မြစ်ကြီးနား လေကြောင်းလိုင်းလေယာဉ်လက်မှတ်ရောင်းချခြင်းမရှိသေး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားသော်လည်း လေယာဉ်လက်မှတ်တွေရောင်းချခြင်းမရှိသေးဘူးလို့ လေယာဉ်လက်မှတ်အရောင်းဌာနနဲ့လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်နေသူဆီကနေ သိရပါတယ်။
လေကြောင်းလိုင်းပြန်လည်ပြေးဆွဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၂၄ ရက် မနေ့က နေပြည်တော်မှာကျင်းပတဲ့ စက်သုံးဆီများ ဖူလုံစွာရရှိရေး နှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆိုသွားပြီးတဲ့နောက် ညပိုင်းမှာတော့ စစ်တပ်ပိုင်ရုပ်သံကပါ ထပ်မံကြေညာထားပါတယ်။
ဒါကြောင့် လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေသူတွေကို မေးမြန်းကြည့်ရာမှာတော့ လေယာဉ်လက်မှတ်တွေတရားဝင်ရောင်းချခြင်းမရှိသေးသလို လေကြောင်းလိုင်းပြေးဆွဲမယ့် အချိန်ဇယားလည်း သေချာ မသိရှိရသေးဘူးလို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပက်သက်ပြီး သေချာ ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း– Myanmar National Airlines (MNA) ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ ခုလို ပြောပါတယ်။
“လေကြောင်းလိုင်း ဆွဲဖြစ်မယ် မဆွဲဖြစ်ဘူးဆိုတာ ပြန်ပြောပေးပါ့မယ် မနက်ပြန်ဆက်ခဲ့ပေးပါ။ ဘယ်ရက်မှာရှိနိုင်မယ် မရှိနိုင်ဘူးဆိုတာကို ခုက (schedule) လုပ်ငန်းစဉ်ဇယား သေချာလေးမဖြစ်သေးလို့ပါ”လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ (ဖေဖော်ဝါရီ ၂၀ရက် ) ည ၈ခွဲအချိန် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့သို့ ထွက်ခွာဖို့အတွက် ပြင်ဆင်နေချိန် ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက် ဖေဖော်ဝါရီ ၂၁ရက်နေ့ကစပြီး လေကြောင်းလှိုင်း အားလုံးကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့တုန်းက လေကြောင်း ပြန်လည် ဖွင့်လှစ်မယ့် အခြေအနေနဲ့ ပက်သက်ပြီး လေကြောင်းလိုင်းက ဝန်ထမ်းတွေကို မေးမြန်းကြည့်ရာ ၅လပိုင်းလောက်မှ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။
မတ်လ ၂၄ ရက်နေ့ စစ်တပ်ရဲ့ရုပ်သံကြေညာချက်အရ ပထမဦးစားပေးအနေနဲ့ မြစ်ကြီးနား၊ ပူတာအို၊ ခန္တီး၊ ကလေး၊ စစ်တွေ၊ ဟုမ္မလင်း၊ တာချီလိတ်၊ ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စတဲ့မြို့နယ်တွေမှာ မတ်လ ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမယ်လို့ကြေညာထားပါတယ်။
မြစ်ကြီးနား၊ ပူတာအိုလေဆိပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် တိုက်ခိုက်ခံရလို့ မြစ်ကြီးနားကနေ ထွက်ခွာမယ့် MNA လေယာဉ်တစ်စီး အမြီးပိုင်းမှာ ဗုံးထိမှန်ခဲ့ကြောင်းစစ်တပ်ကပြောဆိုလာပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး လေကြောင်းလိုင်းအားလုံးရပ်နားထားတာလည်းဖြစ်ပါတယ်။
By – Hope




