ရွှေလုပ်ကွက်မြေပြိုမှုကြောင့် လုပ်သား နှစ်ဦးသေဆုံး
ဆော့လော်မြို့နယ် လန်ဆယ်ရွှေမှော်က ကုမ္ပဏီလုပ်ကွက်ဆိုဒ်တစ်ခုမြေပြိုလို့ ဘက်ဖိုးတစ်စီးရေထဲမျောပါသွားပြီး လုပ်သား ၂ ဦးသေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မေလ ၂ ရက်နေ့ လန်ဆယ်ရွှေမှော်က ဆွတ်ကမ္ဘာ ကုမ္ပဏီလုပ်ကွက်မြေပြိုမှုမှာ ဘက်ဖိုးတစ်စီးနဲ့အတူ ကုမ္ပဏီလုပ်သား တစ်ဦးပါသွားပြီး ကျန်တစ်ဦးလည်းပျောက်ဆုံးနေဆဲဖြစ်တယ်လို့ လန်ဆယ်ရောက်နေသူတွေ ပြောပါတယ်။
“မိုးရွာတော့ မြေပြိုလို့ ဘက်ဖိုးလည်းပါသွားတယ်။ လူလည်းပါသွားတယ်။ ရှာလို့မတွေ့သေးဘူး တစ်ယောက်ကိုမှ မြေစာတင်ကား တစ်စီးလည်း ပါသွားတယ်”လို့လန်ဆယ်ရောက်နေသူတစ်ဦးက ပြောပါတယ်။
လန်ဆယ်မှာ မိုးဆက်တိုက်ရွာသွန်းနေပြီးချောင်းရေလည်းကြီးနေကာ ရွှေလုပ်ကွက်တွေမှာ မြေပြိုမှုဖြစ်နေတာဖြစ်ပါတယ်။
မေလ ၂ ရက်နေ့မြေပြိုမှုမှာ လူ ၂၀ ကျော်ပါသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် KNG က စုံစမ်းရရှိသလောက် ၀ကုမ္ပဏီလုပ်သားတစ်ဦးနဲ့နောက်ထပ်တစ်ဦးပျောက်ဆုံးမှုရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
အခုမြေပြိုတဲ့နေရာက ဆွတ်ကမ္ဘာကုမ္ပဏီဝန်းကျင် ပြည်သူတွေလည်း လာရောက်ရွှေတူးဖော်ကြတဲ့ နေရာမှာဖြစ်တယ်လို့ လန်ဆယ်ရှိ KIA အရာရှိတစ်ဦးက ပြောပါတယ်။
“လန်ဆယ်မှာက ကုမ္ပဏီတွေ မိုးတအားရွာရင်အလုပ်နားတယ်၊ မိုးတိတ်ရင် ပြန်လုပ်တယ်။ အခု မြေပြိုတဲ့ကုမ္ပဏီက ရွှေတော်တော်ထွက်တော့ ပြည်သူတွေလည်း တလောက တော်တော်လာခိုးတူးကြတာဟုတ်တယ်။ အခု မိုးတအားရွာတော့ မြေတွေပြိုလာတာဖြစ်တယ်”ဟု KIA အရာရှိတစ်ဦးက ပြောပါတယ်။
လန်ဆယ်က ဆွတ်ကမ္ဘာကုမ္ပဏီ အနီးတဝိုက်တွေမှာ လက်လုပ်လက်စားပြည်သူတွေလည်း လာရောက်ရွှေတူးဖော်တာတွေ လုပ်ဆောင်တာကြောင့် ကုမ္ပဏီဘက်က ပုံမှန်ဖမ်းဆီးပြီး အငြင်းပွားမှုတွေလည်း ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
လက်ရှိ လန်ဆယ်မှော်တွေမှာ မိုးကြီး ရေကြီးတာတွေကြောင့် လက်လုပ်လက်စားပြည်သူတချို့ လုပ်ငန်း ရပ်နားနေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဧပြီလကုန်ပိုင်းလောက်က မိုးရွာသွန်းမှုတွေရှိတာကြောင့် ပန်ဝါမြေရှားလုပ်ကွက်တွေမှာလည်း တောင်ပြိုမှုတွေရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းက ပန်ဝါ လုပြည် မြေရှားလုပ်ကွက်တစ်ခုမှာ တောင်ပြိုလို့ လုပ်သားတစ်ဦး သေဆုံးမှု ရှိခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ နွေရာသီမှာလည်း ရာသီဥတုဖောက်ပြန်မှု မကြာခဏဖြစ်ပွားနေပြီး မိုးအနည်းငယ်ရွာသွန်းရုံနဲ့ တောင်ပြိုတာတွေ၊ မြေပြိုတာတွေ မြစ်ရေမြှင့်တက်တာတွေ ဖြစ်ပွားနေတာကြောင့် မိုးရာသီမှာ ဒီထက်ဆိုးရွားလာမယ့်အခြေအနေကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
By – ဂျာဘောက်ရာ




