မြစ်ကြီးနားက ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ချို့ငွေညစ်ခြိမ်းခြောက်ခံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ချို့ကို ရဲတပ်ဖွဲ့ဝင်တစ်ချို့ငွေညစ်ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့က ဆိုင်ကယ်ဝပ်ရှော့ဆိုင်အသေးတွေဟာ ဆိုင်ကယ်သူခိုးတွေကိုဆိုင်ကယ်ပြုပြင်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ဝင်တစ်ချို့က ဝပ်ရှော့ဆိုင်အသေးတွေကိုအဓိကပစ်မှတ်ထား ခြိမ်းခြောက်နေပြီး ဆိုင်ကြီးတွေကိုတော့ ငွေညစ်ခြင်းမရှိဘူးလို့ သိရပါတယ်။
“သူခိုးက ဂျိုမှမပါဘဲ ဘယ်လိုလုပ်သိမှာလဲ ဝပ်ရှော့ဆရာတွေရဲ့လည်မြိုကို လိုက်ညစ်နေတာ။ပိုက်ဆံမထွက်ထွက်အောင် ညစ်နေတာသနားစိတ်လည်းမရှိကြဘူး ကြင်နာစိတ်လည်းမရှိဘူး။ သူတို့ ပိုက်ဆံရရင်ရပြီ အထက်ကလူတွေကိုလည်း သိစေချင်တယ်။ တော်တော်များများက ဝပ်ရှော့ဆိုင်ကယ်အသေးတွေကိုဘဲ အနိုင်ကျင့်နေတာ”လို့ ရဲတွေငွေတောင်းချိန် ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြို့ခံအမျိုးသားတစ်ဦး ဆိုပါတယ်။
တစ်ဖက်မှာ ဆိုင်ကယ်သူခိုးတွေဟာ သာမန်အရပ်သားတွေနည်းတူဘဲ ဆိုင်ကယ်လာပြင်တာဖြစ်တဲ့အတွက် ဝပ်ရှော့ဆရာတွေအနေနဲ့ ဆိုင်ကယ်လာပြုပြင်တဲ့သူတွေဟာ သူခိုးဖြစ်ခြင်း မဖြစ်ခြင်းကို မသိမြင်နိုင်တဲ့အခြေအနေဖြစ်နေတဲ့အတွက် ခက််ခဲဲမှုရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဝပ်ရှော့ဆရာတွေအနေနဲ့ အမှုတွဲထဲက လွတ်ချင်ပါက ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်ဆိုပြီး ၁သိန်းကနေ ၅သိန်းဝန်းကျင်ထိ ကောက်ခံတာတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆိုပါတယ်။
တချို့ဆိုင်ကယ်ဝပ်ရှော့ဆရာတွေဟာအမှုတွဲထဲပါမှာစိုးရိမ်တဲ့အတွက် ဒဏ်ငွေဆောင်လိုက်ရပြီး အရှုံးပေါ်သွားတဲ့အတွက် ပိတ်လိုက်ရတဲ့ ဆိုင်ကယ်ဝပ်ရှော့ဆိုင် အသေးတွေလည်း ရှိ နေတယ်လို့ သိရပါတယ်။
ဒါကြောင့် သက်ဆိုင်ရာအထက်တာဝန်ရှိသူတွေအနေနဲ့ ခုလိုငွေညစ်ခြိမ်းခြောက်နေတာကို သေချာကိုင်တွယ်ဖြေရှင်းပေးဖို့ ဝပ်ရှော့ဆရာတွေ ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ခုလို မတရားအနိုင်ကျင့် ခြိမ်းခြောက်မှုတွေလုပ်နေတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။
“ကြံရာပါဆိုတာထက် အာဏာအလွဲသုံးစား လုပ်ဆောင်မှုပေါ့။ ဆိုင်ကယ်ပြင်တဲ့သူတွေက ဘယ်သူ့ကိုမဆိုပြင်ပေးမှာဘဲလေ။ အဓိကကတော့ ခုလို ခြိမ်းခြောက် ငွေတွေတောင်းခံတာထက် ခိုးတဲ့သူတွေကို ဘယ်လိုအရေးယူ နှိမ်နှင်းမယ်ဆိုတာက ပိုအရေးကြီးတာပေါ”လို့ ပြောပါတယ်
ဒါ့အပြင် ဆိုင်ကယ်အခိုးခံရတဲ့ ပြည်သူတွေကနေပြီးတော့ ရဲစခန်းတွေကို တိုင်ကြားခဲ့ပေမယ့်လည်း ဖမ်းဆီးရမိခြင်းမရှိတဲ့အတွက် ဒီနောက်ပိုင်း ဆိုင်ကယ်ပျောက်သူတွေအနေနဲ့ ရဲစခန်းတွေကို တိုင်တန်းတာတွေ လျော့နည်းလာတယ်လို့ သိရပါတယ်။
ဒါတင်မက တချို့ပြည်သူတွေ ဖမ်းဆီးရမိထားတဲ့ သူခိုးဓားပြတွေကိုလည်း ပိုက်ဆံယူပြီး ပြန်လွှတ်ပေးလိုက်တာမျိုးတွေလည်း ရှိတယ်လို့ ပြည်သူတွေက ပြောပါတယ်။
လက်ရှိ မြစ်ကြီးနားမြို့မှာလည်း အိမ်ထဲထိ ဆိုင်ကယ်ဝင်ခိုးတဲ့ ဖြစ်စဉ်တွေဟာ မြို့ပေါ် ရပ်ကွက်တွေ ဖြစ်တဲ့ စီတာပူ၊ တပ်ကုန်း၊ အင်ဂျန်ဒုံ၊ မြို့သစ်၊ ရမ်ပူ ၊ ခေမာသီရိ စတဲ့ ရပ်ကွက်တွေမှာ အဖြစ်များပြီး လူတွေ အိပ်မောကျချိန် မနက်ပိုင်း ၂နာရီကနေ ၄နာရီ ဝန်းကျင်အချိန်တွေမှာ ပို အဖြစ်များတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိသူ တချို့ပြောကြားချက်အရတော့ ဆိုင်ကယ်ခိုးသူတွေဟာ အုပ်စုဖွဲ့ပြီး ဓားရှည်လို လက်နက်တွေလည်း ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ကို လက်ရှိ စစ်ကောင်စီကနေပြီးတော့ အုပ်ချုပ်နေပေမယ့်လည်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွေနဲ့ လောင်းကစားဝိုင်းတွေ ပိုမိုများပြားလာပြီး ခိုးဆိုးလုယက်မှုတွေလည်း ပိုများလာနေတယ်လို့ မြို့ခံတွေပြောပါတယ်။
By – Hope



