အိန္ဒိယ-မြန်မာနယ်စပ်မှာ တိုက်ပွဲဖြစ်ပြီး ကုန်သွယ်ရေးလမ်းနဲ့ ဈေးတွေပိတ်ထားရ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ်ခွဲရှိ အိန္ဒိယ–မြန်မာနယ်စပ်တစ်နေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းနဲ့ နယ်စပ်ဈေးတွေကို ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်က ပန်ဆောင်မြို့ အနောက်တောင်ဘက် ထဟော်ကျေးရွာအနောက်ဘက်၊ မြန်မာ–အိန္ဒိယနယ်စပ်မှတ်တိုင် ၁၇၂ အနီးမှာ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (21 Assam Rifles) နဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့ NSCN-K (ဗိုလ်ချုပ်ယုန်းအောင်) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပြီးနောက် အိန္ဒိယဘက်က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကို ပိတ်ထားတာကြောင့် ပန်ဆောင်ဒေသခံတွေ သွားလာရေးနဲ့ ကုန်စည်ရရှိရေး အခက်အခဲဖြစ်နေတယ်လို့ ပန်ဆောင်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“အင်္ဂါနေ့ (စက်တင်ဘာ ၂၉) ကစပိတ်လိုက်တာ ဒီနေ့အထိ ပြန်မဖွင့်သေးလို့ ပြည်သူတွေလည်း ဒုက္ခရောက်နေကြတယ်။ နယ်စပ်မှာ တိုက်ပွဲဖြစ်လို့ အိန္ဒိယဘက်က ပိတ်လိုက်တာ။ လမ်းက တရားဝင်သွားနေတဲ့ နာမ်ပေါင်လမ်းကော၊ နောက်ပြီး ခိုးဝင်လမ်းတွေကော အားလုံးပိတ်ထားတယ်” လို့ အသက် ၃၀ ကျော်အရွယ် ပန်ဆောင်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲက စက်တင်ဘာ ၂၉ ရက် တစ်ရက်တည်း ဖြစ်ပွားခဲ့ပေမယ့် နယ်စပ်တစ်လျှောက် နှစ်ဖက်တပ်တွေ လှုပ်ရှားသွားလာနေဆဲဖြစ်တာကြောင့် လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး NSCN-K (YA) ဘက်က တာဝန်ရှိသူတစ်ဦးကလည်း နယ်စပ်စည်းရိုးခတ်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KNG ကို ပြောပါတယ်။

“စည်းစပ်ခြံစည်းရိုးကာနေလို့ သွားပစ်တာဗျ။ လောလောဆယ် အိန္ဒိယဘက်ကတော့ ပန်ဆောင်နယ်စပ်ဈေးကိုလည်း ပိတ်ထားတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ အိန္ဒိယအစိုးရဘက်က ပိတ်ထားတဲ့ နာမ်ပေါင်မြို့နဲ့ ပန်ဆောင်မြို့ကို ဆက်သွယ်ပေးထားတဲ့ နှစ်နိုင်ငံကုန်သွယ်ရေးလမ်းဟာ နာဂဒေသရှိ နန်းယွန်း၊ ပန်ဆောင်နဲ့ ဒုံဟီးမြို့နယ်တွေမှာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်နဲ့ ဆေးဝါးတွေ ရရှိဖို့ အဓိကအားထားနေရတဲ့ လမ်းဖြစ်ပါတယ်။

PSA

“ဘယ်နေ့ပြန်ဖွင့်မလဲတော့ မသိဘူး၊ ပြောလည်း မပြောထားဘူး။ အခုတောင် ဒုက္ခရောက်နေကြပြီ။ ဆန်၊ ဆီ၊ ဆားကအစ ဆေးဝါးတွေကအစ နာမ်ပေါင်ဘက်ကိုပဲ သွားရတာ။ ဒီဘက်ဒေသက မြန်မာပြည်ဆို အလှမ်းဝေးတယ်၊ လမ်းလည်းမကောင်းဘူး။ နာမ်ပေါင်လမ်း ရေရှည်မပိတ်ပါစေနဲ့လို့ ဆုတောင်းရမှာ။ ပိတ်သွားရင် မလွယ်ဘူး” လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေချိန်မှာ ကုန်သွယ်ရေးလမ်းပိတ်ထားတဲ့အပြင် ပြီးခဲ့တဲ့လပိုင်းကမှ ဖွင့်လှစ်ထားတဲ့ အိန္ဒိယ–မြန်မာ ချစ်ကြည်ရေးနယ်စပ်ဈေးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ သိရပါတယ်။

“နယ်စပ်ဈေးလည်း ယာယီပိတ်ထားတယ်။ ဘယ်နေ့ပြန်ဖွင့်မလဲ မသိဘူး။ သုံး၊ လေးရက်ရှိပြီ ပိတ်ထားတာ။ မြန်မာဘက်ခြမ်းက ဈေးကော၊ ကုလား (အိန္ဒိယ) ဘက်ခြမ်းက ဈေးကော ပိတ်ထားတယ်” လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိပိတ်ထားတဲ့ နယ်စပ်ဈေးဟာ အိန္ဒိယ–မြန်မာ နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းကို ခွပြီး ဖွင့်လှစ်ထားတဲ့ ဈေးဖြစ်ပါတယ်။ ဈေးပိတ်ထားတာကြောင့် မြန်မာဘက်ခြမ်းက ဈေးသည်တွေ၊ ပြည်သူတွေနဲ့ အိန္ဒိယဘက်ခြမ်းက ဈေးသည်တွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဘက်က စစ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပန်ဆောင်မြို့နယ်ခွဲတစ်ဝိုက်နဲ့ နယ်စပ်တစ်လျှောက်မှာတော့ NSCN-K (YA) တပ်ဖွဲ့တွေ ပုံမှန်လှုပ်ရှားသွားလာနေပြီး ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့နဲ့ ငါးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button