မန်ဝိန်းကြီးအနီး ကျေးရွာထဲမှာ KIO မြေရှားသတ္တုဆိုဒ်အသစ် စတင်လုပ်ကိုင်

ကချင်ပြည်နယ် မံစီမြို့နယ်ထဲက KIO ထိန်းချုပ်နယ်မြေ မန်ဝိန်းကြီးဒေသမှာ ဒေသခံတချို့ ကန့်ကွက်နေတဲ့ကြားက “ဗဟိုစီမံကိန်း” လို့ဆိုပြီး မြေရှားသတ္တုဆိုဒ်အသစ်တစ်ခုကို လုပ်ကိုင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မန်ဝိန်းကြီးကနေ ၄ မိုင်ခန့်အကွာ ခခေကျေးရွာ (Hkahkye Mare) မှာ KIO ခွင့်ပြုချက်နဲ့ တရုတ်လုပ်ငန်းရှင်တွေက မြေရှားသတ္တုဆိုဒ်အသစ် ဖော်ဆောင်ထားပြီး အတည်တကျ တူးဖော်မှု စတင်တာ နှစ်လကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ ရေသိုလှောင်ကန်တွေ အကုန်တူးပြီး လုပ်ငန်းလုပ်နေပြီ။ ဩဂုတ်လဝက်ကတည်းက စလာတာ ဟုတ်တယ်။ စမ်းသပ်တူးဖော်တာတွေ အကုန်ပြီးစီးပြီး အခုတော့ အတည်လုပ်ငန်း စနေပြီ၊ မြေရှားထုတ်တော့မှာ။ ရွာထိပ်မှာပဲ၊ ရွာနဲ့ ကပ်လျက်ပဲ။ တရုတ်လုပ်ငန်းရှင်တွေကို တူးဖော်ခွင့်ပြုလိုက်တာ“ လို့ မန်ဝိန်းကြီးဒေသခံတစ်ဦးက ပြောပါတယ်။

ခခေကျေးရွာထိပ်မှာ မြေရှားသတ္တု စမ်းသပ်တူးဖော်မှုကို မတ်လဆန်းက စတင်ခဲ့ပြီး ဩဂုတ်လလယ်မှ စတင်ကာ အတည်တကျ လုပ်ကိုင်လာတယ်လို့ သိရပါတယ်။

စမ်းသပ်တူးဖော်စဉ်ကတည်းက ရွာသားတွေကြားမှာ ကန့်ကွက်သူတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးဖြင့် သဘောတူလက်ခံသူ ပိုများလာတာကြောင့် “ဗဟိုစီမံကိန်း” အဖြစ် လုပ်ကွက်အသစ်ကို ဆက်လုပ်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခခေကျေးရွာသားတွေဟာ အရင်က စစ်ရှောင်ခဲ့ရပြီး မကြာသေးခင်ကမှ နေရပ်ပြန်လာကြတာပါ။ ကျေးရွာ ပြန်လည်ထူထောင်ခါစမှာပဲ KIO က “ဗဟိုစီမံကိန်း” လို့ဆိုပြီး ရွာထဲမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို စတင်လိုက်တာ ဖြစ်ပါတယ်။

