နယ်ထဲက သံပုရာရွာမှာ ရောက်နေတယ်လို့တော့ သိရတယ်။ ကားတွေကတော့ ထီးချိုင့်မြို့နယ်ထဲမှာပဲ ရှိသေးတယ်။ ဘယ်မှတော့ ထွက်တာ မကြားရသေးဘူး”လို့ သူက ပြောပါတယ်။
ကသာမြို့ခံတစ်ဦးကလည်း ထီးချိုင့်–ကသာလမ်းပိုင်းကို လက်တလော ခရီးသွားကားတွေလည်းပြန်လည်အသုံးပြုနေပြီး ကာကွယ်ရေးတပ်တွေဘက်က လမ်းပိုင်းဖျက်ဆီးထားတာတွေကို မြေဖို့ပြုပြင်ပြီး ယာဉ်တွေ ပြန်လည်သွားလာနေတာလို့ ပြောပါတယ်။
ခရီးသွားကားနဲ့ကုန်ကားတွေအတွက်တော့ လက်တလောလမ်းကြောင်းပြန်ပွင့်သွားတဲ့အခြေနေဖြစ်ပေမဲ့ ဒီတစ်ကြိမ်တက်လာတဲ့ စစ်ယာဥ်တန်းတွေဟာကသာပြီးနောက် မြစ်ကြီးနားဘက် ဆက်လက်တက်မလား၊ မော်လူး–မော်ဟန်တကြောကို ဦးတည်မလား ဆိုတာ လက်ရှိအချိန်မှာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မန္တလေး–မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ အဓိကလမ်းကြောင်းမှာ ဧရာဝတီမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ဆိုပြီး လမ်းကြောင်း ၂ ခုရှိပါတယ်။
အရှေ့ဘက်လမ်းက မန္တလေး–မတ္တရာ–တကောင်း–ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–မြစ်ကြီးနားလမ်းဖြစ်ပြီး အနောက်ဘက်လမ်းကတော့ မန္တလေး–စစ်ကိုင်း–ရွှေဘိုဘက်ကနေ အင်းတော်–မော်လူးဘက်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
အရှေ့ဘက်လမ်းကြောင်းဟာ တိုက်ပွဲတွေနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ကြာရှည်ပိတ်ထားခဲ့ပြီး စစ်တပ်က အင်းတော်နဲ့ မော်လူးမြို့တွေကို ပြန်လည်ထိန်းချုပ်ပြီးနောက် ယခုနှစ် မေလ ၆ ရက်မှာ လမ်းကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တိုက်ပွဲတွေနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် လမ်းပိုင်းတချို့မှာ ကွင်းလမ်းတွေကို အသုံးပြုနေရဆဲလို့သိရပါတယ်။
အနောက်ဘက်လမ်းမှာလည်း စစ်ကိုင်းတိုင်းဒေသတွင်း တိုက်ပွဲနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် လမ်းမကြီးအတိုင်း ပုံမှန်သွားလာဖို့ အခက်အခဲရှိနေပြီး အချို့နေရာတွေမှာ ကွင်းလမ်းနဲ့ ဇက်ကူးလမ်းကြောင်းတွေကို အသုံးပြုနေရတာလို့သိရပါတယ်။
မန္တလေး–ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–မြစ်ကြီးနား လမ်းကြောင်းပေါ်ကိုစစ်ယာဉ်တန်းတွေဟာ ယခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာလည်း အကြိမ်ကြိမ် ဖြတ်သန်းခဲ့ပြီး လမ်းကြောင်းတစ်လျှောက်နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေလည်း ပြင်းထန်ခဲ့တာပါ။
အဲ့ဒီတလောကတက်လာတဲ့ စစ်ယာဥ်တန်းတွေနဲ့အတူ ကုန်တင်ကား၊ခရီးသွားကားတွေပါတစ်ခါတည်းမြစ်ကြီးနားမြို့ကို ဝင်ရောက်ခဲ့သလို စစ်ယာဥ်တန်းတွေကတော့မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဘက်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
မေလ ၃၁ ရက်နေ့မှာလည်း ယာဉ်အစီးရေ ၂၀၀ ခန့်ပါတဲ့ ယာဉ်တန်းတစ်ခု ထပ်မံရောက်ရှိခဲ့တယ်လို့ KNG က အဲဒီအချိန်က ရေးသားခဲ့ပါတယ်။
အဲဒီမေလအတွင်း တက်လာတဲ့ ယာဉ်တန်းနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါး၊ ကျောင်းသုံးစာအုပ်နဲ့ စက်သုံးဆီတွေ သယ်ဆောင်လာတာလို့ ထုတ်ပြန်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဒေသတွင်းသတင်းရင်းမြစ်တွေက အဆိုပါယာဉ်တန်းတွေ တက်လာတဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိအခြေအနေမှာတော့ မန္တလေးကနေ ကသာဘက်ကို ဦးတည်လာတဲ့ ယာဉ်အစီးရေ ၃၀၀ ကျော်နဲ့ ခြေလျင်စစ်ကြောင်းတွေ ဘယ်နေရာအထိ ဆက်လက်ရွေ့လျားလာမလဲဆိုတာကို မြေပြင်သတင်းရင်းမြစ်တွေက ဆက်လက်စောင့်ကြည့်နေပါတယ်။
By – အမိုး




