ကချင်ပြည်နယ်က ဖျက်ဆီးခံရတဲ့ သဘာဝရဲ့တုံ့ပြန်မှု
ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အကြာ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေကြောင့် လမ်းတံတားပျက်စီးမှု၊ မြေပြိုမှုနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ပြည်သူတွေ အများအပြားရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ အနောက်တောင်မုတ်သုံလေကြောင့် ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခ၊ မလိခမြစ်ရေကြီးလာရာကနေ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် ၆ ပေကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ဒီမုတ်သုံမိုးဟာ ကချင်အထက်ဒေသမှာ တစ်ပတ်ခန့် ဆက်တိုက်ရွာသွန်းခဲ့ပြီး အရင်နှစ်တွေထက် မိုးရေချိန် ၁၀ ဆပိုများခဲ့တယ်လို့ ကချင်ပြည်နယ် မိုးဇလက ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်အထက်ပိုင်းမှာ ရွာသွန်းချတဲ့မိုးရေတွေဟာ မြစ်ရေအဖြစ် တောင်ပြိုကမ်းပြို အထိန်းအကွပ်မဲ့ လျှံကျလာတဲ့အတွက် မြစ်ကြီးနားမြို့နယ်ထဲက အင်ဂန်းကျေးရွာ၊ ခန်းပူကျေးရွာက လူနေအိမ် ၁၀၀ ဝန်းကျင်ထိခိုက်ပျက်စီးသလို ဝိုင်းမော်မြို့ မိုင်းနားကျေးရွား၊ နောင်တာလောကျေးရွာ၊ ခတ်ချိုကျေးရွာ၊ စန်းကား ကျေးရွာနဲ့ မိုင်းမော၊ တာစန့်ကျေးရွာ မြစ်ကမ်းနံဘေး လူနေအိမ် ၂၀၀ ကျော် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
အလားတူ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း နောင်ချိန်းစစ်ရှောင်ခန်းအပါအဝင် စစ်ရှောင်ခန်းတစ်ချို့ရေထဲ မျောပါသွားခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်အထက် မြစ်ကြီးနား– ဆွမ်ပရာဘွမ်သွားလမ်းနဲ့ မြစ်ကြီးနား– ချီဖွေ– ဆော့်လော်– လန်ဆယ်– ကမ်းဖန့်သွားလမ်းတွေမှာ မြေပြိုလို့ ဒီနေ့အထိ မြစ်ကြီးနား– ပူတာအို ကားလမ်း သွားလို့မရသေးသလို တရုတ်နယ်စပ် ကမ်းဖန့် အထက်မှာလည်း တောင် နှစ်လုံးပြိုချလာတဲ့ ရုပ်သံကလည်း လူမူကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပြီး ခေတ်အဆက်ဆက်တောင်ပြိုတဲ့ဖြစ်စဉ် ပထမဆုံးဆုံးကြုံခဲ့ကြရပါတယ်။
ဒ့ါအပြင် ရေဘေးကြောင့် မြစ်ကြီးနားမြို့ထဲက ပြည်သူ ၁၁ ယောက်ထိ ရေနစ်မြုပ်သေဆုံးခဲ့သလို ဗန်းမော်၊ ရွှေကူ၊ ကသာမြစ်ကမ်း နံဘေးတစ်လျှောက် ပြည်တွေရဲ့ လယ်ယာစိုက်ခင်း ဧက ၁၀၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို ဗန်းမော် ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
ကမ္ဘာ့ရာသီဥတုဆိုး ရွားဖောက်ပြန်ပြောင်းလဲလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပြီး ရေသံသရာလည်တာမြန်ဆန်လာတဲ့အတွက် နောက်ဆက်တွဲ အနေနဲ့ အချိန်အခါမဟုတ် မိုးရွာတာ၊ မြစ်ရေကြီးတာတွေဟာ ပိုဆိုးရွားလာနေတယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ပြောပါတယ်။
ကချင်ပြည်နယ်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိတဲ့ သဘာဝသယံဇာတပျက်စီးတာ၊ ရေပေါ် ရေအောက် မြေပေါ်မြေအောက် အစားထိုးစရာမရှိတဲ့ ကမ္ဘာကြီးရဲ့ မြေဆီမြေနှစ် အသွေးအသား ကုန်ဆုံးသွားတဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တယ်ဆိုတာကို သိရှိနားလည်ထားကြလို့ဘဲ ဖြစ်ပါတယ်။
