ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တပြိုင်နက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
မြို့နေရာ ၄ ခုမှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေပြီး ဗန်းမော်နဲ့ ဝိုင်းမော်မြို့တွေမှာဖြစ်နေတဲ့ တိုက်ပွဲမှာ KIA ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တိုက်ပွဲဖြစ်ပြီး ဖားကန့်နဲအင်းတော်ကြီးဒေသတွေမှာက စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ခုခံတိုက်ပွဲဖြစ်နေတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။
“တိုက်ပွဲက ဗန်းမော်မှာနေ့တိုင်းဖြစ်တယ်။ ဝိုင်းမော်၊ ဖားကန့်တွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။ ပြီးရင် အင်းတော်ကြီးဘက်မှာလည်းဖြစ်နေပါတယ်။ ဒီ ၄ နေရာမှာက တစ်ဆက်တည်းဖြစ်နေတာပါ။ ဖားကန့်မှာဖြစ်နေတဲ့တိုက်ပွဲက စစ်တပ်က ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ အဲ့လိုပဲ အင်းတော်ကြီးဘက်မှာလည်း စစ်တပ်နဲ့ SNA တွေထိုးလာတယ်။ အဲဒါကြောင့် KIA ကခုခံတိုက်ခိုက်နေတာဖြစ်တယ်။ ဝိုင်းမော်မှာတော့ KIA ပစ်လိုက်၊ စစ်တပ်ပစ်လိုက်နဲ့ ဖြစ်နေတာပဲ”လို့ ပြောပါတယ်။
ဖားကန့်တိုက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေ KIA တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးစားလာရင်း မရှီကထောင်အနောက်ဘက်ခြမ်း ထုံးဘိုကျေးရွာ ဆုတောင်းကုန်းဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေဖော်ဆောင်နေသလို ယခုတစ်ပတ်အတွင်းဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တိုက်ပွဲဖြစ်တဲ့နေရာကို ဂျက်လေယာဉ်၊ Y – 12 လေယာဉ် နှစ်မျိုးစလုံးနဲ့ လာရောက်ပစ်ခဲ့ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာလည်း KIA နဲ့ တော်လှန်ရေးတပ်ဘက်ကို ဒရုန်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်အသုံးပြု ဂျမ်မာဒရုန်းတစ်စင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ဖြစ်တဲ့တိုက်ပွဲမှာ ဒုစစ်ကြောင်းမှူးတစ်ဦးလည်း ဝမ်းဗိုက်မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတယ်လို့ KIA ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

ဖားကန့် – အင်းတော်ကြီးဂွေခါလမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
အင်းတော်ကြီး – ဂွေခါလမ်းပိုင်းက ဖြစ်တဲ့တိုက်ပွဲမှာလည်း လမ်းပိုင်းထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ အင်းတော်ကြီးအရှေ့ဘက် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း KIA လက်လွတ်လိုက်ရတဲ့ အင်းတော်ကြီးဒေသက လုံးတုံနဲ့ ဟဲပုစတဲ့ကျေးရွာတွေကို ထိန်းချုပ်ထားတဲ့ ရှေ့တန်းတပ်စခန်းတစ်ချို့ကိုလည်း KIA ဘက်က ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆက်သိရပါတယ်။
ဖားကန့် နဲ့ အင်းတော်ကြီးဒေသမှာ ဖြစ်တဲ့တိုက်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ယခုလို ဆက်ဆိုထားပါတယ်။