အိမ်ခြေ ၃၀ ဝန်းကျင်သာ ပြန်လည်နေထိုင်နေတဲ့ ဒီကျေးရွာမှာ လုပ်ငန်းဆိုဒ်အနီးက အိမ်တချို့ကို တရုတ်ဘက်က လျော်ကြေးငွေ ပေးခဲ့ပြီး ကန့်ကွက်တဲ့ ရွာသားတချို့ကိုလည်း ငွေပေးတာ၊ ဖိအားပေး နှုတ်ပိတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အစကတော့ ဘယ်သူမှ သဘောမတူကြဘူး။ ဒါပေမယ့် နောက်တော့ ငွေထုတ်ပေးတာ ရှိတော့ သဘောမတူလို့ မရဖြစ်သွားတာပေါ့။ ပြီးတော့ ဗဟိုကလည်း ‘ဒါက မတူးလို့မရဘူး၊ တူးကိုတူးရမယ့် ဗဟိုစီမံကိန်း‘ လို့ ပြောတယ်လေ။ ‘ဘယ်ကိုပဲ စာတင်တင်၊ ဘယ်သူပဲ ကန့်ကွက်ကန့်ကွက် တူးမှာက တူးမှာပဲ။ တူးမယ်၊ မတူးဘူးဆိုတာ နင်တို့ရွာသားတွေ ပြောရတဲ့ဟာမျိုး မဟုတ်ဘူး၊ ကျနော်တို့ အစိုးရတွေ ဆုံးဖြတ်ရမယ့်အလုပ်‘ တဲ့။ ဒါကြောင့်လည်း ရွာသားတွေက သဘောတူပေးလိုက်ရတာပေါ့” လို့ ဒေသခံက ဆက်ပြောပါတယ်။

PSA

စီမံကိန်းကို လက်မခံနိုင်တဲ့ ရွာသားတချို့ရှိပေမယ့် “မဖြစ်မနေ လုပ်ရမယ့် KIO ဗဟိုစီမံကိန်း” လို့ ပြောထားတာကြောင့် ကန့်ကွက်ဖို့ ခက်ခဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ခခေကျေးရွာက မြေရှားသတ္တုဆိုဒ်ထဲမှာ ဘက်ဟိုး၊ ဘူဒိုဇာ ၅ စီးခန့် တွေ့ရပြီး မြေရှားအတွက် ရေလှောင်ကန်တွေ တူးပြီးပြီလို့ သိရပါတယ်။ ဒီဆိုဒ်ကြောင့် ရွာထဲက အိမ် ၂ လုံးလည်း ရွှေ့ပြောင်းလိုက်ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO တာဝန်ရှိသူတွေရဲ့ အမြင်ကို KNG က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

မန်ဝိန်းကြီးဒေသမှာ KIO ထိန်းချုပ်တဲ့ မြေရှားလုပ်ကွက်တွေ တိုးလာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်က TNLA ထိန်းချုပ်နယ်မြေထဲမှာလည်း ၂၀၂၅ ဒီဇင်ဘာလကစပြီး မြေရှားသတ္တုတွင်းတွေကို တွေ့လာတယ်လို့  သိရပါတယ်။  ဒီလုပ်ငန်းတွေမှာ တရုတ် နဲ့ ဝ ကုမ္ပဏီတွေ၊ ကိုးကန့် MNDAA နဲ့ UWSA တို့ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်အခြေစိုက် Stimson Center က ၂၀၂၆ ဇူလိုင်လမှာ ဖော်ပြခဲ့ပါတယ်။

ကချင်–ရှမ်း ထိစပ်နေတဲ့ မန်ဝိန်းကြီး၊ မန်တုံ စတဲ့ဒေသတွေမှာ ယခင်က မြေရှားသတ္တုတွင်း မရှိခဲ့ပေမယ့် မကြာသေးခင်ကစပြီး တဖြည်းဖြည်း ပျံ့နှံ့လာနေတာ ဖြစ်ပါတယ်။

၂၀၂၆ မတ်လကစပြီး မန်ဝိန်းကြီးအနီး ကျေးရွာတချို့မှာ စမ်းသပ်တူးဖော်မှုတွေ စတင်လာခဲ့တယ်လို့ KNG က မေလမှာ သတင်းဖော်ပြခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ဗန်းမော်ခရိုင်အတွင်းရှိ အင်ဘာပါနဲ့ ဒင်ဆင်ပါ ကျေးရွာတွေမှာ ဒေသခံတွေ တညီတညွတ်တည်း ကန့်ကွက်ခဲ့တာကြောင့် KIO က မြေရှားစီမံကိန်းတစ်ခုကို ရုပ်သိမ်းခဲ့ဖူးပါတယ်။

By –

Show More

Leave a Reply

Back to top button