ကချင်မှာ အာဏာသိမ်းပြီး နောက်ပိုင်း စက်ယန္တရားတွေအပါအဝင် ရွှေတူးဖော်တာတွေကို မြစ်ဆုံအထက်အောက် ဆွမ်ပရာဘွမ်၊ ပူတာအို၊မလိခမြစ်ရိုးတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ တူးနေတာ၊ ရေငုတ်ကျင်းတူးတာ၊ ကုန်းပေါ်မှာတူးတာ၊ မြစ်ကမ်းနံဘေး အဆက်မပြတ်တူးဖော်မှု ပိုပြီးဆိုးရွားလာနေတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြပေမယ့် စစ်တပ်အပေါင်းအပါနဲ့ ခရိုနီတွေဟာ ရွှေတူးဖော်မှုကို ရပ်တန့်သွားခြင်းမရှိပေ။
ဒါကြောင့် ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့ ကချင်ပြည်နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုတွေကို အမြန်ဆုံးရပ်ဆိုင်းပေးပါရန် ပန်ကြားခြင်း ဆိုပြီး အချက် ၄ ချက်ပါတဲ့ ပန်ကြားစာတစ်စောင်ကို ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ပါတီ ကလည်း ထုတ်ပြန်ခဲ့ပါတယ်။
အလားတူစွာဘဲ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ Myanmar Resource Watch အဖွဲ့ရဲ့ အစီရင်ခံစာတစ်စောင်မှာ ကချင်ပြည်နယ်မှာ စစ်တပ်ကအာဏာသိမ်းတဲ့ကာလအတွင်း ဧရာဝတီမြစ်ဆုံမှာ တရားမဝင်ရွှေတူးဖော်မှုတွေကို စစ်ကောင်စီရဲ့ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ခမည်းခမက်တော်စပ်သူ ယွပ်ဇော်ခေါင်ရဲ့ Jade Land ကုမ္ပဏီဟာ အကြီးအကျယ်ရွှေတူးနေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ရွှေတူးဖော်မှုတွေကြောင့် ရေထိန်းနံရံတွေဖြစ်တဲ့ ကျောက်ဆောင်တွေ၊ ကမ်းပါးတွေပြိုကျ ပျက်စီးသွားတဲ့အတွက် အရှိန်နဲ့ စီးဆင်းလာတဲ့ ဂါလံ၊ သိန်း၊ သန်းချီ စီးဆင်းလာတဲ့ မြစ်ရေတွေကိုတားဆီးပေးတဲ့ ကျောက်ဆောင်၊ ကျောက်တန်းတွေဟာ ပျက်စီးသွားပြီဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မယ့်အချိန်လည်းမရှိတော့ဘူးလို့ တနိုင်းဒေသခံ သဘာ၀ပတ်ဝန်းကျင် အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“စစ်တပ်အာဏာသိမ်းပြီး ရွှေတူးတာ အရမ်းဆိုးဝါးသွားလို့ ရေကမ်းပါးတွေ မရှိတော့တာကြောင့် ချက်ချင်းတိုက်ရိုက် ပြည်သူတွေဆီ ဆိုးကျိုးရောက်တယ်လို့ ရင်ထဲခံစားနေရတယ်။ ကိုယ်ကျိုးအတွက်နဲ့ တိုင်းပြည်အတွက် ဆိုပြီး ရွှေတူး၊ ကျောက်တူး၊ ပယင်းတူး၊ မြေရှားတူးပြီး သစ်တောတွေကို ဒီလိုပဲ ဆက်ပြုန်းတီးနေမယ်ဆိုရင်တော့ ကျနော်တို့ ကချင်ပြည်နယ်ဟာ ၁၀ နှစ်မကြာတော့ဘူး ဒီထက်ပိုပျက်စီးဖို့ဘဲကျန်တော့တယ်”
လက်ရှိ မေခမြစ်နဲ့မလိမြစ်ရေတွေဟာ ရွှေအလွန်အကျွံတူးဖော်မှုတွေကြောင့် ရေစီးအားကို ထိန်းပေးတဲ့ ကျောင်ဆောင်၊ကျောက်ကမ်းပါး၊ကျောက်တန်းတွေကလည်း ဟိုတစ်စု ဒီတစ်စုပြတ်တောင်းတောင်း ဖရိုဖရဲနဲ့စုပုံနေတဲ့မြင်ကွင်းတွေဟာ မြစ်ရေစီးကြောင်း ပုံပျက်နေပြီဆိုတာကို သက်သေထူနေပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ဧရာဝတီမြစ်ရေကြီးရတဲ့အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ပူနွေးခြင်း (Global Warming) ရဲ့ ဆိုးကျိုးလည်းပါဝင်သလို အဓိက ကချင်ပြည်နယ်အထက်ပိုင်း သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးတာတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ကချင်ပြည်နယ်မှာရှိတဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရပ်ဘက်အဖွဲ့စည်းတွေ ကထောက်ပြပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့လက်နက်ကိုင်ပဋိပက္ခ
