လေယာဉ်လက်မှတ်ဈေးနှုန်း စစ်ဆေးပေးဖို့ တောင်းဆိုနေ

မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် သက်ဆိုင်ရာ လေကြောင်းတာဝန်ရှိသူတွေဘက်က သေချာစစ်ဆေးပေးဖို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။

လက်ရှိမှာ မြစ်ကြီးနားမန္တလေး၊ မြစ်ကြီးနားရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ် ၁၃ သိန်းကနေ ၁၇ သိန်းလောက်ထိ ဈေးပေါက်နေပြီး တိတိကျကျ သတ်မှတ်ဈေးလည်း မရှိဘူးလို့ မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

လက်မှတ်ဈေးက ကိုယ်အလောတကြီးဝယ်ရင် ဝယ်သလိုပဲပေးနေရတာ။ ၁၃ သိန်းကနေ ၁၇ သိန်းကြားလောက်ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် ကျွန်တော့်လက်မှတ်ကတော့ ဘယ်လောက်လဲ မသေချာသေးဘူး၊ တိတိကျကျလည်း မပြောသေးဘူး။ လက်မှတ်ရဖို့တောင် မသေချာဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ရန်ကုန်ကနေ မြစ်ကြီးနားကို ပြန်လာတဲ့သူတစ်ဦးရဲ့ ပြောပြချက်အရ ရန်ကုန်မြစ်ကြီးနား လက်မှတ်တစ်စောင်ကို ၉ သိန်းကျော်ပေးဝယ်ခဲ့ရပြီး၊ ဧပြီလ ၂၄ ရက်နေ့မှာ ပြန်လာတဲ့တစ်ဦးကတော့ ၁၃ သိန်းပေးဝယ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီလို ဈေးနှုန်းတွေက တည်ငြိမ်မှုမရှိဘဲ တစ်နေ့ထက်တစ်နေ့ တက်နေသလို တစ်ဦးနဲ့တစ်ဦး ဝယ်ရတဲ့ဈေးနှုန်းလည်း မတူဘူးလို့ မြစ်ကြီးနားဒေသခံတွေက ပြောပါတယ်။

ဘယ်လိုရောင်းနေကြတာလဲ မသိဘူး။ တစ်ယောက်နဲ့တစ်ယောက်ဈေးလည်း မတူဘူး။ ဖြစ်နိုင်ရင် လက်မှတ်ဈေးနှုန်းတွေကို သေချာထိန်းညှိပေးဖို့ လိုနေပြီလို့ မကြာသေးခင်က ရန်ကုန်ကနေ ပြန်လာတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လေယာဉ်လက်မှတ်ဝယ်ဖို့တောင် အတော်ခက်ခဲနေပြီး လက်မှတ်တစ်စောင်ရဖို့ တစ်လခန့်စောင့်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းလိုင်းဝက်ဘ်ဆိုက်တွေမှာလည်း မေလကုန်အထိ လက်မှတ်တွေ အကုန်ရောင်းကုန်ပြီလို့ ဖော်ပြထားပြီး ဇွန်လအတွက်တော့ ခုံရောင်းချခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း တရားဝင်ဈေးနှုန်းအရ မြစ်ကြီးနားမန္တလေး လေယာဉ်လက်မှတ်က ကျပ် ၈ သိန်းဝန်းကျင်၊ မြစ်ကြီးနားရန်ကုန်က ကျပ် ၁၀ သိန်းကျော်သာ ဖြစ်သင့်ပေမယ့် မှောင်ခိုဈေးကွက်ကြောင့် အဆင်မပြေမှုတွေ ဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကျွန်မကတော့ ၆ လပိုင်းလောက် ဈေးကျမလားဆိုပြီး စောင့်မယ်။ အခုတော့ မတတ်နိုင်ဘူး၊ ဈေးက အရမ်းများတယ်။ လက်မှတ်ဖိုးနဲ့ဆိုရင် နိုင်ငံခြားကိုတောင် ၂ ခေါက် ၃ ခေါက်လောက် သွားလို့ရမယ်လို့ ဆိုပါတယ်။

ဒီလို လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် ပြည်သူတွေက မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။

လက်ရှိမှာ မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေကို MAI Air Thanlwin Mann Yadanarpon Air Mingalar စတဲ့ လေကြောင်းလိုင်းတွေက တစ်ရက်တစ်လှည့်စီ ပြေးဆွဲနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီခွဲခန့်က မြန်မာအမျိုးသားလေကြောင်း (MNA) ရဲ့ ATR-72-600 လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးသို့ ထွက်ခွာဖို့ ပြင်ဆင်နေချိန် ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး လေကြောင်းခရီးစဉ်အားလုံးကို ပိတ်ခဲ့ပါတယ်။

နောက်ပိုင်း တစ်လကျော်အကြာ ဧပြီ ၅ ရက်နေ့မှ လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲလာတာ ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button