ရေခဲတောင်ခြေက လယ်စပါးခင်းတွေရဲ့ နောက်ဆုံးနေ့ရက်များ
လယ်တစ်ကွက်နဲ့ မိသားစုတစ်စုရဲ့ ကံကြမ္မာ
“ကျွန်တော့်လယ်က ကျွန်တော့်အသက်ထက် နှစ်ဆလောက် အသက်ကြီးတယ်…”
အဲဒီစကားကို ပြောတဲ့အချိန်မှာ အသက် ၅၈ နှစ်အရွယ် ဦးဖုန်ရမ် (အမည်လွှဲ) ရဲ့ အသံက တုန်နေတယ်။ သူ့မျက်လုံးတွေကလည်း တစ်နေရာကို ငေးနေသလို၊ အတိတ်က သူ့ဘဝကို ပြန်မြင်နေရသလိုပါပဲ။
သူ့အတွက် အဲဒီလယ်ဟာ မြေတစ်ကွက် မဟုတ်ဘူး။ အဖိုး၊ အဖေ လက်ထက်ကတည်းက အမွေဆက်ခံလာတဲ့ မိသားစုရဲ့ အသက်မွေးဝမ်းကျောင်း၊ သားသမီးတွေကို ကျွေးမွေးခဲ့တဲ့ ထမင်းအိုး၊ သူ့ဘဝတစ်ခုလုံးရဲ့ အမှတ်တရတွေပါ။
ပူတာအိုမြို့ သုတ္ထန်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဖုန်ရမ်ဟာ ဇနီး၊ သားသုံးယောက်၊ သမီးတစ်ယောက်နဲ့အတူ အဲဒီလယ်နှစ်ဧကကို မှီခိုပြီး ဘဝကို တည်ဆောက်လာခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။
ပူတာအိုလို့ ပြောလိုက်တာနဲ့ လူတော်တော်များများ မျက်စိထဲ ပေါ်လာတာက ရေခဲတောင်တွေ၊ မြူနှင်းတွေနဲ့ စိမ်းစိုနေတဲ့ စပါးခင်းတွေပါ။ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ဒီဒေသဟာ သဘာဝအလှအပတွေနဲ့ ကျော်ကြားပြီး၊ အရင်ကပြည်တွင်းပြည်ပ ခရီးသွားတွေ အမြဲလာရောက်လည်ပတ်တဲ့ နေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ အဲဒီမြင်ကွင်းတွေဟာ တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။
တစ်ချိန်က စပါးလှိုင်းတွေ ဝေခဲ့တဲ့ လယ်ကွင်းတချို့မှာ အခုတော့ မြေစာပုံတွေ၊ ရွှေတူးစက်ကြီးတွေ၊ စွန့်ပစ်ထားတဲ့ လယ်ကွက်တွေနဲ့သာ တွေ့ရတော့တယ်။ လယ်သမားအများစုကလည်း ကိုယ့်လယ်ကို စွန့်ခွာပြီး တခြားအသက်မွေးဝမ်းကျောင်းကို ရှာဖွေနေရတဲ့ အခြေအနေကို ရောက်နေကြပါတယ်။
ဦးဖုန်ရမ်ကလည်း အဲဒီအပြောင်းအလဲကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတစ်ယောက်ပါ။
“ကျွန်တော့်လယ်က ကျွန်တော့်အသက်ထက် နှစ်ဆလောက် အသက်ကြီးတယ်။ ကျွန်တော့်အဖိုးခေတ်ကတည်းက ဒီလယ်ကို လုပ်ကိုင်လာတာ။ အခုတော့ မြေစာပုံ ဖြစ်သွားပြီ။ ကျွန်တော်လည်း ကြုံရာကျပန်းအလုပ်သမား ဖြစ်လာတော့မယ်။ တွေးကြည့်တိုင်း ရင်နာတယ်။“
ဗမာစကားကို မပီမသ ပြောနေတဲ့ သူ့အသံထဲမှာ မျှော်လင့်ချက်တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားတဲ့ လယ်သမားတစ်ယောက်ရဲ့ နာကျင်မှုကို အတိုင်းသား ခံစားရပါတယ်။ တကယ်တော့ ဦးဖုန်ရမ်ရဲ့ အဖြစ်ဟာ သူတစ်ယောက်တည်းရဲ့ ဇာတ်လမ်း မဟုတ်ပါဘူး။
