ဆောင်းပါးသတင်းဆောင်းပါး

ပြန်လည် လှုပ်နိုးလာသည့် မြစ်ဆုံစီမံကိန်း

မြန်မာပြည်မြောက်ဖျားပိုင်း မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာ ဧရာဝတီမြစ်အစမှာ တရုတ်ရင်းနှီးမြုပ်နှံမှု ရေအားလျှပ်စစ် စီမံကိန်းတစ်ခုဖြစ်သည့်မြစ်ဆုံစီမံကိန်းရပ်နားခဲ့သည်မှာ ဆယ်စုနှစ် တစ်စု ကျော်လာ ခဲ့ပြီ  ဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်ရပ်နားခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ အစိုးရလက်ထက်တွင်လည်း အကောင်အထည်ဖော်ခြင်းမရှိခဲ့ပြီးနောက် စီမံကိန်းနှင့်ပတ်သက်ပြီး ပြောဆိုမှုများလည်း တိုးတိတ်နေခဲ့သည်။

သို့သော်လည်း ယခုနှစ်၊ ပြီးခဲ့သည့် ဩဂုတ်လ () ရက်နေ့ နေပြည်တော်အစည်းအဝေးတစ်ခုတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လျှပ်စစ်ဓါတ်အားလိုအပ်ချက်သည် အထူးစိန်ခေါ်ချက်ဖြစ်လာသောကြောင့် လျှပ်စစ် စီမံကိန်းများကို ပြန်စသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းမီဒီယာတချို့တွင် အတည်ပြုပြောဆိုကြသည်။

အစည်းအဝေးတွင် စစ်ခေါင်းဆောင်က တိုင်းပြည်ကို လျှပ်စစ်မီး မှန်မှန်မ‌ပေးနိုင်တာက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်ခဲ့တာကြောင့်လည်း တစ်ချက်ပါဝင်တယ်” ဟုအစည်းအဝေးတက်ရောက်ခဲ့သူများ၏ ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြကြသည်။

လက်ရှိ တိုင်းပြည်အာဏာကို လက်နက်နှင့်သိမ်းယူထားသည့် အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက်၏ နှုတ်ဖျားမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ရည်ညွှန်းပြောဆိုလာမှုနှင့်အတူ မြေပြင်တွင်လည်း ကန့်ကွက်မှုများ ရှိလာခဲ့သည်။

မြစ်ဆုံစီမံကိန်းကို အစဉ်ကန့်ကွက်ခဲ့သူ မြစ်ဆုံကျေးရွာဒေသခံ အမျိုးသားတစ်ဦးဖြစ်သော ဦးခွန်းဆိုင်း ပြောတာကတော့ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တယောက်က မြစ်ဆုံစီမံကိန်း ရပ်ထားလို့ တိုင်းပြည်ကို လျှပ်စစ်မီးမှန်အောင် မပေးနိုင်ဘူးဆိုတာက အဓိပ္ပာယ်မရှိပါဘူး။ ချီဖွေငယ်ကလာတဲ့ လျှပ်စစ်မီးတောင် ကချင်မှာ ဖူလုံပိုလျှံလို့ အောက်ပြည်အောက်ရွာကိုတောင် ဖြည့်ပေးနေတာ အားလုံးအသိဘဲလေ။ ဒါ ချီဖွေငယ် လျှပ်စစ်တစ်ခုကိုဘဲ ထည့်ပြောတာနော်။ နောက်ပြီး အခုနေပြည်တော်နဲ့ အနီးကပ်ဆုံးမှာရှိတဲ့ လောပိတကလာတဲ့ လျှပ်စစ်က ဘယ်သူတွေရနေတာလဲ။ သူ့(စစ်ခေါင်းဆောင်ကို ဆိုလို)အနေနဲ့ အခုလို မြစ်ဆုံကို ရည်ညွှန်းပြောဆိုလာတာက စစ်ရေးဘက် ရှုံးနိမ့်နေလို့ နိုင်ငံရေးလှည့်ကွက်ဘက် တစ်ခုလုပ်ချင်တာ ထက်မပိုဘူး” ဟု ဆိုသည်။

စစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အသံပြန်ထွက်လာပြီးနောက် ဩဂုတ်လ (၂၄ရက်နေ့တွင် စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့ရှိ အစိုးရအဖွဲ့ရုံးမှာ တိတ်တဆိတ် တွေ့ဆုံဆွေးနွေးမှုများရှိလာခဲ့သည်။ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေး မြင့်တင်ရေးကိစ္စရပ်များနှင့် ပတ်သက်ကာ လိုအပ်ချက်များကို အထူးတလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ယင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သော အမည်မဖော်သော ညွှန်ကြားရေးမှူးတစ်ဦးက ယခုလို ပြောပြ သည်။

အဓိကတော့ ပြည်နယ်အတွင်းက နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေပြောဖြစ်ကြတယ်။ အဲ့မှာ နှစ်ဖက်အစိုး ရတာဝန်ရှိသူတွေက ဘာတွေလုပ်ကြမလဲ။ နောက်ပြီး ဒီကုန်သွယ်ရေးစခန်းတွေမှာ အဓိကလိုအပ် ချက်တစ်ခုဖြစ်တဲ့ လျှပ်စစ်ကိစ္စအတွက်လည်း ပြောဖြစ်ကြတာတွေရှိတယ်။ ထပ်ဆွေးနွေးကြဖို့ လုပ်ထားတာ တွေလည်း ရှိတယ်။ လောလောဆယ်တော့ ဒီလောက်ဘဲ ပြောပြလို့ရသေးတယ်။ ဟု ပြောသည်။

ယခုနှစ် ဇွန်လ (၁၀) ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်ဦးဆောင်သောအဖွဲ့ ကလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်။ ထိုအချိန်ကလည်း နယ်စပ်ကုန်သွယ်ရေးနှင့် လျှပ်စစ်ကိစ္စကိုသာ ပြောဆိုဆွေးနွေးသွားခဲ့ကြောင်း တက်ရောက်ခဲ့ကြသည့် သတင်းရင်းမြစ်များက အတည်ပြုသည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ်သို့ တရုတ်အထူးကိုယ်စားလှယ်အဖွဲ့မှ တိုးတိုးတိတ်တိတ်နှင့် သုံးလေးကြိမ် ထက်မနည်းလာရောက်ထားသည်ကိုလည်း စုံစမ်းသိရှိထားသည်။

ထူးခြားချက်မှာ ထိုခရီးစဉ်တွင် တရုတ်ကိုယ်စားလှယ်များဖြင့် လိုက်ပါလာသူများတွင် လျှပ်စစ်မီးကျွမ်းကျင်သုတေသန ပညာရှင်များ ပါဝင်လာနေခြင်းဖြစ်သည်။ ထို့အပြင် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ ကချင်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြချိန် ပါဝင်တက်ရောက်သူများ၏ လက်ကိုင်ဖုန်းများကို သက်ဆိုင်ရာဝန်ထမ်းများက သိမ်းဆည်းခဲ့သည်ဟု သတင်းရင်း မြစ်များက အတည်ပြု ပြောဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့များ ကချင်ပြည်နယ်အတွင်း ခြေရှုပ်လာမှုသည့် အခြေအနေများနှင့်ပတ်သက်ပြီး ကချင် နိုင်ငံရေးသုတေသီ ကိုခွန်းအောင်( အမည်လွဲ) က ယခုလို ပြောသည်။

