မြေယာတွေ မတရားသိမ်းခံနေရတဲ့အပေါ် အမြန်ဖြေရှင်းပေးဖို့ တောင်းဆို
ရှမ်းမြောက်၊မူဆယ်ခရိုင် ၊ မုံးပေါ်မြို့နယ်၊ နမ့်တောင်းကျေးရွာမှာ ဒေသခံတွေရဲ့ မြေယာစိုက်ခင်းဖျက်ဆီးလိုက်မှု အမြန်ဆုံး ဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေ တောင်းဆိုနေပါတယ်။
“ဖျက်ဆီးနေတာတွေ၊ တူးဖော်နေတာတွေ ရပ်ထားပေးပါဦးလို့ ပြောရင်လည်း မရပ်နိုင်ဘူးတဲ့။ လုံးဝနားမထောင်ဘူး။ ရွာက တာဝန်ရှိသူတွေ ရောက်လာရင်လည်း ရွာတာဝန်ရှိသူတွေကို စကားပြောဖို့ အခွင့်အရေးတောင် မပေးဘူး။ သူတို့ပဲ အော်ငေါက်ပြီး ဘာမှပြန်ပြောလို့ မရအောင် လုပ်တာ။ ကိုးကန့် တပ်ရင်းဘက်က တာဝန်ရှိသူတွေကိုလည်း တောင်းဆိုစာတင်ထားတယ်။ ဒါပေမယ့် ဘာမှလာမဖြေရှင်းပေးသေးဘူး”လို့ နမ့်တောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နမ့်တောင်းကျေးရွာထဲက ဒေသခံအိမ်ထောင်စု ၆ စုရဲ့ မြေယာတွေကို ကိုးကန့်တပ်ဖွဲ့က မတရားသိမ်းယူလိုက်ပြီး စိုက်ခင်းအားလုံးကိုလည်း ထပ်မံဖျက်ဆီးပစ်လိုက်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာလည်း ကိုးကန့်တပ် MNDAA ဘက်က လူအင်အားနဲ့ ဘူဒိုဇာမြေတူးစက်ကြီးတွေ အသုံးပြုပြီး ရောက်လာကာ မြေပိုင်ရှင်တွေ စိုက်ပျိုးထားတဲ့ ကြံခင်းတွေနဲ့ ပလတ်စတစ်အုပ်ထားတဲ့ အခင်းအားလုံးကို ဖျက်ဆီးပစ်လိုက်တဲ့အပြင် မြေပိုင်ရှင်တွေကိုလည်း ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မိမိတို့ မြေယာအခင်းတွေဆီ သွားတဲ့လမ်းကိုလည်း MNDAA က ပိတ်ထားပြီး မြေပိုင်ရှင်တွေကို အခင်းလုပ်ခွင့် တားမြစ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက KIO ဘက်ကိုလည်း ကူညီဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့အပြင် ကိုးကန့်တပ် MNDAA ဘက်ကိုလည်း အမြန်ဆုံး ဖြေရှင်းပေးဖို့ စာတင်တောင်းဆိုထားတယ်လို့ ပြောပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေဘက်က ဘာမှတုံ့ပြန်လာတာ မရှိသေးဘဲ တရုတ်လုပ်ငန်းရှင်တွေကတော့ မြေယာတွေကို စိတ်ကြိုက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“အခုလိုလုပ်လိုက်တာ ကျမတို့ မြေပိုင်ရှင်တွေ အရမ်းကို ခံစားနေရပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ကျန်းမာရေးထိခိုက်တဲ့အထိ ဖြစ်နေကြတယ်။ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ တာဝန်ရှိသူတွေလည်း တားဆီးပေးတာမျိုး လုံးဝမရှိသေးဘူး။ တရုတ်တွေက အခင်းမြေယာတွေကို သူတို့ကြိုက်သလို၊ လုပ်ချင်သလို အကုန်လုပ်ပစ်လိုက်တာကို ကြည့်ပြီး ရင်တုန်တယ်၊ ရင်ကွဲနာကျတောင် ဖြစ်လာတယ်။ အရမ်းခံစားရတယ်။ ကျမတို့က အခင်းတွေလည်း များများမရှိဘူး။ ဒါကိုပဲ မှီခိုပြီး စိုက်ပျိုးရေးလုပ်ကာ အသက်မွေးဝမ်းကျောင်းပြုနေတာ ဖြစ်တယ်” လို နမ့်တောင်းဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကိုးကန့်ဘက်က စိုက်ခင်းတွေကို မကြာခဏ လာရောက်ဖျက်ဆီးတာကြောင့် မြေပိုင်ရှင်တွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ကိုးကန့်ဘက် သက်ဆိုင်ရာတာဝန်ရှိသူတွေက တရုတ်နှစ်သစ်ကူးပြီးရင် ဖြေရှင်းပေးမယ်လို့သာ ပြောခဲ့ပေမယ့် လက်ရှိအချိန်ထိ ဘာမှဖြေရှင်းပေးမှု မရှိသေးတာ ဖြစ်ပါတယ်။
လက်ရှိ ဒေသခံမြေပိုင်ရှင်တွေ တောင်းဆိုနေတာကတော့ မတရားသိမ်းယူခံရတဲ့ မြေယာတွေကို မူလမြေပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်ပြီး နဂိုအတိုင်း လုပ်ကိုင်စားသောက်ခွင့်ပေးဖို့ ဖြစ်ပါတယ်။
ဒေသခံတွေဟာ ဘိုးဘေးစဉ်ဆက် ဒီမြေယာတွေမှာပဲ မှီခိုပြီး ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်းပြုနေကြပေမယ့် လက်နက်ကိုင်အာဏာပိုင်တွေကြောင့် မြေယာတွေ မတရားသိမ်းယူခံနေရတာ ဖြစ်ပါတယ်။
နမ့်တောင်းကျေးရွာမှ ဦးဆိုင်ဂျော်၊ ဦးဇော်ယော်၊ ဦးဒေါ့ရှီတူး၊ ဒေါ်ခေါန်နန်၊ ဦးလဘန်ဂမ်၊ ဦးခေါင်းဟောင်း စတဲ့ တောင်သူတွေရဲ့ မြေယာတွေကို ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံတော်စီမံကိန်းအမည်နဲ့ မတရားသိမ်းယူခံခဲ့ရဖူးပါတယ်။
ဒါပေမယ့် NLD အစိုးရလက်ထက်မှာ သိမ်းဆည်းခံထားရတဲ့ မြေယာတွေကို မူလမြေပိုင်ရှင် တောင်သူတွေဆီ ပြန်လည်အပ်နှံပေးခဲ့ပြီး လုပ်ကိုင်ခွင့်ပြုထားတာ ၁၀ နှစ်ခန့်ရှိလာချိန်မှာ လက်ရှိ ကိုးကန့် MNDAA တပ်ဖွဲ့က တရုတ်လုပ်ငန်းရှင်တစ်ဦးကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုဖို့အတွက် မြေယာတွေကို အတင်းအဓမ္မ ပြန်လည်သိမ်းယူနေခြင်း ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




