ရွှေကူထဲရောက်နေတဲ့စစ်ကြောင်း ဗန်းမော်ကိုဆက်ဦးတည်ဖို့ကြိုးစားနေလို့ တိုက်ပွဲဖြစ်နေ
ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်၊ ငအိုးရွာဘက်ကနေ ရွှေကူမြို့ကို ဦးတည်နေတဲ့ စစ်တပ်စစ်ကြောင်းရဲ့ အင်အားအများစုဟာ ရွှေကူဘက်ကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ငအိုးကနေ ရွှေကူကို ဦးတည်နေတဲ့စစ်ကြောင်းက တော်တော်များများတော့ ရောက်သွားပြီ။ ကားက အားလုံးဝင်သွားတဲ့ အရေအတွက်ဆိုရင် အစီးရေ ၃၀ လောက်ရှိမယ်။ အင်အားကတော့ အတိအကျမသိဘူး။ ကားအကြီးကြီးတွေနဲ့ ဝင်သွားတယ်လို့ သိရတာပဲ”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လတ်တလော အဲဒီစစ်ကြောင်းတွေနဲ့ KIA ပူးပေါင်းတပ်တို့ဟာ ရွှေကူမြို့၊ အထက် ၄ လမ်းဆုံနဲ့ ငအိုး–ရွှေကူလမ်းပိုင်း သုံးခွဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အထက် ၄ လမ်းဆုံမှာ ဖြစ်နေတဲ့ အဲဒီတိုက်ပွဲဟာ ရွှေကူမြို့အတွင်းက စစ်သားတွေဟာ ဗန်းမော်ဘက်ကို ဦးတည်လှုပ်ရှားဖို့ ပြင်ဆင် လာတဲ့အတွက် မြို့အထွက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ရွှေကူထဲကနေ ဗန်းမော်ကို တစ်ဖက်လမ်းကနေပြန်ထွက်တယ်လေ။ ထွက်တော့ အထက် ၄ လမ်းဆုံဘက်မှတိုက်ပွဲဖြစ်တယ်လို့သိရတယ်။ အသေးစိတ်တော့မသိရဘူးဗျ။ ရွှေကူကနေထွက်စလေးပဲရှိသေးတာပေါ့။ အထက် ၄ လမ်းဆုံကတော့ ရွှေကူနဲ့ ဘာမှ မဝေးဘူး။ငအိုးနဲ့ရွှေကူကြားမိန်းလမ်းကြောင်းပေါ်မှာတော့ သူတို့တပ်ဖွဲ့ဝင်တစ်ချို့နေရာယူထားတယ်ပေါ့ဗျာ။ ငအိုးနဲ့ဘာမှ မဝေးတဲ့ သုံးခွမှာလည်းတိုက်ပွဲဖြစ်တယ်။ လက်ရှိကျန်နေခဲ့တဲ့ သူတို့တပ်ဖွဲ့ဝင်တွေနဲ့ပေါ့။ တိုက်ပွဲကတော့ နေ့စဥ်လိုလို ဖြစ်နေ တာပဲ”လို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆက်ပြောပါတယ်။

တစ်ဖက်မှာ ဒီနေ့ မနက် ၇ နာရီဝန်းကျင်ကစလို့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံတွေက လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြနေကြပါတယ်။
ဘယ်နေရာတွေ တိုက်ခိုက်ခံရပြီး လူနေအဆောက်အအုံနဲ့ အရပ်သားထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
လက်ရှိအခြေအနေအရ ရွှေကူ–ငအိုးလမ်းကြောင်းတစ်လျှောက်နဲ့ မြို့အနီးဝန်းကျင်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ရှိနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆို နေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာတော့ KIA က ရွှေကူမြို့ခံတွေကို မြို့တွင်းကနေ ထွက်ခွာပေးဖို့နဲ့ ငအိုး–ရွှေကူလမ်းပိုင်းကို အသုံးမပြုဖို့ သတိပေးချက် ထုတ်ပြန်ခဲ့သလို စစ်တပ်ဘက်ကလည်း အရပ်သားတွေကိုမြို့ကနေမထွက်ဖို့ ဆော်ဩတာတွေ လုပ်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ဒေသတွင်း စစ်ရေးအခြေအနေတွေ ဆက်လက်တင်းမာနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ရွှေကူမြို့နယ်အတွင်း ကျန်ရှိနေတဲ့ အရပ်သားတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေ က ပြောဆိုထားပါတယ်။
By – အမိုး