တရုတ်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ကချင်ပြည်နယ်ဟာ ကမ္ဘာကျော် ကျောက်စိမ်းထွက်တဲ့အပြင် ပယင်း၊ရွှေ၊သတ္တုမျိုးစုံ၊ မြေရှား၊သစ်အများအပြားထွက်တဲ့ ပြည်နယ်ဖြစ်ပြီး ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်၊အာဏာသိမ်းစစ်တပ်အပြင်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဝင်ငွေရနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။
စစ်ကောင်စီတပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ မိမိထိန်းချုပ်စိုးမိုးတဲ့နေရတွေမှာ ရွှေတူးဖော်တာ၊ ကျောက်စိမ်းတူးတာ၊ သစ်ထုတ်တာတွေပြုလုပ်လာခဲ့တာဟာ တစ်စိုက်မတ်မတ် ဆယ်စုနှစ်တစ်စုကြာ ဗျူဟာအရ သယံဇာတထုတ်ယူနေကြတာဖြစ်တယ်လို့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးတရားမျှတမှု လုပ်ဆောင်သူတစ်ဦးက ခုလိုသုံးသပ်ပါတယ်။
“စစ်တပ်ကဘက်ကလည်း မဟာဗျူဟာအရကို ရိက္ခာ၊ ဝင်ငွေတွေရပြီးမှ လက်နက်ကိုင်တော်လှန်နေတာဟာ သူတို့ကို တိုက်နေတာကြောင့် မြန်မြန်ဖျက်စီးပေးဖို့ မဟာဗျူဟာအရကိုဖြစ်နေတာ။ မဟာဗျူဟာအရကို မြန်မြန်ထုတ်မယ် မြန်မြန်ဖျက်စီးပစ်မယ် ဒါမှ ငါတို့ကို သူတို့တွေက လက်နက်တွေမဝယ်နိုင်၊ဝင်တွေမရဖို့ ကချင်ပြည်မှာ သယံဇာတကို မရှိစေချင်ဘူး ဒါကြောင့်သူတို့လည်း အသကုန်ဖျက်စီးတယ်။ ဒါကြောင့်လည်း ကချင်က သယံဇာတကျိန်စာသင့် တယ်လို့ပြောတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုဆိုးလာတယ်”
၂၀၁၆ ခုနှစ်အတွင်း အာဏာရလာတဲ့ NLD အစိုးရလက်ထက်မှာ ရွှေတူးဖော်မှုအပါအဝင် ကချင်ပြည်နယ်တွင်းက သတ်မှတ်ချက်ထက် လွန်ကဲနေတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ အထိုက်အလျောက် ကြိုးစားခဲ့ပေမယ့် အာဏာသိမ်းလိုက်တဲ့ နောက်မှာတော့ သဲထဲရေသွန်ဖြစ်သွားပြီလို့ သဘာဝပတ်ဝန်းကျင်လေ့လာသူ ကချင်ပြည်နယ် မြစ်ကြီးနားက ဒေသခံကလည်း ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး KIO အစိုးရက တာဝန်ရှိသူတွေကို ဆက်သွယ်နေပေမယ့်အကြောင်း အမျိုးမျိုးကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တု၊ ပယင်း၊ ရွှေ၊ သစ် စတဲ့ သယံဇာတ တူးဖော်ထုတ်လုပ်မှုတွေ သိသိသာသာမြင့်တက်လာသလို တရားမဝင် ရွှေတူးဖော်မှုက ၁၀ ဆကျော် များလာတယ်လို့ ကချင်ပြည်နယ်အခြေစိုက် သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Governance (K-SAG) အဖွဲ့က ဒီနှစ် ဧပြီလ ၂၃ ရက်စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။
ကချင်ဒေသအထက်ပိုင်း သစ်တော ပြုန်းတီးလာရခြင်းရဲ့ ဇစ်မြစ်
၁၉၆၈ ခုနှစ် KIA အဖွဲ့မှ ခွဲထွက်လာတဲ့ ဦးဇခုန်တိန့်ယိန်းဟာ တရုတ်–မြန်မာနယ်စပ်ရှိ ဖီမော်၊ ပန်ဝါ၊ ကမ်းဖန့်၊ ဆော့လော်မြို့နယ်တို့ကို ဗကပ (၁၀၁) စစ်ဒေသအဖြစ်ခြေကုပ်ယူထားပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့ပေမယ့် ၁၉၉၀ ပြည့်နှစ်မှာတော့ စစ်တပ်နဲ့ငြိမ်းချမ်းရေးယူခဲ့ပြီး တရုတ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းကာ အဲဒီဒေသတွေမှာ သစ်ထုတ်ယူ စတင်လာတယ်လို့ ချီဖွေမြို့ခံ အသက် ၆၀ အရွယ် အမျိုးသားတစ်ယောက် ကပြောပါတယ်။
“အဲချိန်က ဒီဘက်မှာကျတော့ လွတ်လွတ်လပ်လပ်ဖြစ်သွားပြီ ကားဆိုရင် ဆော့်လော်ဘက် လခမ်ဘက်ဆိုရင် ရာနဲ့ချီတဲ့ သစ်ကားတွေတန်းစီ ပန်ဝါမှာဆိုလူကလည်းအရမ်းစည်တဲ့ချိန်ဟုတ်တယ် သစ်ကား တွေဆိုတန်းစီနေတာဘဲ လမ်းမပေါက်တဲ့နေရာတွေဆို သူတို့သစ်ကားသွားလို့ရမယ့်လမ်းတွေဖောက်ပြီး အမှန်အကန် ကို ထုတ်သွားကြတာ။ ကျနော်တို့ငယ်ငယ်က တောနက်တွေဆိုတာ ခနခြင်းမှာဘဲပြောင်သွားခဲ့တယ်”