ပူတာအိုဒေသမှာ နေထိုင်သူအများစုဟာ ဘိုးဘွားအစဉ်အဆက် လယ်ယာလုပ်ငန်းကို အားထားပြီး အသက်မွေးဝမ်းကျောင်း ပြုလာကြသူတွေပါ။ အဖိုးခေတ်၊ အဖေခေတ်ကတည်းက စိုက်ပျိုးလာတဲ့ လယ်တွေကို သားသမီးလက်ထဲ ဆက်လက်အပ်နှံဖို့ မျှော်လင့်ခဲ့ကြပေမယ့် အခုတော့ အဲဒီမျှော်လင့်ချက်တွေဟာ တဖြည်းဖြည်း မှေးမှိန်လာနေပါတယ်။

ဦးဖုန်ရမ်အတွက်တော့ ၂၀၂၄ ခုနှစ် မေလဟာ သူ့ဘဝကို အပြီးအပိုင် ပြောင်းလဲသွားစေတဲ့ အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။
နှစ်တိုင်း မေလနဲ့ ဇွန်လဆိုတာ သူ့အတွက် အပျော်ဆုံးရာသီပါ။ လယ်ထွန်မယ်၊ ကောက်စိုက်မယ်၊ လာမယ့်တစ်နှစ်စာ မိသားစုစားဝတ်နေရေးကို စတင်တည်ဆောက်မယ့် အချိန်ပါ။
ဒါပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ အဲဒီအရာအားလုံး ပြောင်းလဲသွားခဲ့တယ်လို့ ပြောပါတယ်။
လယ်တစ်ကွက်နဲ့ မိသားစုတစ်စုရဲ့ ကံကြမ္မာ
နှစ်တိုင်း မေလရောက်ရင် ဦးဖုန်ရမ်အတွက် အလုပ်အများဆုံးရာသီ စတင်ပါတယ်။ လယ်ထွန်ရမယ်၊ ကောက်စိုက်ဖို့ ပြင်ရမယ်၊ လာမယ့်တစ်နှစ်စာ မိသားစုစားဝတ်နေရေးကို စတင်တည်ဆောက်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၄ ခုနှစ် မေလမှာတော့ အရင်နှစ်တွေနဲ့ မတူတော့ပါဘူး။ စစ်ရေးအခြေအနေတွေကြောင့် ပူတာအို–မြစ်ကြီးနားလမ်းကို မတ်လကနေ မေလအထိ သုံးလနီးပါး ပိတ်ထားခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာနဲ့အမျှ ပူတာအိုဒေသတစ်ခုလုံးမှာ စက်သုံးဆီ ရှားပါးလာပါတယ်။

လက်ကျန်ဒီဇယ်ရှိတဲ့ ဆိုင်တချို့ကတော့ ဈေးကို အဆမတန် မြှင့်တင်ရောင်းချခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် ကျပ်သောင်းဂဏန်းနဲ့ ဝယ်လို့ရတဲ့ ဒီဇယ်တစ်ပုလင်း လက်ရှိသိန်းဂဏန်း၊ တစ်ပေပါကို သိန်းဆယ်ချီအထိ မြင့်တက်သွားခဲ့တာပါ။
ဒီဈေးနှုန်းက တောင်သူတွေအတွက် လယ်မထွန်နဲ့လို့ ပြောလိုက်သလိုပါပဲ။
အရင်နှစ်တွေတုန်းက ဦးဖုန်ရမ်ဟာ လယ်တစ်ဧက ထွန်ဖို့ စက်သုံးဆီဖိုး ကျပ်တစ်သိန်းခွဲလောက်သာ ကုန်ကျခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ လယ်တစ်ဧကတည်းကို ထွန်ဖို့ သိန်းသုံးဆယ်ဝန်းကျင်အထိ ကုန်ကျမယ့် အခြေအနေ ဖြစ်သွားပါတယ်။
သူ့လက်ထဲမှာတော့ စုဆောင်းထားတဲ့ ငွေက ကျပ်ငါးသိန်းပဲ ရှိပါတယ်။အဲဒီငွေနဲ့ လယ်ကို ဆက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာ ဦးဖုန်ရမ် ကောင်းကောင်း သိနေပါတယ်။
“အဲဒီနှစ်က ဒီဇယ်တစ်ပုလင်း တစ်သိန်းကျော် ဖြစ်သွားတော့ ဘယ်ကပိုက်ဆံနဲ့ လယ်ထွန်ရမလဲ။ ပိုက်ဆံချေးမယ်ဆိုတော့လည်း ဒီလောက်များတဲ့ငွေကို ကျွန်တော်လို လယ်သမားကို ဘယ်သူမှ မချေးကြဘူး“သူ့ရှေ့မှာ ရွေးချယ်စရာ နှစ်ခုပဲ ကျန်ပါတော့တယ်။