တရုတ်ကတော့ မရရအောင်ကို ကြိုးစားနေမယ့်ပုံပဲ။ သူ့အတွက် အကျိုးအမြတ်က ကြီးမားတယ်လေ။ သဘောတူစာချုပ်အရပေါ့။ အရင်းအနှီးကလည်း အတော်လေးဝင်သွားခဲ့ရပြီ မဟုတ်လား။ နောက်ပြီး သူ့နိုင်ငံရဲ့ အနောက်မြောက်ဒေသအချို့ (သူ့အတွက် လက်လှမ်းရခက်တဲ့ နေရာတချို့)ကို မီးပေးနိုင်လိမ့်မယ်လို့ ယူဆပုံပဲ။ မီးရရင် ခြောက်သွေ့နေတဲ့ သူ့နေရာတချို့ ဖွံ့ဖြိုးလာမယ်လေ။ ဒါကတော့ ကျွန်တော့ထင်မြင်ယူဆမှုပါ။” ဟု ပြောသည်။

မြစ်ဆုံစီမံကိန်း က ဘယ်လိုစီမံကိန်းမျိုးလဲ

 ဧရာဝတီမြစ်ဆုံ စီမံကိန်းကို လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကတဆင့် မြန်မာစစ်အစိုးရအနေဖြင့် ရေအားလျှပ်စစ်ဓါတ်ယူဖို့ တရုတ်အစိုးရထံမှ ငွေအား၊ နည်းပညာအား အကူ အညီတောင်းခံခဲ့ရာမှ အစပြုခဲ့ခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းသည် ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်သွားမည့် ရေအားလျှပ် စစ်စီမံကိန်းတစ်ခုတည်းမဟုတ်ဘဲ၊ မလိ ခမြစ်ပေါ်တွင် ရေကာတာတစ်ခု၊ မေခမြစ်ပေါ်တွင် ရေကာတာ ငါးခု၊ မေခ နှင့် မလိခပေါင်းစုံရာ ဧရာဝတီမြစ်ဆုံတွင် ရေ ကာတာတစ်ခု စုစုပေါင်း ရေအားလျှပ်စစ် ရေကာတာ ခုနှစ်ခု တည်ဆောက်သွားရန်ဖြစ်သည်။ ရေကာတာ စီမံကိန်းအားလုံး ပြီးစီးခဲ့ရင် ရေအားလျှပ်စစ် စက်ရုံမှ ဓါတ်အားပမာဏ ၂၁၆၀၀ ဝပ် ရရှိမည်ဟု သုံးသပ်ထားကြသည်။

မြစ်ဆုံစီမံကိန်းသည် တရုတ်အစိုးရ၏ နိုင်ငံခြားတွင်အကောင်ထည်ဖော်သည့် စီမံကိန်းများထဲမှ ဒုတိယမြောက် အကြီးဆုံးစီမံကိန်း တစ်ခုလည်း ဖြစ်သည်။ ကနဦးအပြန်အလှန်သဘောတူညီချက်များအရ မြစ်ဆုံစီမံကိန်းအတွက် မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် အေးရှာဝေါလ်က ၅ ရာခိုင်နှုန်းနဲ့ တရုတ် CPI က ၈၀ ရာခိုင်နှုန်းခန့် ထည့်ဝင်လုပ်ကိုင်ကြမည်ဟု သိရသည်။

ထွက်ရှိလာသော လျှပ်စစ်ဓါတ်အား၏ ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက အခမဲ့သုံးစွဲခွင့်ရမှာဖြစ်သလို ထပ်မံလိုအပ်လာပါက နောက်ထပ် ၂၀ ရာခိုင်နှုန်းအထိ ကုမ္ပဏီကနေ ဝယ်ယူရနိုင်ပါသည်။ ထိုသို့ ဝယ်ယူသည့်အခါ ဈေးနှုန်းကို ကုမ္ပဏီကနေ တရုတ် ဒါမှမဟုတ် တခြားနိုင်ငံများကို ရောင်းချသည့် ဈေးနှုန်းအတိုင်း သက်မှတ်ထားကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြစ်ဆုံစီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်ဓါတ်အားကို တရုတ်နိုင်ငံတစ်ခုတည်းသာ အသုံးပြုမည်မဟုတ်ဘဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံများအထိ ရောင်းချသွားရန် ပြင်ဆင်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်းက အငြင်းပွားဖွယ်ရာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အနည်းဆုံး အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် ရင်းနှီးမြုပ်နှံထားသောကြောင့် တရုတ်နိုင်ငံဘက်မှ မြစ်ဆုံစီမံကိန်းနဲ့ပက်သက်လာရင် ယနေ့အထိ သဲသဲလှုပ်နေခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်ဘက်က လက်မလျော့ဘဲကြိုးစားနေရခြင်းမှာလည်း စီမံကိန်းလုံးလုံး မစတင်မှီတွင် ဆိုင်းငံ့လိုက်ခြင်းမျိုး မဟုတ်ဘဲ အတိုင်းအတာ တစ်ခု အထိ ငွေကုန်ကျခံ အကောင်အထည်ဖော်ပြီးမှ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြဿနာများဖြင့် မတင်မကျ ကျန်ရစ်နေခဲ့ရခြင်းဖြစ်သည်။