ဒါ့အပြင် ၁၉၈၈ မှာ အာဏာသိမ်းခဲ့တဲ့စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး ချီဖွေမြို့ရဲ့တစ်ဖက်ကမ်း ဇန်နောင်ယန်၊ မျောမောပါတစ်ကြောမှာလည်း KIA သစ်ထုတ်ခဲ့တာလို့ပြောပါတယ်။
အပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့စိုးမိုးထားတဲ့နေရာတွေမှာ ရွှေတူးတာ၊ သစ်ခုတ်တာ ပေါ်ပေါ်တင်တင်လုပ်ဆောင်လာကြပြီး သစ်တွေကိုအကန့်အသတ်မရှိထုတ်ယူခဲ့ကြသလို စက်ယန္တရား ကြီးတွေနဲ့ပါခုတ်ယူ၊ ထုတ်ယူခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ပညာရှင်တစ်ဦးကလည်း စစ်တပ်နဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေငြိမ်းချမ်းရေးယူနေချိန် အချင်းချင်းသင့်မြတ်နေရင် သဘာဝသယံဇာတထုတ်ယူမှုပိုဆိုးဝါးတယ်လို့လည်း ထောက်ပြပါတယ်။
အဲဒီနောက် ၂၀၀၆ ခုနှစ်မှာ စစ်အစိုးရရဲ့ထိပ်ပိုင်း ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက စတင်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကြောင့်လည်း မေခမြစ်တစ်ကြောမှာရှိတဲ့ သစ်တောအများအပြားပြုန်းတီးခံရတယ်လို့ သိရပါတယ်။
မြစ်ဆုံဆည်ကြီးကို မတည်ဆောက်နိုင်တော့ပေမယ့် စီမံကိန်း မစတင်ခင် လပိုင်းအလိုမှာ ချီဖွေမြစ်ဆုံရေအားလုပ်ဖို့ အတွက်လို့ဆိုကာ ချီဖွေဘက်ကနေ ဖြတ်လမ်းလုပ်ပြီး သစ်တွေကိုအမြစ်ပါမကျန်တူး ယူသွားတာတွေများစွာရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် ၂၀၁၁ ခုနှစ် Global Witness အစီရင်ခံစာမှာ ကချင်ကနေ တရုတ်ဘက် တစ်နှစ်ကို သစ်မက်ထရစ်တန်ချိန်ပေါင်း ၆ သိန်းတင်ပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အလားတူဘဲ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းအရ အိမ်နီးချင်းနိုင်ငံတွေမှာ သစ်တောဖုံးလွှမ်းမှုဧရိယာတိုးလာပေမယ့် မြန်မာနိုင်ငံက ၄၁ ဒသမ ၉၂ ရာခိုင်နှန်းအထိ လျော့ကျသွားခဲ့တယ်လို့ စစ်တမ်းများအရ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ၂၀၂၀–၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိတရားမဝင် သစ်ခိုးထုတ်မှု အမှုပေါင်း ၁၉ မှုရှိခဲ့ပြီး သစ်တန်ချိန် ၆၆ ဒသမ ၅၂၈၄ တန် ဖမ်းဆီးရမိတယ်လို့လည်း ကချင်ပြည်နယ်သစ်တောဦးစီး ဌာနက ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်ရဲ့ ရွှေတူးဖော်မှု
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားတစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန်မှာတော့ ရွှေတူးဖော်မှုတွေဟာ တစ်နှစ်နီးပါး သိသသာသာလျော့နည်းလာတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
ဒါပေမယ့် ၂၀၁၂– ၂၀၁၃ ဝန်းကျင်ခန့်မှာတော့ မေခမြစ်နဲ့မလိခမြစ်တစ်လျှောက် ရွှေတူးဖော်မှု ခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး ၂၀၁၅ – ၂၀၁၆ မှာ တောနေရာတွေကို ရွှေလုပ်ကွက်အဖြစ် စတင်ပြောင်းလဲလိုက်ကြပြီဖြစ်တယ်လို့ ချီဖွေသဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ချီဖွေမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ဧက ၁၀၀ နီးပါးရှိ မုတ်သုံတောအပါအဝင် ရှန်းကျော်၊ရှငေါ်၊ မန်ဒေါင် မလိခမြစ်ကြော တစ်လျှောက်မှာတော့ ၄ နှစ်အတွင်းမှာ ဖွတ်ဖွတ်ကြေသွားခဲ့ပြီဖြစ်ပါတယ်။
မြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှုတွေဟာ အထိန်းအကွပ်မဲ့ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း ကချင်လူမှုအဖွဲ့အစည်းတခုက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစောင်မှာ ကချင်ပြည်နယ်တွင်းက စိတ်မချမ်းမြေ့ဖွယ်ရာ ရွှေတူးဖော်နေမှုအခြေအနေ အရမ်းဆိုးလာပြီ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
မေခမြစ်တစ်ကြောနဲ့ မြစ်ဆုံအနီးတစ်ဝိုက် ဦးသိန်းစိန်လက်ထက်ကနေ ခေတ်အဆက်ဆက်မြစ်ဆုံဒေသမှာ ရွှေတူးဖော်တာတွေ ရှိခဲ့ပြီး ဒေသခံတွေ ကန့်ကွက်မှုလုပ်ချိန် ရပ်ဆိုင်းသွားခဲ့ပေမဲ့ စစ်အာဏာသိမ်းချိန်မှာတော့ ကန့်ကွက်မှုကြားကနေ တစ်ဖန်ပြန်ပြီး တူးဖော်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်သန်ပြောင်တဲ့ တစ်သျှူးငှက်ပျော
သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေတဲ့အထဲမှာ မေ့ထားလို့မရတဲ့အထဲမှာ သစ်သျှူးငှက်ပျောစိုက်ခင်းတွေလည်းပါဝင်ပါတယ်။ သန်းနဲ့ချီတဲ့ မြေဧကတွေကို ပြောင်သလင်းခါအောင် လက်သန်ပြောင်လွန်းတဲ့ သစ်သျှူးငှက်ပျောကိစ္စ မေ့ထားလို့မရပါဘူး။
၂၀၁၆ ခုနှစ်ကစပြီး သစ်သျှူးငှက်ပျောကို ဘိန်းအစားထိုးအပင်အဖြစ် ဦးသိန်းစိန်စစ်အစိုးရလက်ထက် တရုတ်နိုင်ငံက လုပ်ငန်းရှင်နဲ့ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်နယ်မြေ နှင့် ဝိုင်းမော်မြို့နယ် ဂွေထုဒေသ ဦးလဆန်အောင်ဝါ ပြည်သူ့စစ် နယ်မြေတွေမှာ စတင် စိုက်ပျိုးခဲ့ကြပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ်မှာတော့ အစိုးရထိန်းချုပ်မှု နယ်မြေနဲ့ ပြည်သူ့စစ်တွေ ထိန်းချုပ်ရာ နယ်မြေသာမကဘဲ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA ထိန်းချုပ်ရာနယ်မြေတွေအထိ ပြန်နှံ့လာခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ NLD အစိုးရအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ် မေလက ကောက်ယူထားတဲ့စာရင်းအရ ကချင်မှာ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းဧက ၄ သောင်းကျော် ရှိတယ်လို့ သိရပြီး ဒီစာရင်းဟာ KIO ထိန်းချုပ်နယ်မြေနဲ့ ပြည်သူ့စစ်ထိန်းချုပ်နယ်မြေ ပါဝင်ခြင်းမရှိပေ။
တစ်ရှူးငှက်ပျောကို ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့ကနေ ချီဖွေမြို့သွားတဲ့လမ်းတစ်လျှောက် လောဆာကျေးရွာကနေ စပြီး တမျော်တခေါစိုက်ထားတဲ့ ငှက်ပျော်စိုက်ခင်းတွေ ညစ်စုတ်စုတ်ငုတ်တိုတွေ ထိုးထိုးထောင်ထောင်နဲ့မြင်ရပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်ဖျားတစ်လျှောက်နဲ့ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်တွေမှာ ၂၀၁၅– ၂၀၁၆– ၂၀၁၇–၂၀၁၈ ခုနှစ်အထိ တရှိန်ထိုး စံချိန်တင်ထိုးတက်လာတဲ့အပြင် အလားတူဘဲ ဝိုင်းမော်မြို့နယ် တောင်ဘက်ခြမ်းမှ တာလောကြီးဒေသအထိ မန်စီ၊ မိုးမောက်၊ ရွှေကူမြို့နယ်များ အထိကျေးရွာမြေတွေ အပိုင်ဝယ်ယူပြီး ချဲ့ထွင်စိုက်ပျိုးခဲ့ကြပါတယ်။
သစ်သျှူးငှက်ပျော်ဟာ ယေဘုယျဆန်ဆန်ကြည့်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ပျက်စိီးမှု ကြီးမားတယ်လို့မထင် ရပေမယ့် ရွှေလုပ်ကွက်တွေထက် နေရာပိုယူပြီး ဘိုးဘေးတွေလက်ထက်ကတည်းက မြေဧကပေါင်းများစွာတစ်ချိန်ထဲဖျက်ဆီး နိုင်တာကြောင့် သစ်တောပြုန်းတီးမှုအများဆုံးဖြစ်စေတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေကထောက်ပြပါတယ်။
