မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရွှေကူမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမှော်တော်အစီးရေထောင်ချီဖြင့်ရွှေတူးဖော်နေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမော်တော်အစီးရေထောင်နဲ့ချီချပြီး ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေရဲ့လယ်ယာ၊စိုက်ခင်းပျက်စီးမှုတွေအများအပြားရှိနေတယ်လို့သိရပါတယ်။

ရွှေကူမြို့နယ်ထဲက ဗန်းမော်မြို့နယ်အစပ် နောင်မိုကနေ စစ်ကိုင်းအစပ် ဘိုကုန်းကျေးရွာအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်လုံးမှာစက်လှေ၊ သံခွန်တွေအသုံးပြုပြီးရွှေအလွန်အကျွံတူးဖော်နေတာကြောင့် ရွာပေါင်း ၂၀ နီးပါးလောက်က လယ်ယာစိုက်ခင်းတွေပျက်စီးနေတယ်လို့သိရပါတယ်။

“ဘယ်ရွာကနေဘယ်ရွာအထိရယ်မဟုတ်ဘူး ရွှေကူတစ်နယ်လုံးကမြစ်ကြောင်းတစ်လျှောက်မှာ တူးနေတာ ရွှေမှော်တော်တွေအပြည့်ပါ့ မြစ်ကြောင်းတစ်ခုလုံးဟာ ဘယ်နေရာကြည့်ကြည့်ရွှေမော်တော်တွေပဲ မြစ်ကြောင်းတွေလည်းပျက်စီးကုန်ပြီလေး ရွှေအလွန်အကျွံ့တူးနေတော့လို့ အသက် ၄၀ ကျော်အရွယ်ရွှေကူမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဒေသခံတွေပြာပြချက်အရ ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကမ်းနှစ်ဖက်စလုံးမှာ ရွှေမော်တော်တွေနဲ့အလွန်အကျွံရွှေတူးမှုဟာ တစ်နေ့တစ်ခြားပိုမိုဆိုးဝါးလာနေပြီး မြစ်ကြောင်းပျက်စီးတာ၊ ဒေသခံတွေရဲ့မြစ်ကမ်းဘေးတစ်လျှောက်လယ်ယာနဲ့စိုက်ခင်းတွေပျက်စီးတာ၊ရေသွင်းဖို့ခက်ခဲလာတာတွေရှိတယ်လို့ဆိုပါတယ်။

အခုတဖြေးဖြေးနဲ့မြစ်ကြောင်းတွေကျဥ်းကျဥ်းသွားတာ အဲ့တော့စိုက်ခင်းတွနဲ့မြစ်ကအဝေးကြီးဖြစ်သွားတော့ရေသွင်းဖို့ခက်သွားတယ်လယ်ယာစိုက်ခင်းတွေလုပ်စားမရတော့ဘူး ပြီးတော့ တချို့စိုက်ခင်းတွေကဆိုရင် ကမ်းပြိုလို့ပျက်စီးတာတွေမနည်းဘူးရှိတယ် ပြောရရင်မြစ်ကမ်းဘေးတလျောက်ကလယ်ေကာ၊စိုက်ခင်းတွေကောက အကုန်ပျက်စီးတာပဲမပျက်စီးရင်တောင်လုပ်စားမရတော့ဘူးလို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

PSA

အခုလို ရွှေတူးဖော်မှုကြောင့် မြစ်ကမ်းဘေး ရွာတွေဖြစ်တဲ့ရေလဲ၊မိုးလဲ၊ ဆင်တပ်၊ မိုးစစ်၊သဘော်အင်း၊ကျောက်ကြီး၊ဘိုကုန်းနောင်မို စတဲ့ရွာခံတွေအပါရွာပေါင်း ၂၀ ဝန်းကျင်လောက်ရဲ့ လယ်ယာ၊စိုက်ခင်းတွေဟာ ၂၀၂၄ ခုနှစ်လောက်ကတည်းက ပျက်စီးစပြုနေပြီး တနေ့တခြားပိုမိုဆိုးဝါးလာနေတာဖြစ်တယ်လို့ဒေသခံတွေပြောပါတယ်။

အဲ့ဒီရွှေမော်တော်တွေဟာ စစ်ကောင်စီတပ်နဲ့ KIAနှစ်ဖက်လက်နက်ကိုင်တွေကိုအခွန်ပေးဆောင်ရပြီး ရွှေမော်တော်အစီးရေ ခန့်မှန်း အစီး ၁၀၀၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။

“အစီးရေကတော့ထောင်ချီရှိတယ် ဟိုဘက်ကမ်းကောဒီဘက်ကမ်းကောပေါ့ ဒီဘက်တပ်နဲ့နီးတဲ့လုပ်ကွက်တွေကတပ်ဘက်ကိုပေးရတယ် ဟိုဘက်ကမ်းကတော့ KIAဘက်ကိုပေးရတယ် သတ်မှတ်ချက်ကတော့ ကွာခြားမှုရှိတယ် ၁၀ ဂဏန်း ၊ရာဂဏန်းပေးရတယ်”လို့ အထက်မှော်ဖော်ပြခဲ့တဲ့အသက် ၄၀ ကျော်အရွယ် ရွှေကူမြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ရွှေကူမြို့နယ်ထဲမှာတော့ ရွှေကူမြို့အပါအမြို့အနီးတဝိုက်ကျေးရွာတွေလောက်သာ စစ်ကောင်စီတပ်ကထိန်းချုပ်ထားပြီးကျေးရွာအများစုကိုတော့ KIAနဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားတယ်လို့သိရပါတယ်။

ရွှေကူမြို့နယ်မှပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာလလောက်ကစပြီး  ရွှေကူမြို့အရှေ့ဘက် ရေလှဲ၊မိုးစစ် စတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင် ဧရာဝတီမြစ် ကြောင်းပေါ်မှာ ရွှေဖောင်အစီးရေ ၂၀ လောက်နဲ့သာစတင်တူးဖော်ခဲ့ရာလက်ရှိမှာတော့ ရွှေဖောင်အစီးရေထောင်ချီအထိရှိလာနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button