မြစ်ကြီးနားမှာ မီးလောင်မှုထပ်ဖြစ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီးလောင်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
မေလ ၁၉ ရက် ဒီမနက် ၇နာရီ ၄၅ မိနစ်ဝန်းကျင် အောင်နန်းရပ်ကွက်၊ ဗလီကျောင်းအနီးရှိ နှစ်ထပ်အိမ်တစ်အိမ်မီးလောင်ကျွမ်းခဲ့တာလို့ ရပ်ကွက်နေပြည်သူတွေပြောပါတယ်။
အဲဒီနောက် မနက် ၈ နာရီဝန်းကျင်မှာ မီးသတ်အဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရောက်လာပြီး ဘေးအိမ်တွေ မီးမကူးစက်အောင်မီးငြိမ်းသတ်နိုင်ခဲ့ပေမယ့် နှစ်ထပ်အိမ်ကတော့ မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အမျိုးသမီးတစ်ဦးက ခုလိုပြောပြပါတယ်။
“ပြာကျသွားတဲ့အထိ မဟုတ်ပေမယ့် အကုန်လုံးမည်းတူးပြီး ပြန်မရနိုင်တော့တဲ့အထိတော့ ဖြစ်သွားတယ်။ အပေါ်ထပ်ကတော့ အကုန်လုံးပြာကျသွားတာ ဟုတ်တယ်”လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုနဲ့အတူ အိမ်ထဲက ပစ္စည်းတွေလည်း အကုန်ပါသွားတယ်လို့ သိရှိရပါတယ်။
မီးလောင်ကျွမ်းရတဲ့အဓိကအကြောင်းရင်းက လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး စတင်လောင်ကျွမ်းတာလို့ပြောဆိုကြပေမယ့် တိတိကျကျသိရဖို့ ခက်ခဲနေပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှာလည်း မြို့သစ်ကြီးကွက်သစ် လမ်းသွယ် (၃ ) နယ်မြေ (၁၅)ရှိ နေအိမ်တစ်လုံး လျှပ်စစ်ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
အလားတူ ဧပြီလ ၈ ရက်နေ့့၊ ရွှေစက်ရပ်ကွက် ကရိန်နော်အပန်းဖြေစခန်းသွားရာ လမ်းမကြီးနဘေးက ဆီဘောက်ဇာကားတချို့အပါအဝင် စက်သုံးဆီသိုလှောင်တဲ့ဂိုဒေါင်နေရာ မီးလောင်မှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ထပ် မတ်လ ၃ ရက်နေ့မှာလည်း ခေမာသီရိ လမ်းသွယ် ၂၁ မှာရှိတဲ့ ပညာအလင်းတန်းဆိုတဲ့ ဘော်ဒါဆောင် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအောက် မီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁၈ဝဝ ခန့်ဖြစ်ပွားပြီး နှစ်စဉ်ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံးခဲ့ကာ မီးလောင်မှု ဖြစ်စဉ် အများစုကတော့ လျှပ်စစ်မီး၊ ပေါ့ဆမီးနဲ့ မီးဖိုမီးတွေ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
By – Hope




