ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ စစ်ဆင်ရေးတစ်လျှောက် တိုက်ပွဲကာလအကြာဆုံးလို့ပြောရင် မိုးမောက် ခမရ ၄၃၇ စခန်းသိမ်းတိုက်ပွဲ ထိပ်ဆုံးမှာပါဝင်မှာ သေချာပါတယ်။
ဆယ်စုနှစ်ကြာ အခိုင်အမာတည်ဆောက်ထားတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့စောင့်တပ် ခမရ ၄၃၇ သိမ်းနိုင်ဖို့ KIA ပူးပေါင်းတပ် ၄ လကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပါတယ်။
KIA ပူးပေါင်းတပ် မလျော့သောဇွဲနဲ့ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဟာ မိုးမောက်မြို့ရဲ့ မြို့ပြင်မှာရှိပြီး တပ်ဧရိယာ ၄၀၀ ခန့်ကျယ်ဝန်းတဲ့ တပ်စခန်းအကြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒီစခန်းမှာ အရင်က စစ်အင်အား ၂၀၀ ကျော်လောက်သာရှိပေမယ့် ပြီးခဲ့တဲ့ မတ်လအတွင်း KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် လိုင်ဇာမြို့အနီး ခယာဘွမ်၊ ဘွမ်ရေဘွမ်စခန်းအပါအဝင် ဒေါ့ဖုန်းယန် အစရှိတဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်သားတွေ သွားစုပြုံနေတာကြောင့် အင်အားအတော်များတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။
မိုးမောက် ခမရ ၄၃၇ တပ်စခန်းကြီးကို KIA ပူးပေါင်းတပ်ဟာ နှစ်ကြိမ်တိုင်တိုင်တိုက်ခဲ့တာပါ။ ပထမတစ်ကြိမ်ဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ စစ်ဆင်ရေးစတင်ချိန် မံစီမြို့နယ် ခမရ ၆၀၁ တပ်၊ ခမရ ၃၁၉ တပ် စတဲ့ တပ်ရင်းနေရာ ၃ ခုကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပါသေးတယ်။
ဒါပေမယ့် စစ်တပ်ဘက်က တပ်စခန်းအကြီး ၃ နေရာလက်မလွတ်ရေး လေကြောင်းနဲ့ ၁၀ ရက်အကြာ နေ့ညအဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA ပူးပေါင်းတပ် ယာယီတပ်ဆုတ်ခဲ့ရပြီး မိုးမောက်မြို့တွင်း ရဲစခန်းနဲ့ လူနေရပ်ကွက်တွေမှာ ကင်းပုန်းဝပ်ပြီး လုံခြုံရေးတပ်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုသာ ရှင်းလင်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် စစ်ဆင်ရေးဟာ တစ်ဖြတ်နားသွားခဲ့ပြီး ၂ လဝန်းကျင်အကြာ ဇူလိုင်လ ၂၄ ရက်နေ့ တစ်ကျော့ပြန်ထိုးစစ်ဆင် လာတာဖြစ်ပါတယ်။
KIA ရှေ့တန်းသတင်းအရင်းတွေရဲ့ ပြောဆိုချက်အရ တစ်ကျော့ပြန်ထိုးစစ်မှာတော့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ဖို့ KIA ပူးပေါင်းတပ်ဘက်ကလည်း အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်ခဲ့ပြီး စခန်းသိမ်းဖို့ ၂ ရက်လောက်အလိုကတည်းက စစ်ကောင်စီတပ်သားတွေကို တပ်တွင်းထဲကနေ ထွက်ပြေးလို့မရအောင် KIA ပူးပေါင်းဖွဲ့ဟာ ထွက်ပေါက်အားလုံးပိတ်ဆို့ထားပြီး တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုများခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ဆက်ပြောပြပါတယ်။
“ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေ မရှိလောက်ဘူး။ KIA ထွက်ပြေးလို့မရအောင် အကုန်ပိတ်ထားတာဖြစ်တဲ့အတွက် တပ်တွင်းထဲမှာပဲ အကုန်သေသွားကြတာ”လို့ပြောပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၁၉ ရက်နေ့ တပ်စခန်းကြီး လက်လွတ်လိုက်ရချိန် ဗန်းမော်မြို့ဘက်ကနေ တင့်ကားတစ်စီးအပါ စစ်ကား ၅ စီးနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်သားတွေကို ကယ်ထုတ်ဖို့ တက်လာခဲ့ပေမယ့် အဲဒီ စစ်ကြောင်းကိုလည်း လမ်းခုလတ် ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ကျော်တက်လို့မရအောင် KIA တပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာ KIA တပ်တွေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ကြီးတစ်ချို့
နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့နေရာမှာ စစ်တပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တင့်ကားတစ်စီးနဲ့ စစ်ကား ၃ စီးက တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာတင် မီးလောင်ပျက်စီးသွားအပြင် စစ်ကူပါလာတဲ့ တပ်သားတစ်ချို့လည်း သေဆုံးမှုရှိခဲ့ပြီး စစ်ကားတစ်စီးနဲ့ လက်နက်ခဲယမ်းတစ်ချို့ကိုတော့ KIA က သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မိုးမောက်တိုက်ပွဲ ၄ လအကြာမှာ စစ်ကောင်စီတပ်သား ၃၀၀ ကျော် သေဆုံးပြီး တင့်ကား ၃ စီး နဲ့ စစ်ကား ၄ စီးထက်နည်း မီးရှို့လောင်ပျက်စီးသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပြပါတယ်။
နောက်ဆုံး စခန်းသိမ်းပိုက်ခဲ့တဲ့ ခမရ ၄၃၇ တပ်ရင်းထဲမှာလည်း KIA ဘက်က စစ်လက်နက် အကြီး၊ အငယ် ရေတွက်လို့မရအောင် ကားတွေနဲ့ သယ်ယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မိုးမောက်တိုက်ပွဲဟာ လက်ရှိအချိန်အထိ KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ တိုက်ပွဲကာလအကြာဆုံးနဲ့ စစ်ကောင်စီတပ်သားတွေ တစ်နေရာထဲမှာပဲ သေဆုံးမှုအများဆုံးရှိခဲ့တဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မိုးမောက်တိုက်ပွဲအပြီးသတ် သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီးတော့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူလည်း အခုလိုပြောဆိုထားတာဖြစ်ပါတယ်။
“မိုးမောက်စစ်ဆင်ရေးတိုက်ပွဲကတော့ နှစ်ဆန်းပိုင်း သုံးလ၊ လေးလ ကတည်းက တိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချက်ရပ်နားပြီးမှ အခုဒီတစ်ခါတော့ ဇူလိုင်လ ၂၄ ရက်နေ တစ်ကျော့ပြန်တိုက်တာ ဖြစ်ပါတယ်။ အခုကတော့ ခမရ ၄၃၇ တပ်ရင်းကိုလည်း အပြီးသတ်သိမ်းလိုက်နိုင်ပါပြီ။ တစ်ကျော့ပြန် တိုက်ပွဲကာလကတော့ တစ်လလောက်ကြာသွားတယ်” လို့ ပြောပါတယ်။
စစ်အင်အများအပြားနဲ့ ခုခံကာကွယ်ထားတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ကချင်ပြည်နယ်ထဲက တော်လှန်ရေး လက်နက်ကိုင် ပူးပေါင်းတပ်တွေဖြစ်တဲ့ ဂေါ်ရခါးတပ်၊ အာရက္ခတပ် AA အပါအဝင် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလည်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ဆိုရင် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုတွေ အားလုံးအတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမယ့် ကိစ္စဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
“ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ဆင်ရေးတွေပေါ့နော်။ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ်တွေ ကျနော်တို့ကိုလာပြီးတော့ ကူညီပေးတာတော့ အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ နောက်တစ်ခုရှိတာက မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ဆိုရင် တိုက်ပွဲဝင်နေကြတဲ့ တပ်ပေါင်းစုတွေ အားလုံး လက်တွဲပြီးတော့ အတူလျှောက်ကြရမယ် ဖြစ်ပါတယ်”လို့ပြောပါတယ်။
ကချင်ပြည်နယ်ထဲမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လအတွင်း KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက်နဲ့ မြစ်ကြီးနား – ဗန်းမော်ကားလမ်းပိုင်းတကြောက စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းအကြီး အငယ် ၁၀၀ ကျော်ခန့်ကို တစ်လအတွင်းမှာပဲ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
စခန်းပေါင်း ၁၀၀ ကျော် သိမ်းပိုက်မှုပြီးနောက် မတ်လကုန်ပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို တစ်ပတ်ကျော်အတွင်း အပြီးသတ် ထမ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
KIA ရဲ့ မတ်လ ၇ ရက်နေ့ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တဲ့ စစ်ဆင်ရေးမှာ KIO လိုင်ဇာမြို့အနီးတဝိုက် စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်း ၁၀၀ ကျော်၊ ရှမ်းပြည်နယ်အစပ်က မဘိမ်း၊ လွယ်ဂျယ်မြို့ နှစ်ခုကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