လယ်ကို မရောင်းဘဲ ဒီအတိုင်း ထားလိုက်ရင် မိသားစုဝမ်းရေး အခက်အခဲနဲ့ ရင်ဆိုင်ရမယ်။လယ်ကို ရောင်းလိုက်ရင်တော့ ဘိုးဘွားလက်ထက်ကတည်းက ထိန်းသိမ်းလာတဲ့ အမွေအနှစ်ကို လက်လွှတ်ရမယ်။
နောက်ဆုံးမှာတော့ သူဟာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ရပါတယ်။လယ်နှစ်ဧကလုံးကို ရောင်းလိုက်ပြီး သားအကြီးနဲ့ သားလတ်ကို မလေးရှားနိုင်ငံ အလုပ်သွားလုပ်ဖို့ စေလွှတ်လိုက်ပါတယ်။
“တကယ်တော့ မပို့ချင်ဘူး။ ကိုယ့်သားသမီးကို သူများနိုင်ငံ ပို့ရတာလည်း မလုပ်ချင်ဘူး။ လယ်ကိုလည်း မရောင်းချင်ဘူး။ ဒါပေမယ့် နောက်နှစ် မိသားစု ဘာနဲ့စားမလဲဆိုတာ တွေးပြီး မျက်စိမှိတ် ဆုံးဖြတ်လိုက်ရတာ။ အခုထိ တွေးတိုင်း စိတ်မကောင်းဘူး။“
ဒီစကားကို ပြောတဲ့အချိန်မှာ ဦးဖုန်ရမ်ရဲ့ အသံက တဖြည်းဖြည်း တုန်လာပါတယ်။ သူဆုံးရှုံးခဲ့တာ လယ်နှစ်ဧကတည်း မဟုတ်ပါဘူး။
ဘိုးဘွားလက်ထက်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ မိသားစုရဲ့ အမွေအနှစ်တစ်ခု၊ နေ့တိုင်း လယ်ထဲမှာ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်ခုနဲ့ သားသမီးတွေ အနားမှာ ရှိနေတဲ့ မိသားစုဘဝတစ်ခုကိုပါ တစ်ချိန်တည်း ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။
စပါးခင်းတွေ ဘာကြောင့် ပျောက်ကွယ်လာတာလဲ
ပူတာအိုမှာ လယ်ယာလုပ်ငန်း ကျဆင်းလာတာဟာ စက်သုံးဆီဈေး မြင့်တက်လာတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
တောင်သူတွေကို တဖြည်းဖြည်း လယ်ယာလုပ်ငန်းကနေ တွန်းထုတ်နေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ အကြီးမားဆုံးတစ်ခုကတော့ လူငယ်တွေ ကျေးရွာကို စွန့်ခွာသွားတာပါ။
အခုဆို ပူတာအိုဒေသက ကျေးရွာတော်တော်များများမှာ အရင်ကလို လယ်ထဲမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကို မြင်ရခဲလာပါတယ်။ လယ်ကွင်းထဲမှာ ကျန်နေတာက သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်နေပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင် ရှားပါးလာမှုနဲ့ စစ်မှုထမ်းဥပဒေအပေါ် စိုးရိမ်မှုတွေကြောင့် လူငယ်အများစုဟာ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူလို နိုင်ငံတွေကို ထွက်ခွာဖို့ ရွေးချယ်လာကြပါတယ်။
ဒါပေမယ့် ပြည်ပကို သွားဖို့ဆိုတာလည်း ငွေမရှိရင် မဖြစ်နိုင်ပါဘူး။
အဲဒီကုန်ကျစရိတ်ကို ရဖို့အတွက် တောင်သူမိသားစုတော်တော်များများက ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ လယ်ယာမြေတွေကို ရောင်းချနေကြရပါတယ်။