“စစ်တပ်ရဲ့ ဗျူဟာကို ကြည့်မယ်ဆိုရင် အင်းတော်ကြီးရဲ့ ရှေ့ဘက်ခြမ်းမှာ စစ်အင်အားအလုံးအရင်းနဲ့ထိုးနေတယ်။ ဖားကန့် ဂွေခါလမ်းကို ကောင်းကောင်းထိန်းချုပ်လိုက်ဖို့ ဖားကန့် စစ်ကြောင်းနဲ့ အင်းတော်ကြီး စစ်ကြောင်းတွေ ညှိနှိုင်းထားပြီး ထိုးစစ်ဆင်ပုံရတယ်။ ဒါကြောင့်လည်း ဆိုင်းတောင်ဘက်ထိုးလာတဲ့စစ်ကြောင်းတွေကို ခုခံတိုက်ခိုက်နေရတယ်”လို့ပြောပါတယ်။
အင်းတော်ကြီး – ဖားကန့်ဂွေခါလမ်းပိုင်းကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း လမ်းပိုင်းအားလုံးကို ထိန်းချုပ်လိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်ကာ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။
အလားတူ ဇန်နဝါရီလကုန်ပိုင်းထဲ တစ်ပြိုင်နက် တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေ KIA သိမ်းပိုက်ထားတဲ့ လမြန်ကျေးရွာအထက်ဘက်ကို စစ်ကြောင်းထိုးဝင်နိုင်ဖို့ ပြင်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတဲ့အတွက် ဖေဖော်ဝါရီလ ၃၊ ၄ ရက်အတွင်း ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်နဲ့ပြည်သူစစ်အဖွဲ့တွေ အထိုင်ချထားတဲ့ ဂိတ်နေရာ ၄ ခုခန့်ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
“ဝိုင်းမော်မှာက အရင်ကဆို လမြန်တဝိုက်မှာ ပစ်ခတ်ကြတယ်။ အခုရင်ကတည်းကရှိတဲ့ ဝူယန်ပြည်သူ့စစ်ဂိတ်နေရာကို ယူလိုက်ပြီးတော့ တစ်နေ့ကတော့ ယခင်ရွှေမင်းပြည်သူ့စစ်တွေထိုင်တဲ့ဘက်က ဂိတ်နေရာ နှစ်ခုစလုံးကို ယူလိုက်နိုင်တယ်။ ဆည်မြောင်းတစ်ဖက်ဆိုရင် မဒိန်၊ ခကွမ် ၊ ၅၈ တပ်ရင်းနဲ့ လည်းတော်တော်နီးသွားပြီ”လို့ပြောပါတယ်။
ယခင် ဝူယန်ကျေးရွာလမ်းတစ်လျှောက် လီဆူပြည်သူ့စစ်အဖွဲ့တွေ ဂိတ်ချပြီး ငွေတောင်းခံတဲ့ ဂိတ်နေရာ နှစ်ခုစလုံးကို သိမ်းပိုက်တာဖြစ်ပြီး နောက်ထပ် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကို ကွေ့ဝိုက်တဲ့ မိုင်းနားကျေးရွာ အနောက်ဘက်ခြမ်းတစ်လျှောက်က ဂိတ်နေရာ နှစ်ခုကိုလည်း သိမ်းပိုက်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဂိတ်နေရာတွေဟာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဖွဲ့ခွဲပြီး လမ်းပိုင်းသွားလာတဲ့ ကုန်တင်ကား၊ အိမ်စီးကားတွေဆီကနေ ငွေတောင်းခံတဲ့ ဂိတ်နေရာတွေဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဲဒီဂိတ်နေရာတွေကို တပြိုင်နက် လက်လွတ်လိုက်ရပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ရွှေညောင်ကျေးရွာထဲ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများစွာရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ရှိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိတဲ့ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီးဒေသနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေမှာ လေကြောင်းအလွန်အကျွံအသုံးပြုပြီး တိုက်ပွဲဖော်ဆောင်နေပါတယ်။
တိုက်ပွဲကာလ တစ်နှစ်ကျော်ခန့်ကြာမြင့်လာတဲ့ ဗန်းမော်မှာလည်း နေ့တိုင်းလိုလို နှစ်ဖက်တပ်အပြန်အလှန် သိမ်းလိုက်၊ ပြန်လက်လွတ်နဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။
ဗန်းမော်မှာ ဗန်းမော်ကနေ မိုးမောက်သွားလမ်း ၂ မိုင်နဲ့ ၃ မိုင်နေရာ၊ တက္ကသိုလ်ကျောင်းဝင်နေရာ၊ တာမိုင်း စတဲ့နေရာတွေမှာ အဓိကတိုက်ပွဲနေရာဖြစ်နေတယ်လို့ သိရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



