ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူးအရွေးမခံရတဲ့အတွက် ရွေးကောက်ခံရသူကို ဖမ်းဆီး

မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်မှာ ရပ်ကွက်နေ ဒေသခံပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးအား မကျေမနပ်ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာအတွက် ဦးစိန်ကျော်လှိုင်ဆိုသူနဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်ထွေးထွေးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်မှုမှာ အသက် ၅၈ နှစ်ရွယ်ရှိသူ ဦးစိန်ကျော်လှိုင်အနိုင်ရရှိခဲ့တဲ့အပေါ်  ပြည်သူ့စစ်အဖွဲ့က မကျေမနပ်ဖြစ်ပြီး  ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ ၅လပိုင်းမှာလုပ်ခဲ့တယ်။ အဲ့မှာ အစည်းအဝေးတွေလုပ်ပြီး မဲစနစ်နဲ့ ရွေးချယ်ကြတာပေါ့လေ အထက်ကိုလည်းတင်ပြရတယ် အဲ့မှာ ဦးစိန်ကျော်လှိုင်က အရွေးခံရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်အပ်ခံရကြောင်း စာရောက်လာပြီးတော့မှ မကျေမနပ်ဖြစ်တာပေါ့လေ။ ပြည်သူ့စစ်ခေါင်းဆောင်တင်မိုးက သူ့မိန်းမထွေးထွေး အရွေးချယ်မခံရတော့ လာဖမ်းသွားတာလို့ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဦးစိန်ကျော်လှိုင်အား ပြည်သူ့စစ်အဖွဲ့တွေက ဇွန်လ ၂၆ ရက်နေ့ည ၁ နာရီဝန်းကျင်လောက်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဦးစိန်ကျော်လှိုင်ဖမ်းဆီးခံရမှုမှာ ရွှေခုနှစ်ကျပ်သားနဲ့ လက်ဝတ်ရတနာတွေကိုလည်း အတင်းအဓမ္မလုယူသွားတယ်လို့လည်း သတင်းအရင်းအမြစ်တွေပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ ဦးစိန်ကျော်လှိုင်နဲ့ မိသားစုတွေ အဆက်အသွယ်မရရှိသေးသလို ဖမ်းဆီးထားတဲ့နေရာမသိရတဲ့အတွက်လည်း မိသားစုဝင်တွေက စိတ်ပူနေကြပြီး အမြန်လွတ်ပေးဖို့တောင်းဆိုနေကြပါတယ်။

ဦးစိန်ကျော်လှိုင်ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး မိုးကောင်းဒေသခံ အမျိုးသမီးတစ်ဦးက၂၆ ရက်နေ့ တစ်နာရီခွဲမှာ ပြည်သူ့စစ်ကားတွေ ဝန်းရံထားပြီးမှ အိမ်ကို ရိုက်ချိုးရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်။ အိမ်က သူ့မိန့်းမနဲ့ သူ့သမီးဝတ်ထားတဲ့ လက်ဝတ်ရတနာတွေကိုလည်း ယူသွားတယ်။ ပြီးရင် သေတ္တာထဲမှာ သိမ်းထားတဲ့ ရွှေတွေလည်း ယူသွားတယ်။ လယ်တွေ စပါးတွေ ကားတွေအရောင်းအဝယ်လုပ်တဲ့ ကားတွေလည်း သိမ်းသွားတယ်။ ဘယ်ကိုခေါ်သွားမှန်းလည်း မသိဘူး။ ဒီကနေ့ ၂၇ ရက်နေ့မှာတော့ ကျွန်းတောက လူကြီးတွေစုပြီး သွားကြမယ်လို့တော့ ကြားရတယ်

အုပ်ချုပ်ရေးမှူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်မိုးရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်ထွေးထွေးဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခဲ့ဖူးသူလည်းဖြစ်ပါတယ်။

KIA လက်အောက်က လွတ်မြှောက်လာပြီးနောက် ဒေသအတွင်း ပြည်သူ့စစ်အဖွဲ့အတွက် လုပ်ငန်းလုပ်ကိုင်ပေးသူတစ်ဦးလည်းဖြစ်တယ်လို့ မိုးကောင်းဒေသခံတွေပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button