မြစ်ကြီးလေယာဉ်ကွင်းမှာ ဒရုန်းကျရောက်မှု စစ်တပ် လက်ချက်ဟု ဗိုလ်မှူးကြီးနော်ဘူ တုံ့ပြန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းထဲ အသေခံဒရုန်း ကျရောက်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
KIA က စစ်ရေးနဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အများပြည်သူ ဒုက္ခရောက်အောင် လုပ်ဆောင်တာ မရှိဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။
“KIA အမြဲတမ်း တစ်ဖက်ရန်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေလုပ်ပါတယ်။ အခုဖြစ်သွားတဲ့ အများပြည်သူသုံးတဲ့ လေယာဉ်ကွင်းက စစ်နေရာမဟုတ်သလို ရန်သူလည်းမရှိပါဘူး။ ပစ်ရင်က ရန်သူရှိတဲ့ စစ်လေယာဉ်ကွင်းကို ပစ်မှာပဲ။ နောက်တစ်ခုက စစ်ကော်မရှင်ကနေ ပြည်သူသုံးတဲ့ လေယာဉ်တွေကို အသုံးပြုပြီး စစ်မြေပြင်နေရာတွေမှာ အသုံးပြုတာတွေရှိတယ်။ ဥပမာ – စစ်အင်အားသယ်ယူတာတွေ၊ Y- 12, Y-8 တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်။ အခုလိုလုပ်တာက ပြည်သူလူထုကို နားလည်မှုလွဲအောင်၊ အမြင်မှားအောင်လုပ်နေတယ်လို့ပဲပြောချင်တယ်”လို့ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီလောက်မှာ မြစ်ကြီးနားမြို့ လေဆိပ်ကွင်းနေရာနဲ့ လေဆိပ်အနီးက ဘိုးဘွားရိပ်သာ အဆောက်အဦးဝင်းက ရေကန်နားမှာ အသေခံဒရုန်း ကျမှန်ပေါက်ကွဲခဲ့ပြီး မြစ်ကြီးနား လေဆိပ်ကို ပိတ်လိုက်ရတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က အများပြည်သူနဲ့ KIO/KIA ကြားမှာ ထင်ယောင်ထင်မှားဖြစ်စေအောင် KIA ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် စနစ်တကျ လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ပြောပါတယ်။

အခုလို အများပြည်သူအသုံးပြုတဲ့ လေယာဉ်ကွင်းထဲအထိ ပစ်ခတ်တိုက်ခိုက်ပြီး ကျမှန်ပေါက်ကွဲခဲ့တဲ့ အသေခံဒရုန်းလက်နက်ကြီး တွေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်တပ်ထောက်ခံတဲ့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေတာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ လေဆိပ်တိုက်ခိုက်ခံရမှု မတိုင်မှီ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာ တည်ရှိတဲ့ နန့်ပေါင် လေတပ်စခန်းရဲ့ ရေဒါစက်ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ဖျက်ဆီးပေးလိုက်တယ်လို့ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ၆၅ နှစ်ပြည့်တော်လှန်ရေးနေ့အခမ်းအနားတစ်ခုမှာ အွန်လိုင်းကနေ တဆင့်ပြောဆိုခဲ့တာလည်း ရှိခဲ့ပါတယ်။
နန့်ပေါင်လေတပ်စခန်းတိုက်ခိုက်ခံရတဲ့အတွက် အများပြည်သူအထင်မှားအောင် စစ်တပ်က တမင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ နောက်ထပ် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ဆက်ပြီးပြောပါတယ်။
“ဒီဒရုန်းတွေက KIA ဒရုန်းတွေက လုံးဝ မဖြစ်နိုင်ဘူး။ တကယ်လို့များတိုက်ရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နန့်ပေါင် စစ်လေတပ်ကို တိုက်မှာပေါ့။ နန့်ပေါင်လေတပ်နဲ့ ကို ကျော်ပြီး အများပြည်သူအသုံးပြုတဲ့ မြစ်ကြီးနားလေဆိပ်ကို ဘာလို့ တိုက်မှာလဲ။ နန့်ပေါင်လေတပ်ရဲ့ ရေဒါစက်ကြီးကို KIA နဲ့ PDF တွေသွားရောက်တိုက်ခိုက်ခဲ့တော့ အများပြည်သူအထင်လွှဲအောင် လုပ်လိုက်တယ်လို့မြင်ပါတယ်”လို့ ပြောပါတယ်။
နောက်ထပ် စစ်ကောင်စီအနေနဲ့ ကချင်ဒေသအတွင်း တိုက်ပွဲတွေပိုပြီးပြင်းထန်လာတဲ့ လေကြောင်းလိုင်းတွေ ရပ်နားသွားအောင် တစ်နည်းအားဖြင့် လုပ်ဆောင်တာလည်းဖြစ်နိုင်တယ်လို့ ဆက်ဆိုပါတယ်။
အဲဒီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာနဲ့ မြစ်ကြီးနားကနေ ပူတာအို၊ မန္တလေး၊ ရန်ကုန် လေကြောင်းလိုင်းအားလုံးကို ရက်အကန့်အသတ် မရှိပိတ်ထားကြောင်းလည်း လေယာဉ်လက်မှတ် ရောင်းတဲ့ သူတွေ ဆီကနေ တဆင့်သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် KIO နဲ့ PDF ပူးပေါင်းတပ်တွေဟာ မြစ်ကြီးနားမြို့အတွင်းရှိ စစ်တပ်နေရာယူထားတဲ့ နေရာတွေ ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပုံမှန်လုပ်ဆောင်ခဲ့ပါတယ်။