လွယ်ဂျယ်မြို့သိမ်းပိုက်ပြီး ၃ လခန့်အကြာမှာ ဗန်းမော်မြို့နဲ့ လွယ်ဂျယ်မြို့ နှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က မိုးမောက်မြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
အခုထပ်မံ သိမ်းပိုက်လိုက်တဲ့ မိုးမောက်မြို့ဟာ ဗန်းမော် – လွယ်ဂျယ်ကား လမ်းအတွက် စစ်အရေးအရ အလွန်အရေးပါတဲ့ လမ်းကြောင်းဖြစ်သလို ဗန်မော် – လွယ်ဂျယ်နယ် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက်လည်း အရေးအရေးပါတဲ့ နေရာဖြစ်ပါတယ်။
လက်ရှိမှာ KIA က လွယ်ဂျယ်မြို့အပြင် မိုးမောက်မြို့တစ်ခုလုံးကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်တဲ့အတွက် ဗန်းမော်၊ မံစီနဲ့ ရွှေကူမြို့ ၃ နေရာကို သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်တွေက ဩဂုတ်လ ၂၀ ရက်နေ့ မိုးမောက်တပ်စခန်း သိမ်းပိုက်မှုအပြီး ၂၁ ရက်နေ့မှာ ဗန်းမော်နဲ့ မံစီမြို့နယ် ၂ ခုကို ဆက်သွယ်ထားတဲ့ ကောင့်ဂျာယန် (Kawng Ja Yang) နဲ့ မန်ရွက် (Manyawt) ကျေးရွာခုမှာ လုံခြုံရေးရယူထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦးက ပြောပြပါတယ်။
မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီဖြစ်တဲ့အတွက် KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနဲ့အတူ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မံစီမြို့အနီးက ခမရ ၆၀၁ တပ်၊ ခမရ ၃၁၉ တပ်စခန်း နှစ်ခုကို ပြန်လည်တိုက်ခိုက်ဖို့ စစ်ရေးပြန်ဖော်ဆောင်နေတယ်လို့လည်းသိရပါတယ်။
စစ်ရေးဗျူဟာအရ လက်ရှိ မံစီမြို့နယ်ထဲမှာလည်း ခမရ ၆၀၁ တပ်နဲ့ ခမရ ၃၁၉ တပ်ရင်း နှစ်ခုသာ ကျန်ရှိနေတော့ တာဖြစ်တဲ့အတွက် တကယ်လို့ KIA က ထပ်မံသိမ်းပိုက်လိုက်ရင် မံစီမြို့နယ်တစ်ခုလုံးလည်း စစ်တပ်ကင်းစင်နယ်မြေ ဖြစ်သွားမှာလို့ဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်ခရိုင်ထဲမှာ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူ စတဲ့ မြို့နယ် ၄ ခုရှိတဲ့ထဲကနေ မြို့ ၃ နေရာကျန်ရှိသေးတာ ဖြစ်တဲ့အတွက် တိုက်ပွဲက မံစီနဲ့ ဗန်းမော်ဘက်ကို ဦးတည်နေပြီဖြစ်ပါတယ်။
ဒါကြောင့် KIA ရဲ့ စစ်ဆင်ရေးဟာ မိုးမောက်မြို့ သိမ်းပိုက်မှုအပြီး မံစီနဲ့ ဗန်းမော်မြို့နယ်ဘက်ကို ဦးတည်လာနေပြီးတော့ မြို့နေရာ ၃ ခုသာ ကျန်ရှိတော့ဖြစ်တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ဆက်ပြောပါတယ်။
“ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ စတဲ့ မြို့နယ် ရှိတဲ့ထဲကနေ ရှမ်းပြည်နဲ့ ကချင်အစပ်က မဘိမ်းမြို့နယ်ကိုလည်း အပြီးရှင်းလိုက်ပြီ။ အခု မိုးမောက်မြို့နယ်မှာလည်း ရှင်လိုက်ပြီ။ မံစီမြို့နယ်မှာက တပ်စခန်း ၂ ခုဘဲကျန်တော့တယ်။ အဲစခန်း နှစ်ခုရရင် မံစီမြို့နယ်တစ်ခုလုံးလည်း စစ်တပ်ကင်းစင်သွားပြီ”လို့ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်း ယခုနှစ် ၂၀၂၄ မကုန်ခင်အထိ ဗန်းမော့်မြို့တည်ရှိတဲ့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း စစ်တက်နေရာတွေကို သိမ်းပိုက်ဖို့ စစ်ဆင်ရေးရှိနေပြီး နောက်ထပ်ကျန်ရှိနေသေးတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။
ဒါကြောင့် မိုးမောက်တပ် မသိမ်းခင်းကတည်းက ဗန်းမော်မြို့သိမ်းတိုက်ပွဲဖြစ်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဗန်းမော်ဒေသခံပြည်သူတွေအများပိုင်းက လုံခြုံတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပြီး KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးကလည်း အရှိန်မြင့်တက်နေဆဲ ဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)