“သစ်သျှူးငှက်ပျောက အကြီးစားစိုက်ပျိုးမှုစနစ်ဘဲ သူ့ကိုအထင်မသေးနဲ့တော်တော်လက်သန်ပြောင်တာ မြေဧကသိန်းချီကိုတစ်ခါတည်းပြောင်အောင်လုပ်တာသူဘဲ။ သစ်တောပြုန်းတီးမှုရဲ့အဓိကအကြောင်း ရင်းထဲမှာ သူလည်းထိပ်ဆုံးကပါတယ်။ ပြီးတော့ သစ်သျှူးငှက်ပျောက သစ်တောပြုန်းတီးသာတင်မကဘဲ သူက ရေကိုအဓိကထားစိုက်တော့ ငှက်ပျောခြံတွေအားလုံးမြစ်လက်တက်၊ချောင်းလက်တက်မှာဘဲ လုပ်ကြတာ အဲတော့ဘာဖြစ်လာသလဲ သူတို့သုံးတဲ့ ဓါတုဆေးတွေ၊ အပင်သန်ဆေး၊အပွင့်သန်ဆေး၊ပေါင်းသတ်ဆေးတွေကို မြေဆီလွှာကိုပျက်စီးစေတယ်။နောက်တစ်ခုက ချောင်းတွေ၊မြစ်ရေအားလုံးကလည်း ဧရာဝတီမြစ်ထဲစီးဝင်တာ တကယ်အဆိပ်ဖြစ်တယ်”
သစ်သျှူးငှက်ပျောစိုက်ခင်းတွေကြောင့် ကျေးရွာတွေက စားကျက်မြေတွေ ပျောက်ဆုံးခဲ့သလို၊ တနိုင်တပိုင် ထင်းခွေနိုင်တဲ့ သစ်တောတွေပါ ပျောက်ဆုံးသွားတဲ့အပြင် ကျေးရွာအတွင်း မြေလုတဲ့ ပြသနာတွေကို ဒေသခံများက ကြုံတွေ့နေရပြီး ခုဆိုရင် သစ်သျှူးစိုက်ခဲ့တဲ့မြေတွေဟာ မာတောင့်ပြီး ပက်ကြားအက်ကွဲပြီး အဆီအနှစ်မရှိတော့တဲ့မြေတွေအဖြစ် ကျန်ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် သစ်သျှူးငှက်ပျော်စိုက်ခင်းမှာသုံးစွဲ ပလပ်စတစ်နဲ့စွန့်ပစ်အမှိုက်ပုံတွေကလည်း ချောင်းရေစီးကြောင်းမှာပိတ်ဆို့တာတာ၊ငှက်ပျောပင်မှာသုံးတဲ့ ပိုးသတ်ဆေးတွေကြောင့် ကျွဲ၊နွားတိရိစ္ဆာန်တွေသေဆုံးတာ၊ငါးမျိုးစိတ်ပျက်သုန်းသွားတွေလည်း ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။
တောင်ဆူနာမီ ဖြစ်စေနိုင်တဲ့ မြေရှားသတ္တုတူးဖော်မှု
ဇွန်လ နှောင်းပိုင်းမုတ်သုံမိုးရွာသွန်းမှုဟာ တရုတ်နယ်စပ်ဒေဖြစ်တဲ့ ကမ်းဖန့်ဒေသ တောင် ၂ တောင်ကိုပြိုကျစေခဲ့တယ်လို့ ကမ်းဖန့်ကနေ လန်ဆယ်ဘက်ကို အလုပ်ပြောင်းရွှေ့လာတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
တရုတ်နယ်စပ်ဖြစ်တဲ့ ကမ်းဖန့်နဲ့ဖီမော်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ကမ်းဖန့်အထက်မှာရှိတဲ့ တောင်စဉ် ၂ ခုပြိုကျခဲ့တယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၁၉ ရက်နေ့တစ်ကြိမ်၊ ဇူလိုင်လ ၅ ရက်နေ့တစ်ကြိမ် ပန်ဝါမြို့နဲ့ ၃ မိုင်ဝေးတဲ့ နယ်ခြားစောင့်တပ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းသားအဖ ပိုင်တဲ့ မြေရှားသတ္တုလုပ်ကွက်အပေါ်မှာရှိတဲ့ တောင်ကမ်းပါး တစ်လတွင်း ၂ ကြိမ်တိတိ ပြိုကျခဲ့တာကြောင့် မြေရှားသတ္တုတွင်းအလုပ်လုပ်ကိုင်နေတဲ့ လုပ်သား ၅၀ ထက်မနည်းလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တကမ္ဘာလုံးမှီခိုနေရတဲ့ မြေရှားသတ္တု ထုတ်လုပ်မှု ရုတ်ချည်းတိုးလာတာကြောင့် ဒေသခံတွေကိုရော သဘာဝန်းကျင်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်လာတာတွေ့ရတယ်လို့ နိုင်ငံတကာ သဘာဝသယံဇာတအရေး စောင့်ကြည့်တဲ့ Global Witness အဖွဲ့က သတိပေးတဲ့အပြင် ကချင်ပြည်နယ်ရဲ့အထက်ဘက် ချီ ဖွေ၊ဆော့်လော်၊ပန်ဝါ၊ ကမ်းဖန့်၊ဖီမော်ဒေသဟာ မြေရှားသတ္တုအပြင် သတ္တုအများဆုံးထုတ်ယူနေပြီး ရုပ်ပျက်ဆင်းပျက် ရှုခင်းများနဲ့တောင်ကတုံးတွေသာ ကျန်ရှိတော့တာဖြစ်ပါတယ်။