မြစ်ဆုံစီမံကိန်း တကယ် ဖြစ်မှာလား။

လက်တလောတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်းကို ရည်ညွှန်းသော ပြောဆိုမှုများပေါ်ထွက်လာသည်နှင့်အမျှ ကန့်ကွက်မှုများလည်း ပြန်ထွက်လာကြရပြန်သည်။ စစ်တပ်အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ သက်တမ်းကာလတစ်ခုမှာဘဲ ဒီမြစ်ဆုံစီမံကိန်းကြီးကို လုံးဝရပ်တန့်ထားလိုက်ပြီး၊ မြန်မာနိုင်ငံရေးအကြပ်အတည်းကို တရုတ်နှင့်ဆက်ဆံရေးကို လျော့ချပြီး အနောက်အင်အားစုနိုင်ငံများနှင့် ပြန်လည်ဆက်ဆံဖို့ကြိုးစားရင်း နိုင်ငံရေးလှည့်ကွက်တစ်ခုအနေဖြင့် ဒီစီမံကိန်းကို အသုံးချခဲ့ပါသည်။

နိုင်ငံရေးဆက်နွယ်နေသော မြစ်ဆုံစီမံကိန်းသည် လတ်တလော အကြပ်အတည်းများစွာ ကြုံတွေ့နေရတဲ့ အာဏာသိမ်း စစ်ကောင်စီအတွက် တရုတ်နိုင်ငံ၏ အကူအညီရရှိရေးအတွက် လေသံပစ်ကိုပစ်ရမည့် အချိန်တစ်ခုလည်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားကြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနှင့် နီးစပ်ပြီး ကချင်နိုင်ငံရေး ဖြစ်ရပ်များကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်နေသော ကချင်နိုင်ငံရေး သုတေသီ ဦးဂွမ်းရိန် (အမည်လွဲ)ကမြစ်ဆုံကို အဓိက ပိုင်ဆိုင်သူက ကချင်ပြည်နယ်သားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သွယ်ဝိုက်သောနည်းနဲ့ ပိုင်ဆိုင်တဲ့သူတွေကတော့ အောက်ပြည်သားတွေ ဖြစ်ပါတယ်။ သူတို့စီ မှာလည်း ဖြတ်သန်းစီးဆင်းသွားလို့ပါ။ ဒီတော့ နောင်ကို နိုင်ငံကွဲသွားတယ်ဆိုဦးတော့ အာမခံချက်မရှိရင် အောက်ပိုင်းနိုင်ငံအနေနဲ့လည်း တရားဝင်ကန့်ကွက်ပိုင်ခွင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အကျိုးဆက်ကို သူတို့လည်း ခံရမှာမို့လို့ပါ။ဟု ပြောသည်။

နိုင်ငံရေးနှင့် ဆက်နွယ်ပတ်သက်နေသည့်အတွက် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရန် ထင်သလောက်မလွယ်ကူသလို ပြည်တွင်းရေး မငြိမ်မသက်ရှိနေသရွေ့ မြစ်ဆုံစီမံကိန်း၏ အနာဂတ်မှာ မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button