အဲဒီထဲမှာ ဦးဖုန်ရမ်ရဲ့ မိသားစုလည်း ဒီလိုပဲ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။
လယ်ကိုရောင်းပြီး သားတွေကို ပြည်ပပို့လိုက်တဲ့အခါ မိသားစုအတွက် ဝင်ငွေရနိုင်မယ့် မျှော်လင့်ချက်တစ်ခု ရလာပေမယ့် လယ်ယာလုပ်ငန်းကို ဆက်လုပ်မယ့် လူကတော့ မရှိတော့ပါဘူး။
လယ်ယာမြေတွေ ပျောက်ကွယ်လာစေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ရွှေတူးဖော်မှုပါ။
ပူတာအိုဒေသက ကျေးရွာတချို့မှာ လယ်မြေအောက်က ရွှေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း လုပ်ငန်းရှင်တွေဟာ လယ်ယာမြေတွေကို ဈေးမြင့်မြင့်နဲ့ လိုက်ဝယ်လာကြပါတယ်။
စားဝတ်နေရေး ခက်ခဲနေတဲ့ တောင်သူတစ်ယောက်အတွက် သိန်းရာနဲ့ချီတဲ့ ငွေပမာဏဟာ ငြင်းဖို့ခက်တဲ့ ကမ်းလှမ်းမှုတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် လယ်ရောင်းပြီးတဲ့နောက်မှာတော့ စပါးခင်းတွေ ပျောက်သွားတယ်။
အဲဒီနေရာမှာ ရွှေတူးစက်တွေ၊ မြေစာပုံတွေ၊ ရေကန်ကြီးတွေ အစားထိုး ပေါ်လာပြီး တစ်ချိန်က စိမ်းလန်းခဲ့တဲ့ လယ်ကွင်းတွေဟာ အခုတော့ စက်ယန္တရားသံတွေနဲ့ ပြည့်နေပါတယ်။
ဒေသခံတွေကတော့ ဒီလိုပြောင်းလဲမှုဟာ စိုက်ပျိုးမြေတွေတင် မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတယ်လို့ ပြောပါတယ်။
ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းလာတာ၊ မြေဆီလွှာပျက်စီးလာတာတွေကိုလည်း ပိုပြီး စိုးရိမ်လာကြပါတယ်။
လယ်ယာလုပ်ငန်း ကျဆင်းလာစေတဲ့ နောက်ထပ်အကြောင်းရင်းကတော့ “အလယ်ဂျီ” (Black Cardamom)လို့ခေါ်တဲ့ ဟင်းခတ်အမွှေးအကြိုင် စိုက်ပျိုးမှု တိုးလာတာပါ။
စပါးစိုက်တာထက် စရိတ်သက်သာတယ်၊ ဈေးကောင်းရတယ်ဆိုတဲ့ အကြောင်းကြောင့် တောင်သူတော်တော်များများက စပါးစိုက်တာကို လျှော့ပြီး အလယ်ဂျီကို ပြောင်းစိုက်လာကြပါတယ်။
တောင်သူတစ်ယောက်ချင်းစီအတွက် ဒါဟာ စီးပွားရေးအရ နားလည်နိုင်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပေမယ့် ပူတာအိုတစ်ဒေသလုံးအတွက်တော့ မတူပါဘူး။
စပါးခင်းတွေ တစ်ကွက်ပြီးတစ်ကွက် ပျောက်ကွယ်လာတာနဲ့အမျှ ဒေသရဲ့ စားနပ်ရိက္ခာဖူလုံမှုကလည်း တဖြည်းဖြည်း အားနည်းလာနေပါတယ်။
အဲဒီလိုနဲ့ ပူတာအိုရဲ့ စိမ်းလန်းတဲ့ စပါးခင်းတွေဟာ တစ်နှစ်ပြီးတစ်နှစ် မြေပုံပေါ်ကနေ တဖြည်းဖြည်း ပျောက်ကွယ်လာနေပါတယ်။
နောင်လာမယ့် မျိုးဆက်အတွက် ဘာတွေကျန်ခဲ့မလဲ