မြေရှားသတ္တုရှာဖွေရာတဲ့လုပ်ငန်းစဉ်တွေဟာ တောင်တန်းတွေမှာရှိတဲ့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းးပြီး တောင်တွေကိုတွင်းတွေတူး အပေါက်ဖောက်ပြီး အဲဒီတွင်းထဲကနေ အမိုနီယမ်ဆာလဖိတ် ဓာတုဆေးရည်လောင်းထည့်ထိုးထည့်ရပါတယ်။ အဲဒီကနေတစ်ဆင့် မြေကြီးများအရည်ပျော်သွားတဲ့အခါမှ အရည်ကို တောင်အောက်မှာတူးထားတဲ့ သိုလှောင်ကန်များသို့ ပိုက်တွေနဲ့သွယ်တန်းပြီး သတ္တုများကို စစ်ယူရပါတယ်။
ဒီလုပ်ငန်းစဉ်ကြောင့် ဂေဟစနစ်ပျက်စီးခြင်း၊ တောင်တန်းများရှိ မြေဩဇာများပျက်စီးကာ သစ်ပင်မပေါက်နိုင်တော့တာ၊ ဓာတုဆေးရည်များ ထည့်သွင်းစစ်ယူခြင်းကြောင့် မြေအောက်ရေ အဆိပ်သင့်ခြင်း၊ ဓာတုရည်များ မြစ်၊ချောင်းများအတွင်း စီးဝင်ကာ ငါး၊ရေနေသတ္တဝါများ သေကျေခြင်းနှင့် လူများအတွက် သောက်သုံးရေအဆိပ်သင့်တာဖြစ်ပြီး နောက်ဆုံးအဆင့်အဆင့်အနေနဲ့တောင်စဉ်ပြိုတဲ့ထိဖြစ်လာဖြစ်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တရားမျှတမှုလုပ်ဆောင်သူတစ်ဦးက ခုလိုပြောပါတယ်။
“မြေရှားတူးတာက တောင်တွေကိုတူးတာ ဂလိုင်တွေဘဲဖြစ်တော့ တောင်တွေကတစ်တောင်လုံးကြွက်တွင်းလိုဖြစ်နေတာ အပြင်ပန်းကတော့တောင်ပုံစံ အထဲမှာတော့ ဟောင်းလောင်းဖြစ်နေပြီ။ အဲဒီကောင်က မိုးတွင်းကျတော့ ရေတွေဝင်ပြီး အမြစ်တို့ အပင်တို့မရှိတော့တဲ့အချိန် ရေတွေက ပျော့အိကျပြီး ဝုန်းခနဲပြိုကျတာ တောင်တစ်ခုလုံးပြိုကျ တောင်ဆူနာမီဖြစ်စေတာ။ အထက်မွန်ဂိုးလီးယားမှာ သစ်တောတွေပျက်ရင်အဲလိုမျိုးဖြစ်မယ်လို့ပြောတာ။ ဒီနှစ်က တောင်စဉ်တွေတောက်လျှောက်ပြိုတာ မဟုတ်ဘူးနော် တစ်တောင်နှစ်တောင်ဘဲပြိုတာ ဒီလောက်ဆိုးတာ နောက်နောင်မှာဆိုရင် ကျနော်တို့မြေရှားတူးထားသမျှတောင် တွေပြိုမယ်ဆိုရင် မိုးကလည်းဒီထက်များမယ် အပင်တွေလလည်းမရှိတော့ဘူး ဆိုလိုတာက သဘာဝပတ်ဝန်းကျင်ပျက်စီးတဲ့အရာက ဖြစ်တာခုတစ်ခုထဲမဟုတ်ဘူး အကြောင်းစုံအမျိုးမျိုးဖြစ်နေတာဆိုတော့ နောက်နှစ်တွေ ပိုစိုးရိမ်ရမယ်”
၂၀၁၆ ခုနှစ်ကတည်းက မြေရှားသတ္တုတိုးချဲ့တူးဖော်လာတဲ့ ပန်ဝါဒေသမှာ နောက်ထပ်တူးစရာ မြေမကျန် သလောက်ဖြစ်သွားပြီး အခုနောက်ပိုင်း ချီဖွေမြို့သာမက ဆော့လော်မြို့နယ်နဲ့ ချန်းမော်ခုန်း ဒေသတွေအထိပါ တူးဖော်လာတယ်လို့ သူကပြောပါတယ်။
မြေရှားသတ္တုဒြပ်စင် တူးဖော်ရာ ကချင်ပြည်နယ်ဒေသခံတို့မှာ ပတ်ဝန်းကျင်ယိုးယွင်း ပျက်စီးမှုနောက်ဆက်တွဲ ဆိုးကျိုးဒဏ်ကို ခံစားနေရကြပြီဖြစ်ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်အရ ချီဖွေမြို့နယ်မှာ မြန်မာမျိုးကိုကို ကုမ္ပဏီနဲ့ ရွှေစပါးသတ္တု တူးဖော်ရေး ကုမ္ပဏီတို့ကို ၂၀၁၈ ကနေ ၂၀၁၉ အထိ မြေဧက ၂၈၁ ဧက၊ လုပ်ကွက် ၁၁ ကွက်ကို မြေရှားသတ္တုတူးဖော်ခွင့် ချပေးခဲ့ပေမယ့် နောက်ပိုင်းမှာ တရားဝင်ချပေးတာမျိုး မရှိပါဘူးလို့ ဖော်ပြထားပါတယ်။
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာရှိတဲ့ တရားမ၀င်မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေကနေ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံကို မြေရှားသတ္တု တန်ချိန် ၄၁၇၀၀ အထိ ပို့ဆောင်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့ က ၂၀၂၄ ခုနှစ် မေလမှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ တရုတ်ကို မြေရှားသတ္တု စပို့တဲ့ ၇ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိလာတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၁၉၅၀၀ နဲ့ နှိုင်းယှဉ်ရင် နှစ်နှစ်အတွင်း ၂ ဆကျော်မြင့်တက်လာတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေရှားသတ္တု တရားမ၀င်တင်ပို့ရောင်းချတာကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အထိ ၀င်ငွေရှိနေပြီး ဒါဟာ ပြည်တွင်းမငြိမ်သက်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနေတယ်လို့လည်း Global Witness အဖွဲ့ က သုံးသပ်ထားပါတယ်။
