ကောင်းတပ်ရွာ ယမ်းသိုလှောင်ရုံပေါက်ကွဲမှု သေဆုံးသူ ၇၀ ဝန်းကျင်ရှိလာ
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးသူ ၇၀ ဝန်းကျင်ရှိလာပြီး လက်ရှိ ဒဏ်ရာရသူတွေဟာ နမ့်ခမ်းဆေးရုံမှာ မဆံ့တော့တာကြောင့် မူဆယ်ဆေးရုံမှာလည်း ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ နမ့်ခမ်းမြို့ အရှေ့တောင်ဘက်ရှိ ကောင်းတပ်ကျေးရွာမှာရှိတဲ့ PSLF/TNLA ရဲ့ လုပ်ငန်းသုံး ယမ်းသိုလှောင်ရုံကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ပြည်သူရာကျော် ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညအထိ သေဆုံးသူ ၇၀ လောက်တော့ ရှိနိုင်ပြီ။ ဒဏ်ရာရသူတွေက နမ့်ခမ်းဆေးရုံမှာတောင် မဆံ့တော့လို့ မူဆယ်ဆေးရုံအထိ ရောက်သွားပြီ။ နေအိမ်တွေကတော့ ရစရာမရှိတော့တာတွေနဲ့ ထိခိုက်ပျက်စီးတာတွေ ရာကျော်ပဲ။ နမ့်ခမ်းမြို့ထဲ ၂ မိုင်လောက်အကွာအဝေးအထိ မြေတုန်ခါပြီး ယမ်းစထိမှန်တာ၊ နေအိမ်တွေ အက်ကွဲကုန်တာတွေ ရှိတယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါတယ်။
နမ့်ခမ်းမြို့ကနေ ၂ မိုင်ဝန်းကျင်အကွာအဝေးမှာရှိတဲ့ ကောင်းတပ်ကျေးရွာမှာ TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စတင်ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
အဲဒီပေါက်ကွဲမှုဖြစ်စဉ်မှာ ဒေသခံပြည်သူ ၇၀ ဝန်းကျင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ခန့် ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
လက်ရှိ ပေါက်ကွဲမှုကြောင့် ဒေသခံအိမ်ခြေ ၅၀ ကျော်မှာ လုံးဝ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီး ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်အမြောက်အများလည်း ထိခိုက်ပျက်စီးခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ တာဝန်ရှိသူတွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ပေးနေပြီး ဇွန်လ ၁ ရက်နေ့ ဒီနေ့မနက်အထိတော့ အရေးပေါ်လူနာ နည်းသွားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက KNG ကို ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့ မနက်ပိုင်း တအာင်းပြည်ကောင်စီ TLC ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ပြည်သူ ၅၅ ဦး သေဆုံးပြီး ၇၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ သက်ဆိုင်ရာ တာဝန်ရှိသူ PSLF/TNLA ခေါင်းဆောင်တွေအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်ရဲ့ အကြောင်းရင်းအမှန်ကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး ဒီဖြစ်စဉ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိဖို့၊ ပေါက်ကွဲမှုနဲ့ ပတ်သက်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့နဲ့ ထိခိုက်နစ်နာသူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ယမ်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး PSLF/TNLA ကတော့ ပေါက်ကွဲခဲ့တဲ့ ယမ်းတွေဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့အမျိုးအစားတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ PSLF/TNLA က ဆိုထားပါတယ်။
“ဒီလိုအန္တရာယ်ကြီးမယ့်အရာတွေက ကျေးရွာတွေထဲတောင် မဟုတ်၊ ကျေးရွာအနီးပတ်ဝန်းကျင်မှာတောင် မထားရဘူးဟုတ်တယ်။ ကျနော့အမြင်အရဆိုရင် လူနေတဲ့ ကျေးရွာတွေကနေ ၁ မိုင်လောက်အကွာအဝေးမှာ ထားမှာလား၊ ဒါမှမဟုတ် တကယ်လို့ ပေါက်ကွဲမှုဖြစ်ပွားလာရင်လည်း ဒီလိုထိခိုက်ပျက်စီးမှုကြီးမဖြစ်အောင် ၊ အနည်းဆုံးထိခိုက်နိုင်မှုအတွက် တွေးပြီး လုပ်ဆောင်သင့်တာ။ အခုတော့ စီးပွားရေးအရ၊ လိုအပ်ချက်တွေကြောင့် ကျေးရွာတွေထဲ ထားရှိတော့ အခုလိုဖြစ်လာရင် ရစရာလုံး၀မမရှိအောင် ဖြစ်သွားတာ။ ကျနော်တို့အားလုံး သင်ခန်းစာရသင့်တာလို့ မြင်တယ်။” ဟု နမ့်ခမ်းဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
လက်ရှိ ယမ်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကောင်းတပ်ကျေးရွာမှာ ကချင်နဲ့ တအာင်း(ပလောင်) လူမျိုးစုတွေအများဆုံး နေထိုင်ရာ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၃၀၀ ခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ယမ်းပေါက်ကွဲမှုထဲမှာ ကချင်အိမ်ခြေ သီးသန့် ၃၁ အိမ် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆက်လက်သိရပါတယ်။
ကချင် – ရှမ်းထိစပ်မြို့နယ် နမ့်ခမ်းမြို့နယ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်နေတာ ၂ နှစ်ခန့် ရှိနေပြီဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