ပူတာအိုကို လူတွေ သတိရကြတာ ရေခဲတောင်တွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီဒေသကို အသက်ရှင်စေခဲ့တာကတော့ ရေခဲတောင်တွေ မဟုတ်ပါဘူး။ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းပြီး ထွန်ယက်လာခဲ့တဲ့ လယ်ယာမြေတွေ၊ စိမ်းလန်းနေတဲ့ စပါးခင်းတွေနဲ့ အဲဒီလယ်တွေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ တောင်သူတွေပဲ ဖြစ်ပါတယ်။
ဒီနေ့တော့ အဲဒီမြင်ကွင်းတွေဟာ တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။တချို့လယ်တွေက ရွှေတူးဖော်ရေး လုပ်ငန်းတွေထဲ ရောက်သွားတယ်။
တချို့လယ်တွေက ပိုင်ရှင်မရှိတော့ဘဲ ဒီအတိုင်း စွန့်ပစ်ခံထားရတယ်။ တချို့လယ်တွေကတော့ သားသမီးတွေ ပြည်ပကို ထွက်ခွာဖို့ လမ်းစရိတ် ဖြစ်သွားတယ်။
ဦးဖုန်ရမ်ရဲ့ လယ်နှစ်ဧကဟာလည်း အဲဒီထဲက တစ်ကွက် ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုကို အပြစ်တင်ဖို့တော့ မလွယ်ပါဘူး။
မိသားစု စားဝတ်နေရေး၊ သားသမီးတွေရဲ့ အနာဂတ်၊ စိုက်ပျိုးစရိတ် မြင့်တက်လာမှု၊ လုပ်အားရှားပါးလာမှု အဲဒီအခက်အခဲတွေကြားမှာ တောင်သူတွေဟာ ရွေးချယ်စရာ မရှိသလောက် ဖြစ်နေပါတယ်။
ဒါပေမယ့် အဲဒီလို ရွေးချယ်မှုတွေ တစ်နှစ်ပြီးတစ်နှစ် ဆက်ဖြစ်နေမယ်ဆိုရင် ပျောက်ကွယ်သွားမှာက လယ်တစ်ကွက်တည်း မဟုတ်ပါဘူး။
ပူတာအိုရဲ့ စားနပ်ရိက္ခာဖူလုံမှု၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း၊ မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ လယ်ယာယဉ်ကျေးမှုနဲ့ ဒေသရဲ့ ကိုယ်ပိုင်အမှတ်သညာတွေပါ တဖြည်းဖြည်း ပျောက်ဆုံးသွားနိုင်ပါတယ်။
ဒီပြောင်းလဲမှုကို တားဆီးနိုင်ဖို့ဆိုရင် တောင်သူတွေ လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ လိုပါတယ်။
စိုက်ပျိုးစရိတ် လျှော့ချပေးနိုင်တဲ့ အစီအစဉ်တွေ၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ သယံဇာတစီမံခန့်ခွဲမှုတွေကလည်း အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ဦးဖုန်ရမ်ဟာ သူ့ဘိုးဘွားလက်ထက်ကတည်းက ထွန်ယက်လာခဲ့တဲ့ လယ်ကို ပြန်ကြည့်ရင်း၊ ကြုံရာအလုပ်တွေ လုပ်ကိုင်ပြီး မိသားစုဘဝကို ဆက်လက်ရုန်းကန်နေပါတယ်။
“ကျွန်တော် ပြန်ပြီး လယ်လုပ်ချင်သေးတယ်“ သူ့ရဲ့ စကားဟာ တိုတိုလေးပေမယ့် အဲဒီစကားထဲမှာ လယ်သမားတစ်ယောက်ရဲ့ ဘဝတစ်ခုလုံး၊ မျိုးဆက်တစ်ဆက်လုံးရဲ့ မျှော်လင့်ချက်တွေကို ကြားနေရပါတယ်။
ရေခဲတောင်တွေကတော့ ပူတာအိုရဲ့ ကောင်းကင်အောက်မှာ ဆက်ရှိနေဦးမှာပါ။
ဒါပေမယ့် အဲဒီရေခဲတောင်တွေအောက်က စိမ်းလန်းတဲ့ စပါးခင်းတွေကို နောင်လာမယ့် မျိုးဆက်တွေ မြင်တွေ့ခွင့် ရှိဦးမလားဆိုတဲ့ မေးခွန်းကတော့ အဖြေမရှိသေးပါဘူး။
By – Zaw Zaw




