ပြည်သူ့လုံခြုံရေးနဲ့နည်းဗျူဟာကြောင့် နယ်မြေတစ်ချို့ဆုတ်ခွာခဲ့ရတယ်လို့ NUG ပြော
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လတ်တလော မြေပြင်တိုက်ပွဲအခြေအနေတွေမှာ ပြည်သူလုံခြုံရေးနဲ့ စစ်ရေးနည်းဗျူဟာအရ လိုအပ်လာတာတွေကြောင့် တချို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ယာယီဆုတ်ခွာမှုတွေလုပ်ခဲ့ရတယ်လို့ NUG ပြည်ထောင်စု ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်တာ ၅ နှစ်ပြည့်တဲ့ ဒီကနေ့ မေလ ၅ ရက်နေ့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အဖွဲ့က ထိပ်သီးခေါင်းဆောင်တွေက PDF တည်ထောင်ခြင်း၅နှစ်ပြည့်အဖြစ် မိန့်ခွန်းအနေနဲ့အသီးသီးထုတ်ပြောခဲ့ကြတာပါ။
NUG ပြည်ထောင်စု ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိနေတဲ့ ကြားကပဲ အကြမ်းဖက်စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့ အတွက် အလေးထား စဉ်းစားခဲ့ရတာတွေကြောင့် တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင် အမှန်တရားတွေ ရှိခဲ့ပါတယ်”
ဒီလိုဆုတ်ခွာမှုတွေဟာ ရန်သူကိုကြောက်လို့ မဟုတ်ဘဲ ပြည်သူလုံခြုံရေးကို အလေးထားပြီး ဆုံးဖြတ်ခဲ့တာဖြစ်သလို အနာဂတ်မှာ ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ အင်အားစုဆောင်းခြင်းလည်း ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမန်းဝင်ခိုင်သန်းက ပြောပါတယ်။
အဲ့ဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးဘက်က စိတ်ဓာတ်မလျော့သင့်ဘူးလို့လည်း သတိပေးထားပါတယ်။

တစ်ဖက်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း လက်ရှိမှာ သိမ်းပိုက်ထားတဲ့မြို့တချို့ကို ယာယီစွန့်ခွာရတာတွေ အပါအဝင် အခက်အခဲတွေရှိနေပေမဲ့ တော်လှန်ရေးအင်အားစုတွေဟာ ယုံကြည်ချက်နဲ့ စိတ်ခွန်အားကို အခြေခံပြီး အခြေအနေကို ကျော်လွှားနေကြပြီး တော်လှန်ရေးရဲ့ ပန်းတိုင်မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလကတော့ လက်ရှိအချိန်မှာ နိုင်ငံရေးနဲ့ စစ်ရေးဘက်မှာ စိန်ခေါ်မှုတွေ များပြားနေပြီး တချို့ဆုံးရှုံးမှုတွေ လည်း ကြုံတွေ့နေရတယ်လို့ ဝန်ခံပြောကြားထားပါတယ်။
“ကျနော်တို့အနေနဲ့ လက်ရှိအချိန်မှာ ကြုံတွေ့နေရတဲ နိုင်ငံရေး စိန်ခေါ်ချက်တွေ အမြောက်အများရှိနေသလို စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှုတစ်ချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့သ ဘောဟာ အနိမ့်အမြင့် အတက်အကျ တွေ ရှိတတ် သလို ရှေ့ နှစ်လှမ်းတိုး နောက်တစ်လှမ်းဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်းပြောကြားလိုပါတယ်။ ဒါ့အပြင် နိုင်ငံရေး မိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေအပေါ် စီးနင်းကျော်ဖြတ်ကြရတာတွေလည်း ရှိနေတတ် ပါတယ်”
ဒါပေမယ့် တော်လှန်ရေးဆိုတာဟာ အတက်အကျရှိတတ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ရှေ့တိုးနောက်ဆုတ် ဖြစ်စဉ်တွေ မလွဲမသွေ ကြုံရတတ်တယ်လို့ ဦးဒူဝါလရှီးလက ဆက်ပြောပါတယ်။
ဒါ့အပြင် လက်ရှိ မြေပြင်အခြေအနေမှန်တွေကို လျစ်လျူရှုလို့ မရသလို ရည်မှန်းထားတဲ့ ပန်းတိုင်ကိုလည်း မျက်ခြေမပြတ် လိုက်နာသွားရမယ်လို့ သူက ထပ်မံပြောကြားထားပါတယ်။
NUG တာဝန်ရှိသူတွေ အဆိုအရ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကြားမှာတောင် တော်လှန်ရေးကို ဆက်လက်ထိန်းသိမ်း သွားမယ်ဆိုတဲ့ သဘောထားကို ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားတဲ့ နိုင်ငံတဝှမ်း ကမြို့တွေကို ခပ်စိပ်စိပ်ပြန်လည်သိမ်းပိုက်လာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ကနေ ယခုမေလအစောပိုင်းအထိ စစ်ကိုင်းနဲ့ကချင်အစပ က ထီးချိုင့်၊ ကသာ၊ အင်းတော် နဲ့ မော်လူးမြို့တို့ကို ဆက်တိုက်ဆိုသလိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
By – အမိုး




