မြစ်ကြီးနားမှာ ဈေးသည် ၇ ဦးဖမ်းခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး တစ်ချို့ကိုတော့ ခံဝန်ကတိတွေထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖြစ်စဉ်သိတဲ့ မိုးမလင်းဈေးသည်တွေဆီကနေ သိရပါတယ်။

ဧပြီလ ၂၅ ရက် ဒီမနက် ၃ နာရီဝန်းကျင် ရမ်ပူ၊ရွှေညောင်ပင် ၊ လယ်ကုန်းရပ်ကွက်ထဲက မိုးမလင်းဈေးရောင်းဖို့ ထွက်လာကြတဲ့ ဈေးသည်တစ်ချို့ကို ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားဝာာဖြစ်တယ်လို့ ဈေးသည် အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။

ခံဝန်ကတိတဲ့ပြန်လွှတ်ပေးတဲ့သူတွေကို ညမထွက်ရအမိန့်နဲ့ညှိလို့ဆိုပြီးပြောတာတဲ့ ။ ခုသူတို့က အစိုးရသစ်တက်လာပြီဆိုတော့ မြို့လုံခြုံရေး ရက်တစ်ရာစီမံကိန်းအနေနဲ့ကင်းပုန်းချတာ၊ မြို့တွင်းကင်းလှည့်တဲ့ချိန်ဖမ်းခံရတဲ့ဟာတွေပြောတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီးဈေးသည်သားအမိနှစ်ဦးလည်းပါဝင်တယ်လို့ သိရပြီး ဒဏ်ငွေကျပ် ငါးသောင်းဆောင်ခိုင်းကာ ဧပြီလ ၂၆ ရက်နေ့ကစပြီး မိုးမလင်းဈေးသွားမယ်ဆိုပါက မနက် ၄ နာရီနောက်ပိုင်းမှသွားဖို့ ခံဝန်ကတိထိုးပြီးပြန်လွှတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

နောက်ထပ် ကျန်တဲ့ဈေးသည်အမျိုးသားတွေကိုလည်း ခံဝန်ကတိထိုးပြီး ပြန်လွတ်ပေးဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ်မှာ ညမထွက်ရအမိန့်ကိုထုတ်ပြန်ပြီး ၆ လတစ်ကြိမ်သက်တမ်းတိုး‌နေသလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၈ ရက်မှာ နောက်ဆုံးသက်တမ်းထိုးထားတာလည်း ဖြစ်ပါတယ်။

ညမထွက်ရ အမိန့်မှာ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာ လမ်းများ၊ လမ်းသွယ်များ၊ လမ်းကြားများ၊ ဥယျာဉ်များနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် လူငါးဦးနှင့်အထက် စုဝေးခြင်းမပြုလုပ်ကြရန်ပါရှိသလို လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများရှိနေသောကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားခြင်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြစ်ကြီးနားမှာတော့ ခိုးဆိုးလုယက်မှုပိုများလာနေတဲ့အပေါ် ပြည်သူတွေကြားဝေဖန်မှုရှိနေပါတယ်။

မြစ်ကြီးနားလောက် သူခိုး၊ဓါးပြပေါ်တဲ့မြို့မရှိဘူး။ ဒါမျိုးကျတော့ သူတို့ကမဖမ်းဘူး။ ပြည်သူတွေကို ဒုက္ခပေးဖို့ သက်သက်ပဲလို့ မြစ်ကြီးနားမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးပြောပါတယ်။

KNG ရဲ့ရရှိထားတဲ့အချက်အလက်အရ မြစ်ကြီးနားမှာ ၄ လအတွင်း ပိုင်ရှင်မဲ့အလောင်း ၇ လောင်းထိရှိလာသလို ခိုးဆိုးလယက်မှုလည်း အကြိမ် ၃၀ ထက်မနည်းရှိနေပါတယ်။

ခိုးဆိုးလုယက်မှူတစ်ချို့မှာ ပြစ်မှူကျူးလွန်သူတွေရဲ့ မျက်နှာ၊ ရုပ်သွင်ပြင်အားလုံး CCTV မှတ်တမ်းနဲ့တကွ ရရှိပြီး သက်ဆိုင်ရာရဲဌာနဆီတိုင်ကြားခဲ့ကြပေမယ့် တရားခံဖမ်းမိတာမျိုးမရှိခဲ့ဘူးလို့ မြစ်ကြီးနားမြို့မှာနေထိုင်သူတွေပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၃ ရက်စွဲဖြင့် ကချင်ပြည်နယ်ထဲက ရွှေကူ၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊အင်ဂျန်းယန်၊ဆော့လော်စတဲ့ မြို့နယ် ၅ ခုကို စစ်အုပ်ချုပ်ရေးကြေညာထားတာလည်း ဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button