တိုက်ပွဲနယ်မြေ ရှဒူးဇွပ်မှာ နိုင်ငံကျော်ရုပ်ရှင်မင်းသမီးတွေခေါ်ပြီး ပွဲကျင်းပနေ

တိုက်ပွဲနယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ လီဒိုလမ်းမပေါ်က ရှဒူးဇွပ်ဒေသမှာ ရံပုံငွေပွဲလို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံကျော်ရုပ်ရှင်မင်းသမီးတွေနဲ့ အနုပညာရှင်တွေကို ဖိတ်ခေါ်ကာ လောင်းကစားဝိုင်းမျိုးစုံ ဖွင့်လှစ်ပြီး ပွဲကျင်းပနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ အဓိကတပ်စခန်းရှိရာ စံပြကျေးရွာမှာ အောက်တိုဘာ ၂၇ ရက်ကစပြီး ပွဲကျင်းပနေတယ်လို့ စံပြကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“သူက ဇာတ်ပွဲလည်းဟုတ်တယ်။ ပြီးရင် နိုင်ငံကျော်မင်းသမီး ထက်ထက်ထွန်းတွေလည်းပါတယ်။ ပွဲခင်းထဲမှာဆိုရင်လည်း လောင်းကစားဝိုင်းတွေကြီးပဲ” လို့ ပြောပါတယ်။

ပွဲကျင်းပနိုင်ရေးအတွက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ပြည်သူ့စစ်အင်အား ရာနဲ့ချီ အသုံးပြုပြီး လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

ဒီပွဲကို ဝါရာဇွပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ အုပ်ချုပ်ရေးရုံး ဆောက်လုပ်နိုင်ရေးအတွက် ရံပုံငွေရှာဖွေတဲ့ပွဲလို့ ခေါင်းစဉ်တပ်ထားပြီး အောက်တိုဘာ ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲခင်းအတွင်းမှာ စားသောက်ဆိုင်တွေထက် ခြောက်ဂေါင်ဂျင်၊ ငါးပစ်ဂိမ်းနဲ့ တခြားလောင်းကစားဝိုင်းတွေကို ပိုမိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ၄ ရက်ကြာ ကျင်းပမယ့်ပွဲမှာ ဇာတ်ပွဲအပြင် ရုပ်ရှင်မင်းသမီး ထက်ထက်ထွန်း၊ ခြူးလေး၊ DJ လမင်းကဗျာနဲ့ တေးသံရှင် မင်းရတုပိုင်တို့ကိုလည်း ဖျော်ဖြေရေးအတွက် ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

PSA

ဝါရာဇွပ်ကျေးရွာအုပ်စုထဲက ရှဒူးဇွပ်၊ စံပြ၊ အောင်ရာနဲ့ ဘန်ကောက်ကျေးရွာတွေဟာ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က အဓိကထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်ပါတယ်။

ဒီဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေနဲ့လည်း မကြာခန တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအတွင်း အခုလို ပွဲလမ်းသဘင်ကျင်းပနေတာကြောင့် ဒေသခံတွေကြားမှာ လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိနေသလို ဝေဖန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒီပွဲကျင်းပတာဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံးမှာ ပွဲလမ်းသဘင်တွေ ကျင်းပဖို့ ညွှန်ကြားထားတာကြောင့် ဖြစ်နိုင်တယ်လို့ ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။

“အဓိကတော့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ထဲမှာက SNA နဲ့ တခြားသော ပြည်သူ့စစ်အဖွဲ့တွေလည်းရှိတယ်လေ။ နောက်ပြီး မင်းအောင်လှိုင်ကလည်း တစ်နိုင်ငံလုံးပွဲလမ်းသဘင်တွေကို ကျင်းပခိုင်းနေတယ်လေ။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတယ်လို့မြင်ပါတယ်။ ပြီးရင် သူတို့အုပ်ချုပ်တဲ့နေရာမှာ ပွဲလမ်းသဘင်တွေလည်း ကျင်းပနိုင်တယ်ဆိုတဲ့သဘောတွေ့အောင် ကျင်းပတာလည်းဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့စစ်ရှိတဲ့ စံပြကျေးရွာမှာ အုပ်ချုပ်ရေးရုံးဆောက်လုပ်ရေးရံပုံငွေခေါင်းစဉ်တပ်ပြီး ပွဲလမ်းသဘင်တွေကျင်းပနိုင်ကြောင်းပြသတဲ့ သဘောဖြစ်တယ်လို့ ဆက်ပြီးသုံးသပ်ပြောဆိုပါတယ်။

လက်ရှိပွဲကျင်းပနေတဲ့ စံပြကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းကို KIA တပ်တွေက ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်မှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ဖူးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မင်းဇေသန့်က ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းပြီး တနိုင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာတာကြောင့် KIA တပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ရှဒူးဇွပ်ဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း ၁၄ လက်အောက် ထိန်းချုပ်ရာဒေသတစ်ခုဖြစ်ပါတယ်။

By – နော်ထွယ့်

Show More

Leave a Reply

Back to top button