ကချင်အထူးဒေသ (၁) ပန်ဝါမြို့နယ်ထဲမှာ မြေရှားသတ္တုထူးဖော်ရေး လုပ်ကွက်တွေ ၄၀ ရာခိုင်နှုန်းအထိ တိုးလာ သလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်ထဲမှာလည်း လုပ်ကွက်တွေ ထပ်တိုးလာတာ တွေ့ရတယ်လို့လည်း Global Witness အဖွဲ့က ပြောပါတယ်။
တော်လှန်ရေးအတွက် လိုအပ်တဲ့ လက်နက်ရိက္ခာတွေအတွက် သဘာဝသယံဇာတိကို အရင်းနှီးသဘောထုတ်ယူကြတာကို လက်ခံနိုင်ပေမယ့် တူးဖော်လိုက်ပြီးတဲ့နေရာ၊ပျက်စီးသွားတဲ့မြေနေရာတွေမှာ ပြန်လည်မွမ်းမံရေး၊ပြန်လည်ထူထောင် ရေးကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဆောင်ကြဖို့နဲ့ သယံဇာတကနေရရှိတဲ့အကျိုးအမြတ်တွေကို ပြည်သူတွေအတွက် အဓိကထားသုံးစေချင်တ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကပြောပါတယ်။
“ကျမတို့ရဲ့ သဘာ၀ သစ်တောတွေ၊ တောင်တန်းတွေ၊ ကမ္ဘာမြေဟာ ဘယ်လောက်ထိတန်းဖိုးကြီးတယ်ဆိုတာ ကျမတို့ ဒီနေ့ခံစားနေရပြီ။ ဒါဟာ သမရိုးကျမဟုတ်တော့ဘူး။ ရာသီဥတုပြောင်းလဲမှုတစ်ခုလည်းဖြစ်သလို ကျမတို့လူသားတွေလည်း အပြင်းအထန် သယံဇာတတူးဖော်မှုကြောင့် ပိုပြီး လူထုတွေဒုက္ခရောက်ကြရတာဖြစ်တယ်။ အဲဒါအပြင် သက်ဆိုင်တဲ့ တာဝန်ရှိအစိုးရတွေကိုယ်တိုင်လည်း ဒါကို အရေးတယူ တာဝန်ယူဆောင်ရွက်တာမျိုး မရှိဘူးလေ။” Deputy Director, Kachin Environmental Group (KEG) တာဝန်ရှိသူကပြောပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ကချင်ပြည်နယ် မြစ်ဆုံဒေသအထက်ပိုင်းနဲ့ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ သဘာဝပတ်ဝန်းကျင်တွေကို ထုတ်ယူသုံးစွဲရာမှာ စည်းစနစ်မကျတဲ့ထုတ်ယူသုံးစွဲနေကြတဲ့အပြင် သဘာဝပတ်ဝန်းကျင်တွေကို အဓိကပျက်စီးစေတဲ့အကြောင်းအရာတွေအားလုံးကလည်း စုပြုံနေတဲ့နေရာဖြစ်တာကြောင့် မြစ်ရေကြီးမှုတွေဟာ ပိုစိပ်လာတာဖြစ်ပြီး ရှေ့ဆက်ဒီထက်ပိုဆိုးရွားလာဖို့ဘဲရှိတယ်လို့ သဘာဝပတ်ဝန်းကျင် လေ့လာသူတွေကဆိုပါတယ်။
“အမှန်က မိုးဘယ်လောက်ဘဲများများ သိန်း၊ သန်းချီတဲ့ မိုးရေပေါက်က အပင်ကြီးပေါ်မှာကျတယ် ပြီးရင် မြေကြီးထဲအထိအဆင့်ဆင့်စိမ့်ဝင်ပြီး မြေအောက်ရေအဖြစ် စုစည်းတယ်။ အဲဒီမြေအောက်ရေက ချောင်း၊ မြစ်လက်တက်တွေထဲမှာ မြစ်ရေအဖြစ် စီးဆင်းတယ် မြစ်ရေတော်ရုံမကြီးဘူး။ ခု ရေထိန်းနိုင်တဲ့အပင် အမြစ်တွေမရှိတော့ မိုးရွာပြီဆိုတာနဲ့ ဒလဟော အထိန်းအကွပ်မရှိရေကြီးတာ။ အဓိကတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တရားမျှတမှု လုပ်ဆောင်သူတစ်ဦးက ပြောပါတယ်။
ကချင်ဒေသမှာ ခေတ်အဆက်ဆက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ခရိုနီတွေကြောင့် သဘာဝပတ်ဝန်းကျင် ဖျက်စီးခံနေရပြီး လက်ရှိမှာတော့ ဧရာဝတီမြစ်ရေဟာလည်း အဆိပ်သင့်နေပြီီး သောက်သုံးလို့မရတာ ဆယ်စုနှစ်ကြာလာနေပြီး သဘာဝက ပေးတဲ့တုံ့ပြန်မှုကို ခံစားနေကြရပြီ ဖြစ်ပါတယ်။
By – Zami