တရုတ်အနေနဲ့ မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုဟာ နယ်စပ်လုံခြုံရေးကိုပိုဆိုးရွားလာနိုင်တယ်လို့ KNO ပြော
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဖို့ စီစဉ်ထားတာကိုပယ်ဖျက်ပေးဖို့ ကချင်အမျိုးသားအစည်းအရုံး (KNO) က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာပြည်သူလူထုရဲ့ သဘောတူညီမှုမရှိဘဲ တရားမဝင်ရွေးကောက်ပွဲအပြီး သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ကို အသိအမှတ်ပြုဖို့ ကြိုးပမ်းတာဟာ မြန်မာပြည်သူလူထုရဲဲ့ထောက်ခံမှုကို ရရှိမှာမဟုတ်သလို ပြည်သူလူထုဆန္ဒကို လျစ်လျူရှုခြင်းသာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် KNO အနေနဲ့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ရှိ အကျိုးစီးပွားများဖြစ်တဲ့ရင်းနှီးမြှုပ်နှံမှုများ၊ “Belt and Road Initiative (BRI)” နှင့် နယ်စပ်လုံခြုံရေးကိုနားလည်နိုင်ပေမယ့် တရားဝင်မှုမရှိတဲ့ မြန်မာစစ်တပ်အစိုးရကိုထောက်ခံခြင်းဟာ တရုတ်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို မကာကွယ်နိုင်ဘဲ မတည်ငြိမ်မှုများကို ပိုဖြစ်စေပြီး ယုံကြည်မှုကို လျော့နည်းစေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို ထောက်ခံခြင်းဟာ မြန်မာနိုင်ငံတစ်လွှားမှာ တရုတ်ဆန့်ကျင်မှုစိတ်ဓာတ်များကို ပိုတိုးစေသလို တရုတ်ရင်းနှီးမြှုပ်နှံမှုများလည်း ပိုအန္တရာယ်ရှိစေတဲ့အတွက် တရုတ်နိုင်ငံက ရှာဖွေနေတဲ့ တည်ငြိမ်မှု နှင့် ဝေးလံ စေမယ်လို့ ဆိုထားပါတယ်။
နောက်ထပ် တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်နှင့် နှစ်နိုင်ငံမဟာဗျူဟာဆိုင်ရာ ဆက်ဆံရေးတည်ဆောက်ဖို့ကြိုးပမ်းခြင်းဟာ နယ်စပ်လုံခြုံရေးကို မြှင့်တင်နိုင်မှာမဟုတ်သလို ဒီတွေ့ဆုံမှုဟာ နယ်စပ်တစ်လျှောက် မတည်ငြိမ်မှုများကို ပိုတိုးလာနိုင်တယ်ဆိုတဲ့အချက်လည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ကချင်ဒေသဟာ တရုတ်နိုင်ငံရဲ့အရှည်ဆုံး နယ်စပ်ဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက်သာမက နယ်စပ်ဘက်မှာ နေထိုင်တဲ့ ကချင်လူမျိုးများအတွက်လည်း အလွန်အရေးပါတဲ့အတွက် ဒီဒေသက မတည်ငြိမ်မှုဟာ နှစ်ဖက်စလုံးအတွက် ပြင်းထန်တဲ့အကျိုးဆက် ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါကြာင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရအနေနဲ့ မြန်မာစစ်တပ်အစိုးရနှင့် မင်းအောင်လှိုင် အုပ်ချုပ်မှုအပေါ် ထောက်ခံအားပေးမှုအားလုံးကို ချက်ချင်း ရပ်တန့်ရန် ကချင်အမျိုးသားအစည်းအရုံး KNO က ဒီကနေ့ရက်စွဲနဲ့ တောင်းဆိုထားတာပါ။
KNO ရဲ့ထုတ်ပြန်ချက်အနက် နောက်ထပ်တစ်ချက်ကတာ့မြန်မာစစ်တပ်ဟာ တရုတ်နိုင်ငံအတွက် လုံခြုံရေးကို အာမခံပေးနိုင်မှာမဟုတသလို ဒီလုပ်ရပ်ဟာလည်း ရေရှည်မှာ ဆန့်ကျင်ဘက်ရလဒ်နဲ့မတည်ငြိမ်မှုကို ပိုပြင်းထန်လာစေမှာဖြစ်ပြီး ပဋိပက္ခမှာပါဝင်ပတ်သက်သူတွေလည်း ရေရှည်အန္တရာယ်ဖြစ်လာနိုင်တဲ့အကြောင်းထည့်သွင်းထားပါတယ်။
By – Zami




