မော်လူးမြို့ထဲ စစ်ကော်မရှင်တပ်များဝင်ရောက်

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ကိုစစ်ကြောင်းထိုးဝင်ရောက်နိုင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေ ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို ဒီကနေ့ မေလ ၅ ရက်နေ့မနက်ပိုင်းမှာဘဲ ဝင်ရောက်သွားနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကစလို့ အင်းတော်မြို့မြောက်ဘက် မိုင် ၅၀ အကွာမှာရှိတဲ့ မော်လူးမြို့ကို စစ်ကော်မရှင်တပ်က ဦးတည် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မေလ ၅ ရက် ဒီကနေ့မနက်ပိုင်းမှာဘဲ ပြန်လည်ဝင်ရောက်သွားနိုင်ခဲ့တာလို့ သိရပါတယ်။

သေချာပြီ ဝင်သွားတာ။ မနေ့တုန်းကတော့ဝင်သွားတာမဟုတ်ဘူး။ မနေ့တုန်းကမဝင်ဘူး။ ဆီခြံတစ်ခုက ကာစီနိုရုံလားမသိဘူး အဲ့မှာနေကြတာ။ ဒီနေ့မနက်ပိုင်းမှရောက်သွားတာဟုတ်တယ်။ မနက်အစောပိုင်းတော့မဟုတ်ဘူး ကြားထဲမှာတိုက်ပွဲတွေ ဖြစ်ကြ သေးတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က အင်းတော်မြို့ကို သိမ်းပိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ အင်းတော်မြို့ရဲ့မြို့နယ်ခွဲဖြစ်တဲ့ မော်လူးမြို့ကိုပါပြန်လည်သိမ်းပိုက်ဖို့ကြိုးစားလာခဲ့တာဖြစ် ပါတယ်။

မော်လူးမြို့ဟာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲမှာပါဝင်တဲ့ မြို့ငယ်တစ်မြို့ဖြစ်ပြီး အင်းတော်မြို့ မြောက်ဘက်ခြမ်း မိုင် ၅၀ အကွာ ရွှေဘိုမြစ်ကြီးနားလမ်းမကြီးနဘေးမှာတည်ရှိတာဖြစ်ပါတယ်။

ထီးချိုင့်၊ တကောင်းစတဲ့မြို့တွေကိုသိမ်းပိုက်ပြီးနောက် ကသာမြို့က ခမရ ၃၀၉ တပ်နဲ့စစ်ကြောင်းပူးပေါင်းကာ အင်းတော်မြို့ကို သိမ်းပိုက်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အင်အား ၅၀၀ နီးပါးရှိပြီး လက်နက်ခဲယမ်းအများအပြား၊ အသေခံဒရုန်းများစွာကို လည်းတိုက်ပွဲအတွင်းအသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါစစ်ကြောင်းကြောင့် အင်းတော်မြို့နယ်ကကျေးရွာတွေအပါအဝင် မော်လူးမြို့နယ်က ကျေးရွာတွေပါ ဘေးလွှတ်ရာတွေမှာတိမ်းရှောင်နေကြရပါတယ်။

အဓိကရှောင်နေရတဲ့ရွာတွေကတော့ အနောက်ခြမ်းက အင်းတော်ဗန်းမောက်လမ်းပိုင်းကရွာတွေရယ် အင်းတော်မော်လူး လမ်းပိုင်းကရွာတွေရယ် ပြီးရင် နဘားပတ်ချာလည်ကရွာတွေကအဓိကရှောင်နေကြရတယ်လို့အထက်ပါဒေသခံကဘဲဆက်ပြောပါတယ်။

လက်ရှိဘေးလွှတ်ရာတွေကို တိမ်းရှောင်နေကြရတဲ့ကျေးရွာတွေကတော့ နဘား၊ ကမ်းနီ၊ နားရခေါင်၊ ပင်ဝယ်၊ ဖားပန့်၊ မော်လူး၊ စီပိန်း၊ စီးမော်၊ ညောင်ပင်သာ၊ ဟဲနု၊ ကျန်တော၊ တုံးပုံ၊ ကူးဆိပ်၊ နားနောင်၊ ကျော်ရွာ၊ လယ်ပြင်၊ သီဘာ၊ နန်းကင်၊ နန်းခင့်၊ သက္ကယ်ကျင်း၊ အောင်းကုန်း၊ နန့်သာ၊ အင်ပင် အစရှိတဲ့ကျေးရွာတွေဖြစ်တယ်လို့သိရပါတယ်။

တစ်ဖက်မှာ လက်ရှိစစ်ရေးအခြေအနေကြောင့် ကာကွယ်ရေးတပ်တွေဘက်ကလည်း ဒေသခံတွေအနေနဲ့ ဘေးလွှတ်ရာတွေကို တိမ်းရှောင်ကြဖို့တိုက်တွန်းထားသလို အင်းတော် မြို့နယ်အတွင်းက စတားလင့်ခ်ဝိုင်ဖိုင်ဆိုင်တွေပိတ်သိမ်းဖို့ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း မနေ့က မေလ ၃ ရက်နေ့မှာ ဘဲ ထုတ်ပြန်ထားပါသေးတယ်။

မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံကာကွယ်ရေးတပ်များ၊ KIA တပ်ဖွဲ့များ၊ ABSDF ကျောင်းသားတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများပူးပေါင်းကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button