Non-CDM ကျောင်းဆရာမတစ်ဦးကို စစ်သား ၅ ဦး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေပြော

စစ်ကိုင်းတိုင်း အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ Non CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ နေအိမ်မှာ အိပ်နေချိန် စစ်သား ၅ ဦး ရောက်လာခဲ့တာလို့ သိရပါတယ်။

အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူက ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ကျောင်းဆရာမကတော့ အိမ်ထဲမှာ ကျန်ရစ်ခဲ့ပြီးနောက် စစ်သားတွေက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အဲ့တာနဲ့ကျန်ခဲ့တဲ့ အမျိုးသမီးကို ကျောင်းဆရာမကို စစ်သားငါးယောက်က ဗလက္ကာရပြုကျင့်(အဓမ္မပြုကျင့်)ကြတာလို့ ဒေသခံက ပြောပါတယ်။

ဖြစ်စဉ်အတွင်း ကျောင်းဆရာမရဲ့ခင်ပွန်းဖြစ်သူက အင်းတော်မြို့မှာနေထိုင်တဲ့ စစ်ကြောင်းမှူးရဲ့ ဖခင်ဖြစ်သူ ဦးဝင်းအောင်ဆီကို သွားရောက်အကူအညီတောင်းခဲ့ပေမယ့်ကူညီပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိ အင်းတော်မြို့မှာတာဝန်ယူထားတဲ့ စစ်ကြောင်းမှူးဟာ အင်းတော်မြို့ခံတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

အမျိုးသားကလည်း သွားပြောတယ်။ အင်းတော်မြို့မှာရောက်နေတဲ့စစ်ကြောင်းမှူးကိုသွားပြောတယ်။ စစ်ကြောင်းမှူးအဖေက လည်း အဲ့အောင်မင်္ဂလာရပ်ကွက်ကပဲ ဦးဝင်အောင်တဲ့။ သူ့ကိုသွားပြောတော့ ညကြီးဆိုတော့ငါလည်း ဘာမှမတတ်နိုင်ဘူး မလုပ်ပေးနိုင်ဘူးဆိုပြီးတော့ငြင်းလိုက်တာတဲ့။လို့ သူက ဆက်ပြောပါတယ်။

PSA

အဲဒီနောက် ကျောင်းဆရာမဟာ နေအိမ်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး အိမ်နီးချင်းတွေဆီ အကူအညီတောင်းခဲ့ရတယ်လို့လည်း ဒေသခံက ပြောပါတယ်။

လက်ရှိမှာ အင်းတော်မြို့အနီးရှိ မော်လူး၊ နဘားလမ်းဆုံနဲ့ မဲဇာဒေသတွေကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားပြီး မန္တလေးမြစ်ကြီးနားလမ်းတစ်လျှောက် လုံခြုံရေးကို တင်းကျပ်ထားပါတယ်။

အဲဒီဒေသတွေဟာ အရင်ကတော့ KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ နေရာတွေဖြစ်သလို လက်ရှိအချိန်ထိလည်းနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်ရှိနေတာပါ။

ဒါပေမဲ့ လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက အခြေချတပ်စွဲထားပြီး စစ်ဆေးရေး ဂိတ်တွေနဲ့ လုံခြုံရေးကင်းလှည့်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်တဲ့ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမတစ်ဦး အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ သတင်းထွက်ပေါ်လာတာကြောင့် အရပ်သားတွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button