တိုက်ပွဲသတင်း

ကချင်တော်လှန်ရေးနေ့မှာ KIA ထိန်ချုပ်နယ်မြေတွေကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်

ကချင်တော်လှန်ရေးနေ့ (၆၅) နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က KIO လိုင်ဇာဌာနချုပ်အနီးတဝိုက်နဲ့ KIA တပ်မဟာနေရာတစ်ချို့ကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်း(အသေခံ)ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဂျန်မိုင်၊ နမ်ဆန်ယန်ရဲ့ နောက်ဘက်ခြမ်း၊ လဇိန်ကုန်း(Lazing Kawng) KIA တပ်မဟာ () နယ်မြေဖြစ်တဲ့ ဖရဲ(Hpare) စတဲ့နေရာတွေမှာ စစ်တပ်က လေကြောင်းအပါ ဆိုဆိုက်ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဒီကနေ့က လိုင်ဇာမှာ ပြီးရင် ဂျန်မိုင်မှာ ဆူဆိုက်ဒရုန်းက လာပစ်ချတာတွေလုပ်နေပါတယ်။ လိုင်ဇာမှာက ၂ ကြိမ်လောက်လာပစ်သွားတယ်။ နောက်ပြီး နမ်ဆန်ရဲ့ လဇိန်ကုန်းဘက်မှာလည်း လာချတယ်။ ပြီးရင် တပ်မဟာ () ဖရဲဘက်မှာက လေယာဉ်နဲ့ လာပစ်သွားတယ်ဆိုပြီး KIA ရှေ့တန်းကပြောပြလာတယ်လို့ပြောပါတယ်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်မှာလည်း စစ်တပ်က မနေ့ညနေ ၃ နာရီခွဲဝန်းကျင် ဗုံးကြဲတိုက်ခိုက်သွားတဲ့ နေရာကို ဒီကနေ့ မနက်ပိုင်း အစောပိုင်း ၁ နာရီဝန်းကျင်လောက်မှာလည်း ဆူဆိုက်ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်း ၄ ခုလောက်ကို လက်လွတ်လိုက်ရပြီးနောက် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ကချင်တော်လှန်ရေးနေ့မှာ KIA ထိန်းချုပ်နယ်မြေတွေကို ဦးတည်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး အထက်ပါ အမျိုးသားက ဆက်လက်သုံးသပ်ထားပါတယ်။

ဒီကနေ့က ကချင်တော်လှန်ရေးနေ့လည်းဖြစ်သလို အခုတလောဖြစ်တဲ့ ဝိုင်းမော်မှာကော၊ ဖားကန့်ဘက်မှာကော ဖြစ်နေတဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်တာတွေများတယ်။ အဲ့ဒါကြောင့် လိုက်လံပစ်ခတ်နေတယ်လို့ပဲမြင်ပါတယ်

ဒါ့အပြင် နောက်ထပ် ဖားကန့်ဒေသ တိုက်ပွဲဆက်ဖြစ်နေတဲ့ မရှီကထောင်ရပ်ကွက် အနောက်ဘက်ခြမ်းမှာ စစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ဘက်ကို ဒရုန်းအဆက်အပြတ်ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လုပ်လုပ်နေတယ်လို့သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ ဒရုန်းဂျမ်မာတစ်စင်းကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရယူနိုင်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ နောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက ယခုလိုဆက်ဆိုပါတယ်။

ဒီကနေ့က သီးသန့်လေကြောင်းလာတော့မရှိသေးဘူး။ ဒါပေမယ့် ဒရုန်းအပြန်အလှန်ပစ်ခတ်တာတွေတော့ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီရဲ့ ဒရုန်းတစ်စင်းကို သိမ်းဆည်းနိုင်ခဲ့တယ်။ လောလောဆယ်တိုက်ပွဲကဆက်ရှိနေတယ်။ မနေ့ကလောက်တော့ ပြင်းထန်တာမျိုးတော့မဟုတ်ဘူးလို့ပြောပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကတင်ပြီး KIO နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဖားကန့် ဆိုင်းတောင်ကျေးဘက်ကို စစ်ကြောင်းထိုး တိုက်ခိုက်လာတဲ့အတွက် မရှီကထောင်အနောက်ဘက်ခြမ်း တစ်လျှောက် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ဇန်နဝါရီလ နှစ်ကုန်ပိုင်းကနေ ဗန်းမော်မြို့သိမ်းတိုက်ပွဲအပြင် ဖားကန့်၊ ဝိုင်းမော်နဲ့ အင်းတော်ကြီးဒေသ တစ်လျှောက် တစ်ပြိုင်နက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button